သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု မန္တလေးမှာ ကျင်းပ


၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေး
အာဇာနည်(၁၇)ဦး ၇၅ နှစ်မြောက် အခမ်းအနား ဖိတ်ကြားလွှာ
၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေး အာဇာနည်(၁၇)ဦး ၇၅ နှစ်မြောက် အခမ်းအနား ဖိတ်ကြားလွှာ
မြန်မာနိုင်ငံမှာ ကိုလိုနီ အုပ်ချုပ်ရေးကို အန်တုခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅ နှစ်ပြည့် စိန်ရတု အခမ်းအနားတရပ် မန္တလေးမြို့မှာ ဒီကနေ့ ကျင်းပပြုလုပ်ပြီး၊ အဲဒီတုန်းက ကျဆုံးခဲ့ရတဲ့ မန္တလေးအာဇာနည် ၁၇ ဦး အမှတ်တရ ကျောက်စာတိုင် စိုက်ထူပွဲ ပြုလုပ်ခဲ့ပါတယ်။ အရင် စစ်အစိုးရ လက်ထက် တလျှောက်လုံး သော့ခတ် ပိတ်ထားခဲ့တဲ့ အဇာနည် ၁၇ ဗိမာန်ကို အများပြည်သူ အမြဲဝင်ထွက်ကြည့်ရှုနိုင်အောင် မြို့ခံတွေအနေနဲ့ ကြိုးပမ်းသွားကြမယ်လို့လည်း သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦးက ရန်ကုန်ရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။

ရဟန်းသံဃာတွေနဲ့ ကျောင်းသားတွေ ပါဝင်တဲ့ မန္တလေး အာဇာနည် ၁၇ ဦးကျဆုံးခဲ့ရတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် အခမ်းအနားကို အာဇာနည်၁၇ ဦး ဂူဗိမာန်မှာ ဒီကနေ့ ကျင်းပတာဖြစ်ပြီး ဒါဟာဆိုရင် နှစ် ၃၀အတွင်း ပထမဆုံးအကြိမ်နဲ့ အကြီးကျယ်ဆုံးကျင်းပခဲ့ကြတာပါ။ မနက်ပိုင်း သံဃာအပါးရည် ၁၃၀၀ ကို ဆွမ်းလောင်းအသင်းတွေ စုပေါင်းပြီး ဆွမ်းကပ်လှုဒါန်းကြသလို၊ ၈နာရီခွဲမှာ အဇာနည် ၁၇ ဦးရဲ့ ဂူဗိမာန်ကို ချီတတ် စုဝေးဂါဝရပြုခဲ့ကြပါတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည်(၁၇)ဦး ၇၅ နှစ်မြောက် အထိမ်းအမှတ် Logo
၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည်(၁၇)ဦး ၇၅ နှစ်မြောက် အထိမ်းအမှတ် Logo

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကျင်းပခွင့်မရခဲ့တဲ့ မန္တလေးအဇာနည် ၁၇ ဦးကျဆုံးမှု ၁၃၀၀ ပြည့်အခမ်းအနားကို နှစ်ထောင်ကျော် တက်ရောက်လာပြီး ပန်းခွေ ပန်းစည်းတွေနဲ့ ဂါဝရပြုကြတာပါ။ ဒီသမိုင်းဆိုင်ရာ အချက်အလက်တွေကို မန္တလေးမြို့သူမြို့သားတွေကိုယ်တိုင် မေ့လျော့နေခဲ့တာ အတော်ကြာခဲ့ပြီလို့ အခမ်းအနား စီစဉ်သူတဦးဖြစ်တဲ့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

" တချို့ဆိုရင် ကျနော်တို့ မန္တလေးမြို့သူ၊ မြို့သားတွေ ကိုယ်တိုင်ပဲ အာဇာနည် ဗိမာန်ကြီး ရှိတာကို မသိတော့ဘူး။ တိမ်မြုတ်ပျောက်ကွယ်နေပြီ။ ဆိုတော့ အဲ့ဒီ့အထဲကနေ အဆိုးထဲက အကောင်းကတော့ ဘာပဲဖြစ်ဖြစ် ဒီပွဲလမ်းလုပ်ဖို့အတွက် ပြင်ဆင်ကြတဲ့အခါကျတော့ တော်တော်များများက သိတော့သိလာကြပြီလို့ ပြောလို့ရတယ်။ သို့သော်လည်းပဲ အားလုံးတော့ ပြည့်ပြည့်စုံစုံ မသိနိုင်ဘူးပေါ့ဗျာ။ စိတ်ဝင်စားမှုကတော့ အရင်ကထက် စာရင် အားကောင်းပါတယ်။"

၁၃၀၀ ပြည့်အရေးတော်ပုံဟာ ကိုလိုနီအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ အလွှာ အသီးသီးက မြန်မာလူထုတရပ်လုံးရဲ့ ပထမဆုံး လှုပ်ရှားမှု တခုဖြစ်ပါတယ်။ ကိုလိုနီအုပ်စိုးမှုကို လုံး၀ ဖယ်ရှားမပစ်နိုင်ပေမယ့်လို့၊ အမျိုးသား လွတ်လပ်ရေးအတွက် ကနဦး ခြေလှမ်းဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ယူဆထားတာပါ။

အဲဒီလှုပ်ရှားမှုအတွင်း ၃၀ကျော်ကျဆုံးခဲ့ပြီး၊ မန္တလေးမြို့မှာတော့ ရဟန်းသံဃာတွေအပါအဝင် ၁၇ ဦး ကျဆုံးခဲ့ရတာပါ။ ဒီကျဆုံးသူတွေကို အာဇာနည် ၁၇ ဦးလို့ ကဗျည်းတင်ပြီး၊ အဲဒီအချိန်မှာပဲ မန္တလေးလူထု နှစ်သိန်းကျော်တက်ရောက်ပြီး ခမ်းခမ်းနားနား ဈာပန လုပ်ခဲ့ပါတယ်။ အဲဒီမှာ အဇာနည် ၁၇ ဦး ဂူဗိမာန်ရယ်လိုဖြစ်လာတာပါ။ ဒါပေမယ့် ၈၈ ခုနှစ် စစ်တပ်က အာဏာယူခဲ့ပြီးနောက် အဲဒီနေရာကို အဝင်အထွက်ကအစ တင်းကျပ်ခဲ့တယ်လို့ ကိုမင်းထက်ငြိမ်းချမ်းက ရှင်းပြပါတယ်။

"စစ်အစိုးရလက်ထက်ကတည်းက ဒီနေရာဟာ လူသူလေးပါး မရောက်နိုင်တဲ့ နေရာဖြစ်သွားပြီ။ ဒီမှာ တပ်ဖွဲ့ဝင်တချို့တွေ တပ်စွဲတယ်။ ဒီနေရာဟာ လုံးဝကို ကွယ်ပျောက်သွားတယ်။ အခမ်းအနားတွေ မပြောနဲ့ အရင်ကတည်းက အာဇာနည် ၁၇ဦးရဲ့ ဆွေမျိုးသားချင်းတွေ ပုံမှန်ဆွမ်းကျွေးနေကျ တောင်မှ အဲ့ဒီ့အစီအစဉ်တွေ လုပ်ခွင့်မရနိုင်တော့ဘူး။

အဲ့ဒီ့အထဲမှာ နှမျောစရာအကောင်းဆုံးက ၁၃၀၀ပြည့်အရေးတော်ပုံရဲ့ ထင်ရှားတဲ့ ရဲဘော်ဘအေးရဲ့ အုတ်ဂူနဲ့ကျောက်စာတွေ ပျောက်ကွယ်သွားတာပါ။ အဲ့တော့ ကျနော်တို့လည်း ၇၅နှစ်မြောက်မှာ ကိုဘအေး အမှတ်တရ ကျောက်တိုင် ထူဖို့ လုပ်သော်လည်းပဲ၊ သက်ဆိုင်ရာ အာဏာပိုင်များက ဒီအပေါ်မှာ သဘောထားအနေနဲ့ သူတို့ မနှစ်သက်ဘူးဆိုတဲ့အတွက် လောလောဆယ်တော့ ကျနော်တို့ ဒီဟာကို စိုက်ထူလို့မရသေးပါဘူး။

အဲ့တော့ စစ်အစိုးရလက်ထက်က ပျက်စီးခဲ့တာတွေ ယိုယွင်းခဲ့တာတွေ အားလုံးကို တတ်နိုင်သမျ အချိန်မှီအခုတော့ ထိန်းသိမ်းနိုင်သလောက်တော့ ထိန်းသိမ်းခွင့်ရပြီ။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံ လက်ဆုပ်လက်ကိုင် တရားဝင်တော့ မရသေးပါဘူး။

ဒီ့အတွက်လည်းပဲ ကျနော်တို့ မြို့သူမြို့သားတွေ သမိုင်းတန်ဖိုး သိတဲ့သူတွေ၊ ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်တွေ အားလုံးစုပေါင်းပြီးတော့ အာဏာပိုင်တွေရော ဒီအာဇာနည်ဗိမာန်ကို ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အာဇာနည်ဗိမာန်ဟာ သော့ခတ်ထားဖို့ မဟုတ်ပဲနဲ့ နောင် မျိုးဆက်တွေရော၊ နိုင်ငံခြားသား ဧည့်သည်တွေရော နိုင်ငံတကာရော သိရှိပြီးတော့မှ အရေးတယူ လာရောက်ဂါရဝပြုနိုင်ရန် အတွက်တော့ ကျနော်တို့ ဆက်ကြိုးစားသွားမယ်လို့ အဲ့လိုပဲ ပြောချင်ပါတယ်။"

အခု အာဇာနည် ၁၇ ဦးကျဆုံးမှု ၇၅နှစ်ပြည့် အခမ်းအနားမှာ ထူးထူးခြားခြား လုပ်နိုင်တာကတော့ ကျဆုံးသူတွေအတွက် ဂုဏ်ပြုကျောက်စာတိုင် ထူနိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။

အခမ်းအနားကိုတော့ ရန်ကုန်နဲ့အခြားနယ်တွေက နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ သမဂ္ဂတွေ တက်ရောက်ကြပါတယ်။ ထင်ရှားသူတွေထဲ ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကတဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ သမိုင်းပညာရှင် ဒေါက်တာတိုးလှတို့ တက်ရောက်ပါတယ်။ အခုလို အခမ်းအနားအပြင် ဂုဏ်ပြုစာပေဟောပြောပွဲနဲ့ ဓမ္မသဘင်တွေကိုလည်း ပြီးခဲ့တဲ့ရက်တွေက ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG