သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနားအကြံပြုချက် ပါတီတွေ လက်မခံ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်၊ အိုဟေး ကင်တားနား။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ်၊ အိုဟေး ကင်တားနား။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်က လာရောက် စုံစမ်းစစ်ဆေးမှုတွေအပေါ် ပြည်တွင်း နိုင်ငံရေးပါတီတွေက သဘောမကျဘူးလို့ ပြောဆိုနေကြ ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက်နဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၂၄ ဖွဲ့တို့ မနေ့က တွေ့ဆုံချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရေးပါတီ ၂၄ ဖွဲ့ကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက် Mrs. မာရီကိန်း ဟေဂန် (Maricanne Hagien) နဲ့ ရန်ကုန် Egress ရုံးမှာ သောကြာနေ့က တွေ့ဆုံတဲ့အချိန် မကြာသေးခင်က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ရဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေး ပြောဆိုမှုတွေ အပေါ် ဘဝင်မကျတဲ့အကြောင်းကို အဖွဲ့အားလုံးက တညီတညွတ် တည်း ပြောဆိုခဲ့ကြတယ်လို့ NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ပြောပြပါတယ်။

“အဓိက-ကတော့ ဒီ ၂၄ ဖွဲ့ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်တဲ့ပါတီနဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေဆိုပြီးတော့ ခွဲခြားလို့ရတယ်ဗျ။ အဲဒီနေရာမှာ အမြင်တွေ နည်းနည်းကွာတာ ရှိတာပေါ့။ အားလုံးတူတဲ့အချက်ကတော့ ရခိုင်ကိစ္စမှာတော့ မစ္စတာကင်တားနားကို လက်ခံနိုင်ခြင်း မရှိပါဘူး ဆိုတဲ့ အချက်မှာတော့ အားလုံးတူနေပါတယ်။”

ဒါ့အပြင် မစ္စတာ ကင်တားနားကနေ ဒီရခိုင်ပြည်နယ်ပြဿနာအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့သင့်ကြောင်း အကြံပြုချက်ကိုလည်း သူ့အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း - အခု ပြဿနာမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို မြန်မာပြည်သူအားလုံးက လက်ခံနေတဲ့အတွက် ကော်မရှင် ဖွဲ့ဖို့ မလိုဘူးလို့လည်း - Mrs. မာရီကိန်း ဟေဂန် ကို ဦးခင်မောင်ဆွေ က သူ့သဘောထားနဲ့ ပတ်သက် ပြီး ပြောပြခဲ့တယ်လို့ အခုလို ဆက်ပြောပါတယ်။

“မစ္စတာကင်တားနား လာတဲ့ကိစ္စဟာ ကြိုတင် စည်းဝါးကိုက်ပြီး လာတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒီကိုလာတဲ့အခါမှာ သူလေ့လာ တွေ့ရှိချက်တွေကို ပြန်တင်ပြတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားများရဲ့ အယူအဆနဲ့ကွဲလွဲချက်တွေ ဖြစ်နေတယ်။ တကယ်လို့ သူပဲဖြစ်စေ၊ တခြား တယောက်ပဲဖြစ်စေ လာမယ် ဆိုလို့ရှိရင် ဦးဆုံး တိုင်းရင်းသားခေါင်းဆောင်တွေကို တွေ့ဖို့ ကောင်း တယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တွေ့ဖို့ ကောင်းတယ်။ အဲဒီလို တွေ့ပြီးမှ သာလျှင် ရခိုင်ပြည်နယ်ကိစ္စကို သွားပြီးတော့ စုံစမ်းလေ့လာဖို့ လိုပါတယ်လို့ ကျနော် ပြောပါတယ်။

“နောက်ပြီးတော့ မစ္စတာကင်တားနားက ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူဝင်မှု ကြိကြပ်ရေး ဥပဒေတွေကို ပြန်လည်စိစစ်ဖို့ လိုတယ်ဆိုတာရယ်၊ လူ့အခွင့်အရေးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ လိုအပ်ပါတယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ လက်မခံပါဘူးဆိုတာရယ် ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံပြည်သူတွေက အစိုးရ က လောလောဆယ် ကိုင်တွယ်နေတဲ့အပေါ်မှာ သဘောထား မတူဘူးဆိုတာ ဖြစ်လာခြင်း မရှိဘဲနဲ့ အခုလို စုံစမ်းရေး ကော်မရှင်ဖွဲ့ချင်တယ်ဆိုတာဟာ မသင့်လျော်ပါဘူးလို့ ကျနော်က ပြောပါ တယ်။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၆ ရက်ကြာခရီးစဉ်အဖြစ်နဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက လာရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ သူ့ခရီးစဉ်အဆုံးသတ်တဲ့နေ့ မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေးပေးနိုင်ရေးကို သူ က တောင်းဆိုခဲ့တာပါ။ ဒီလို စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆို တာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ သတိပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလို ရခိုင်ပြည်နယ် အရေးကိစ္စအပြင် - အခုလက်ရှိ မြန်မာ့နိုင်ငံအရေးအခြေအနေနဲ့ ပတ်သက်လို့ လည်း ကုလသမဂ္ဂကနေ အရင်တုန်းက မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့ ၃ ပွင့်ဆိုင် တွေ့ ဆုံ ဆွေးနွေးရေး ဖြစ်မြောက်အောင် ဆက်လက်တိုက်တွန်းခြင်း မရှိတာအပေါ်မှာ လည်း နိုင်ငံရေး ပါတီတွေက တင်ပြခဲ့ကြတယ်လို့ ဦးခင်မောင်ဆွေ က ပြောပြခဲ့ပါတယ်။

မနေ့ သောကြာနေ့က မစ္စစ် မာရီကိန်း ဟေဂန်နဲ့ တွေ့ဆုံ ခဲ့ကြတဲ့ မြန်မာ့နိုင်ငံရေးပါတီ ၂၄ ထဲမှာ - NDF အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တက်ပါတီ၊ ချင်း၊ ဇိုမီး၊ ကရင်၊ ဖလုံ-စဝေါ် ပါတီ စတဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေရော၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတွေ ပါဝင်ခဲ့ကြပါတယ်။ မစ္စတာ ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာ ၂ ပတ်သာ ရှိသေးတဲ့ မစ္စစ် မာရီကိန်း ဟေဂန် အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ပိုမို သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို နိုင်ငံရေးပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG