သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဝန်ထမ်းတချို့ ကုလထုတ်ပယ်


Israel Palestinians
Israel Palestinians

၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံအတွင်း ဟာမတ်စ်အဖွဲ့က အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေ စွပ်စွဲထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတချို့ကို အလုပ်ဖြုတ်ပစ်လိုက်ကြောင်း ကုလသမဂ္ဂက မနေ့ သောကြာနေ့မှာ ပြောပါတယ်။
အဲဒီ ဝန်ထမ်းတွေဟာ UNRWA လို့ခေါ်တဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီမှာ တာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ကာကွယ်တဲ့အနေနဲ့ အဲဒီ ဝန်ထမ်းတွေကို ချက်ခြင်း အလုပ်ဖြုတ်ပစ်လိုက်ပြီး အမှန်တရားကို သိရှိနိုင်ဖို့အတွက် ဒီကိစ္စကို စုံစမ်း စစ်ဆေးဖို့ ညွန်ကြားထားကြောင်း UNRWA ရဲ့ ကော်မရှင်နာမင်းကြီး Philippe Lazzarini က ပြောပါတယ်။ အကြမ်းဖက်လုပ်ငန်းမှာ ပါဝင်တဲ့ ဘယ် ကုလသမဂ္ဂ ဝန်ထမ်းမဆို ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတာအပါအဝင် အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ Philippe Lazzarini က ပြောပါတယ်။

ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂရုံးတွေကို ဟာမတ်စ် အကြမ်းဖက်အဖွဲ့က အသုံးချနေတယ်ဆိုတာကို UNRWA ထံမှာ အစ္စရေးက နှစ်အတန်ကြာကတည်းက အသိပေး တိုင်ကြားနေခဲ့တာပါ။ အောက်တိုဘာ ၇ ရက်နေ့မှာ ဟာမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံထဲဝင်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တုန်းကလည်း UNRWA ဝန်ထမ်းတွေက လူမှုကွန်ယက်ပေါ်မှာ အောင်ပွဲခံတာကို တွေ့ရတယ်လို့လည်း အစ္စရေးက ပြောပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ UNRWA ကုလသမဂ္ဂ အေဂျင်စီမှာ ပါလက်စတိုင်းဝန်ထမ်း ၁၃,၀၀၀ ရှိနေတာမှာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲကြောင့် ဝန်ထမ်း ၁၅၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG