သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းကြောင့် WFP ရုံးနဲ့ အဆောက်အဦးတချို့ ပျက်စီး


Aftermath of Cyclone Mocha in Myanmar
Aftermath of Cyclone Mocha in Myanmar

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှုတွေ တော်တော်လေးများနေတဲ့ထဲမှာ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ရုံးတွေ ဂိုဒေါင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ WFP တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်တွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေ ပျက်စီးခဲ့သလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မရောက်နိုင်သေးတဲ့ နေရာတွေကို အကူအညီပေးနိုင်ဖို့ ဆက် ကြိုးစားနေတယ်လို့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ WFP ဒုတိယ ညွန်ကြားရေးမှူး Anthea Webb က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ WFP ရုံးခန်းနဲ့ ဂိုဒေါင်တွေ တော်တော်လေး ထိခိုက်ပျက်စီးသွားတဲ့အတွက် အမြန်ဆုံး ပြန်လည်ပြင်ဆင်မှုတွေကို လုပ်နေပါတယ်။ မိုးသည်းထန်စွာရွာတဲ့အတွက် မြေပြိုမှုတွေလည်း ရှိနေပါတယ်။ မုန်းတိုင်းလမ်းကြောင်း တလျှောက်က လူပေါင်း ၈ သိန်းလောက် အရေးပေါ် အစားအသောက်ထောက်ပံ့မှုတွေ လိုအပ်မယ်လို့ ခန့်မှန်းတယ်လို့ ပြောကြားသွားတာပါ။ မုန်တိုင်းဒဏ်ခံထားရတဲ့ တခြားနေရာကိုလည်း သွားနိုင်ဖို့ WFP က ကြိုးစားနေတာမို့ နေရာထိုင်ခင်း၊ အစားအစာ၊ သောက်သုံးရေး၊ ကျန်းမာရေးနဲ့ တခြားလူသားချင်းစာနာစရာ အကူအညီတွေ တော်တော်များများ လိုလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း အာရှ ပိစိဖိတ်ဒေသဆိုင်ရာ WFP ဒုတိယ ညွန်ကြားရေးမှူး Anthea Webb ကပြောကြားပါတယ်။

မုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းထဲက သူတွေအတွက် WFP က အကူအညီတွေ ပေးဝေနေပြီး တခြားနေရာတွေက အပါအဝင် မုန်တိုင်းဒဏ်ခံထားသူ ၈ သိန်းအထိကို အကူအညီပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ WFP ဌာနေကိုယ်စားလှယ် Stephen Anderson ကလည်းပြောပါတယ်။ အကူအညီ လိုအပ်နေသူတိုင်းကို အကူအညီ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲက WFP ဝန်ထမ်းတွေဟာ ၂၄ နာရီပတ်လုံး မနားမနေ အလုပ်လုပ်နေကြပါတယ်လို့လည်း သူကပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ သောကြာနေ့တုန်းက မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲမှာလည်း မိုခါမုန်တိုင်းဒဏ် ခံရသူတွေကို အကူအညီပေးရေး ဆွေးနွေးခဲ့ကြပါတယ်။ အရေးပေါ်တုံ့ပြန်ရေးအတွက် ဗြိတိန်နိုင်ငံက ဒေါ်လာ ၂ သန်းခွဲလောက်နဲ့ ညီမျှတဲ့ စတာလင်ပေါင်း ၂ သန်းထောက်ပံ့မယ်လို့ ကြေညာထားပြီး တခြား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကူညီထောက်ပံ့ဖို့ တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG