သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွါတာနာမို အကျဉ်းစခန်းရှိ နောက်ဆုံး ဗြိတိန် အကျဉ်းသား လွတ်မြောက်


Shaker Aamer လွတ်မြောက်ရေးလှုပ်ရှားမှု။
Shaker Aamer လွတ်မြောက်ရေးလှုပ်ရှားမှု။

အမေရိကန်ရဲ့ ဂါွတာနာမို စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ဆော်ဒီနိုင်ငံသား Shaker Aamer ကို ပြန်လွှတ်ပေးလိုက်ပါပြီ။ ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ Aamer ဟာ ဗြိတိန်နိုင်ငံကို ဒီနေ့နှောင်းပိုင်းမှာ ရောက်ရှိလာဖို့ရှိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ဒီကနေ့သောကြာနေ့မှာပြောပါတယ်။

၂၀၀၂ခုနှစ်ကတည်းကကျူးဘားမှာရှိတဲ့ အမေရိကန်တို့ရဲ့ ဂွါတာနာမို စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားကတည်းက သူ့ကို ဘာအမှုနဲ့မှ တရားစွဲဆို တာမျိုး မရှိသလို ရုံးတင်စစ်ဆေးတာမျိုးလည်းမရှိခဲ့ပါဘူး။

We Stand with Shaker ကမ်ပိမ်း ပူးတွဲညွှန်ကြားသူတယောက်ဖြစ်တဲ့ Andy Worthington ကတော့ Armer ရဲ့ လက်ခံနိုင်စရာမရှိတဲ့ ကြောက်စရာ အဖြစ်ဆိုးကြီး အဆုံးသတ်သွားတဲ့ ကျေနပ်အားရမိတယ်လို့ ဒီကနေ့သောကြာနေ့ မှာ ပြောပါတယ်။

အိုစမာဘင်လာဒင်နဲ့တွေ့ခဲ့သလို တာလီဘန်တိုက်ခိုက်ရေး အဖွဲ့ငယ်တခုကို ဦးဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်အာဏာပိုင်တွေက Aamer ကို အာဖဂန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်က ထိန်းသိမ်းထားခဲ့ပါတယ်။ အာဖဂန်မှာ လူမှုရေး လုပ်ငန်းတွေကို မိသားစုနဲ့အတူ လုပ်နေခဲ့တာလို့ Aamer ကပြောပါတယ်။

သူ့ကို ဂွါတာနာမို အကျဉ်းစခန်းကနေ ၂၀၀၇ ခုနှစ်မှာ လွှတ်ပေးဖို့ဖြစ်ပေမယ့်လည်း ဆက်ပြီး ထိန်းသိမ်းခံထားခဲ့ရတာပါ။ ဂါွတာနာမိုမှာ နှိပ်စက်ခံခဲ့ရတယ်လို့လည်း Aamer ရဲ့ရှေ့နေကပြောပါတယ်။

Aamer ကို လွှတ်ပေးမယ်လို့ စက်တင်ဘာလမှာ အမေရိကန်တို့ဘက် က ကြေညာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ပါလီမန်အမတ်တွေ၊ ဗြိတိန်က ထင်ရှားကျော်ကြာသူတွေ၊Roger Waters၊ Peter Gariel နဲ့ Sting တို့လို့ ဂီတပညာရှင်တွေက Aamer ကို ဗြိတိန်နိုင်ငံဆီပြန်လွှဲပေးဖို့ သမ္မတ အိုဘားမားကို အကြိမ်ကြိမ်တိုက်တွန်းနေခဲ့တာလည်းဖြစ်ပါတယ်။

Aamer ရဲ့ဇနီးနဲ့ ကလေးလေးယောက်တို့က ဗြိတိန်နိုင်ငံမှာ ခုထိ နေထိုင်နေကြပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ သမ္မတ သက်တမ်း မကုန်ဆုံးခင် ဂွါတာနာမိုကို ပိတ်မယ်လို့ ခြောက်နှစ်ကြာအောင်ပြောခဲ့တဲ့ သူ့ရဲ့စကားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

XS
SM
MD
LG