သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS/SSA နဲ့ PNLO နယ်မြေ အငြင်းပွါးမှု ဆွေးနွေးဖြေရှင်းမည်


ရှမ်းပြည်နယ် မြေပုံ။
ရှမ်းပြည်နယ် မြေပုံ။

ရှမ်းပြည်နယ် မောက်မယ်ဒေသအရေးနဲ့ ပတ်သက်ပြီး ရှမ်းတပ်ဖွဲ့နဲ့ ပအိုဝ့် တပ်ဖွဲ့တို့အကြား တွေ့ဆုံ ဆွေးနွေးရာမှာ နယ်မြေအငြင်းပွားမှုကို စစ်ရေးနည်းအရ မဖြေရှင်းဖို့ နှစ်ဖက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်အကြား သံသယတွေကို ဖြေလျော့နိုင် ခဲ့ပြီး နောက်တကြိမ် ဆွေးနွေးပွဲ ကိုတော့ အောက်တိုဘာလလယ်မှာ ထပ်မံဆွေးနွေးကြဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO တို့အကြားမှာ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး ဒီလ ၃ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် ဒီအငြင်းပွားမှုကို နှစ်ဖက်တွေ့ဆုံဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။

ကြာသာပတေးနေ့ နေ့ခင်းပိုင်းမှာတော့ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ RCSS/SSA တောင်ပိုင်းဌာနချုပ် လွိုင်တန်းလျဲန်းမှာ တွေ့ဆုံခဲ့ကြပြီး အဓိက ရရှိတဲ့ သဘောတူညီချက်တွေကို RCSS/SSA တောင်ပိုင်းရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ အတွင်းရေးမှုး ဒုဗိုလ်မှုးကြီး စိုင်းငင်းက အခုလို ပြောပါတယ်။

"သဘောတူညီချက် နှစ်ခု ကျနော်တို့ ရရှိပါတယ်။ တစ် တချက်ကတော့ ဒီနယ်မြေ အငြင်းပွားမှုဆိုင်ရာ ပြ ဿ နာကို နှစ်ဦးနှစ်ဖက်ကနေပြီးတော့ ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းကြမယ်ဆိုတဲ့ သဘောတူညီချက် တစ်ခုရယ်၊ နောက်တခုကတော့ မကြာမှီကာလမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့နှစ်ဦးနှစ်ဖက် နောက်ထပ် အစည်းအဝေး တခု ထပ်လုပ်ပြီးတော့ တွေ့ဆုံ ဆွေးနွေးမယ် ဆိုတဲ့ သဘောတူညီချက်ပါ။ အဲ့ဒီ့နှစ်ခုကို ကျနော်တို့ သဘောတူညီမှု ရရှိပါတယ်။"

ဒီဆွေးနွေးပွဲကို ရှမ်းကိုယ်စားလှယ်အဖွဲ့ကို RCSS/SSA ရဲ့ ဒုဥက္ကဌ (၁) ဗိုလ်ချုပ်စိုင်းယီက ဦးဆောင်ပြီး ပအိုဝ်း ကိုယ်စားလှယ်အဖွဲ့ကိုတော့ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဦးဆောင်တက်ရောက်ပါတယ်။ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး နဲ့ ဝ” အမျိုးသားအဖွဲ့ချုပ် WNOက တွဲဖက်အတွင်းရေးမှုး(၁) ဗိုလ်မှုး တာ့ညီလူတို့ လည်း ဆွေးနွေးပွဲ ပါဝင် တက်ရောက်ပါတယ်။

PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဆွေးနွေးပွဲမှာတော့ သူတို့ရဲ့တောင်းဆိုမှုကလည်း နဂိုတောင်းဆိုချက် အတိုင်းပဲ ဒီနယ်မြေကနေ ထွက်ခွာပေးဖို့ပဲ။ ကျနော်တို့ကလည်း ကျနော်တို့ အခြေအနေ အရတော့ ကျနော်တို့ ဒီကနေ ထွက်ခွာဖို့၊ ဆုတ်ခွာဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း ဆွေးနွေးချက်ကတော့ အဲ့ဒီ့အပေါ်မှာပါပဲ။ မိသားစုစိတ်ဓာတ်နဲ့ အခြေခံဆွေးနွေးတဲ့အတွက် တော့ ကျနော်တို့ စစ်ရေးနည်းနဲ့ ထပ်မံမဖြေရှင်းပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးဖြေရှင်းသွားကြမယ်ဆိုတာကို ဒီလိုကတော့ နှုတ်အားဖြင့်တော့ ပြောဖြစ်ပါတယ်။ ဒါပေမဲ့လို့ သဘောတူညီချက်လို လက်မှတ်ရေးထိုးတာတို့ ဘာတို့တော့ မရှိပါဘူး။ နောက်ဆွေးနွေးမှု ကိုတော့ အောက်တိုဘာ လလယ်လောက် ရွှေ့ထားပါတယ်။"

ဆွေးနွေးပွဲမှာ နှစ်ဖက်အကြားရှိနေတဲ့ သံသယနဲ့ မယုံကြည်မှုတွေတော့ လျော့ ချနိုင်ခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

RCSS/SSA တောင်ပိုင်းက ဒုဗိုလ်မှုးကြီး စိုင်းငင်းကလည်း ဆွေးနွေးပွဲအပေါ် သဘောထားကို အခုလို ပြောပါတယ်။

" ဟုတ်ကဲ့။ ကျနော်တို့ နှစ်ဦးနှစ်ဘက်ကတော့ အကောင်းမြင်ပါတယ်။ အများကြီးတိုးတက်မှုရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပစ်အခတ်ကတော့ ဒီအောက်ခြေတပ်တွေ နောက်ထပ် ထိတွေ့မှုမဖြစ်အောင် လို့ဆိုပြီးတော့ နှစ်ဖက်စလုံးက ကြပ်ကြပ်မတ်မတ် ထိန်းပေးဖို့ဆိုတဲ့ သဘောတူညီချက် ကျနော်တို့ ရရှိပါတယ်။"


ဒီဆွေးနွေးပွဲကို ဒီလ ၁၁ရက်နေ့ နေ့ခင်း ၂နာရီလောက်စ စတင်ပြီး ညနေ ၄နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ စက်တင်ဘာလ ၃ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ ပအိုဝ်းအဖွဲ့က ရဲဘော် ၂ယောက်ကျဆုံးပြီး အရာရှိ၂ယောက် ထိခိုက် ဒဏ်ရာခဲ့ကြောင်း အရပ်သူ အမျိုးသမီး၂ယောက် သေဆုံးပြီး အရပ်သား၂ယောက် ဒဏ်ရာရခဲ့ကြောင်းလည်း PNLO ဆက်ဆံရေးရုံး တာဝန်ခံက ပြောဆိုထားပါတယ်။


လက်ရှိ အငြင်းပွားနေတဲ့ မောက်မယ်မြိ့နယ် ကဒူးကြီးဒေသကို အပစ်အခတ် ရပ်စဲပြီးနောက် PNLO အဖွဲ့အခြေချဖို့ အစိုးရက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ PNLO ဘက်ကတော့ ဒီဒေသဟာ ပအိုဝ်း အမျိုးသားတွေ တော်လှန်ရေး စတင်တဲ့ဒေသဖြစ်သလို အရင်က ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ရဲ့ လှုပ်ရှားနယ်မြေဖြစ်တယ်လို့ ပြောဆိုထားသလို ရှမ်းတပ်ဖွဲ့ဖက်ကတော့ ရလလဖခေါင်းဆောင် ခွန်ချစ်မောင် လက်နက်ချပြီးနောက် သူတို့က ဒီနယ်မြေကို လက်ရှိ စိုးမိုးထိန်းချုပ် ထားတာဖြစ်တယ် လို့ ပြောဆိုပါတယ်။ လောလောဆည်မှာတော့ ကတူးကြီးဒေသအတွင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားတာမရှိဘဲ ငြိမ်သက်နေပါတယ်။

XS
SM
MD
LG