သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံလွင် ရေကာတာစီမံကိန်း လက်မခံဖို့ ဒေါ်စုကို ရှမ်း ၂၆ ဖွဲ့ တိုက်တွန်း


သံလွင်ရေကာတာ စီမံကိန်းကို ကန့်ကွက်သူများ
သံလွင်ရေကာတာ စီမံကိန်းကို ကန့်ကွက်သူများ

သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်ဓါတ်ထုတ်မယ့် တရုတ်ကုမ္ပဏီတွေရဲ့ ရေကာတာ စီမံကိန်း အဆိုပြုချက်တွေကို လက်မခံဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ ဒါ့အပြင် ဒီလိုအဆိုပြုထားတဲ့ ရေကာတာ စီမံကိန်းတွေဟာ ဒေသခံပြည်သူတွေ အတွက် ဆိုးကျိုးကိုသာ ပိုဖြစ်စေနိုင်တာကြောင့်လည်း အခုလို တိုက်တွန်းရတာ ဖြစ်ကြောင်း ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်နယ်ကိုဖြတ်စီးနေတဲ့ သံလွင်မြစ်ပေါ် ရေကာတာစီမံကိန်းကြီးတွေ တည်ဆောက်ဖို့ အဆိုပြုထားတာကိုလက်မခံဖို့ရှမ်းလူ့အခွင့်ရေး အဖွဲ့ (၂၆) ဖွဲ့က သြဂုတ်လ(၁၇)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အိပ်ဖွင့်ပေးစာတစောင် ရေး သားခဲ့ကြတာပါ။

လောလောဆယ် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် (၁၄၀၀) ထွက်မယ့် ကွန်လုံရေကာတာ စီမံကိန်းနဲ့ မဂ္ဂါဝပ် (၁၂၀၀) ထွက်မယ့် ကွန်လုံ ရေ ကာတာစီမံကိန်း နှစ်ခု အဆိုပြုထားပြီး၊ အဲဒီစီမံကိန်းပြီးစီးခဲ့ရင် ထွက်လာမယ့် ရေအား လျှပ်စစ်တွေ ရဲ့ ၉၀%ကို တရုတ် နိုင်ငံကို တင်ပို့ရောင်းချ မှာဖြစ်ပါတယ်။ မဂ္ဂါဝပ် (၇၀၀၀)ထွက်မယ့် တာစန်းဆည်ခေါ် မိုင်းတုံရေကာတာ စီမံကိန်းကိုတော့ ရှမ်းပြည်အလယ်ပိုင်း မိုင်းတုံနဲ့ မိုင်းပန်မြို့နယ်ကြား ဆောက်ဖို့ အဆိုပြုထားတာပါ။ အဲဒီစီမံကိန်းကြီးတွေကို လက်မခံပဲ ရပ်ဆိုင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းလူ့အခွင့်အရေး အဖွဲ့တွေ က တောင်းဆိုရတာနဲ့ ပတ်သက်ပြီး အိပ်ဖွင့်စာရေးရာမှာ ပါဝင်တဲ့ Action for Shan State Rivers ရှမ်းပြည်နယ်မြစ်ချောင်းကာကွယ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ နန်းခမ်းမိုင်က ခုလိုရှင်းပြပါတယ်။

“ ဒီရေကာတာ ဆောက်မယ်လို့ ကြားကတည်းက စိတ်ပူနေတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အဲဒီရေကာဆောက်မယ့် ဧရိယာတွေဟာ ဒီမြစ်ကို မှီခိုတဲ့ရွာတွေလည်း အကုန်လုံးပါသွားမှာ၊ သံလွင်မြစ် တလျှောက်မှာနေတဲ့ ရွာတွေပေါ့လေ။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ရှိမယ်၊ ပြီးတော့မှ ပြည်သူတွေ ပိုင်ဆိုင်ထားတဲ့ ယဉ်ကျေးမှုတွေရော သူတို့ဥစ္စာပစ္စည်းတွေလည်း ဆုံးရှုံးမယ် ”

protest dam project in shan
protest dam project in shan

သြဂုတ်လ(၁၇)ရက်နေ့မှာ တရုတ်ပြည် ၅ရက်ကြာခရီးကို စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံချိန်မှာ ကချင်ပြည်နယ် မြစ်ဆုံဆည်စီမံကိန်းအပါအဝင် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရှိတယ်လို့ သုံးသပ်နေကြ တာပါ။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရုတ်ပြည်ခရီးမှာ အခြားဝန်ကြီးတွေနဲ့အတူ မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဖေဇင်ထွန်းလည်း လိုက်ပါ သွားပါတယ်။ မြစ်ဆုံစီမံကိန်းကို ရပ်နားပြီး၊ အခြားဒေသတွေမှာ ရေကာတာ တည်ဆောက်ခွင့်ကို NLD အစိုးရက ခွင့်ပေးနိုင် တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် တရုတ်ကုမ္ပဏီတွေက သံလွင်မြစ်ပေါ် ရေကာတာ စီမံကိန်းလုပ်လာမှာကို ရှမ်းဒေသခံတွေ စိုးရိမ်နေ ကြတာကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အတွင်း ရှမ်း လူ့အခွင့်အရေးအဖွဲ့တွေက အခုလို တိုက်တွန်း နေတာပါ။

ရှမ်းပြည်နယ်တွင်း သံလွင်မြစ်တလျှောက် ရေကာတာတွေတည်ဆောက်ဖို့ လုပ်လာ မယ်ဆိုရင် ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ စစ်ပွဲတွေ ထပ်ဖြစ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြောင်း နန်းခမ်းမိုင်က ပြော ပါတယ်။

“ ဒီရေကာတာ ဆောက်မယ့် နေရာတွေက တောထဲမှာ တိုင်းရင်းသား လက်နက် ကိုင်တွေနေတဲ့ နေရာဖြစ်နေတာပေါ့လေ။ အဲဒါဆိုရင် သူတို့ နေရာမရှိတော့ရင် စစ်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ် ”

ရှမ်းပြည်နယ်မှာ သဘာဝသယံဇာတထွက်ပေမယ့် ဒေသခံတွေ အကျိုးခံစားခွင့် မရကြဘူးလို့ဝေဖန်နေကြတာပါ။ ရှမ်းပြည်နယ်တွင်း ရေအား လျှပ်စစ်ထုတ်မယ့် ရေ ကာတာ စီမံကိန်းတွေဟာလည်း တကယ်တော့ ပြည်သူတွေအတွက် အကျိုးပြုမှာ မဟုတ်ဘူးလို့ နန်းခမ်းမိုင်က ထောက်ပြ ပါတယ်။

“ကျမတို့ ရှမ်းပြည်မှာဆိုရင် သဘာဝသယံဇာတတွေလည်း မျိုးစုံထွက်တယ်။ ဒါပေမယ့် ထွက်လာတဲ့ သယံဇာတတွေက ပြည်သူတွေ ခံစားခွင့် မရဘူး။ ပြီးတော့ ရေကာတာဆိုလဲ အများကြီးဆောက်နေတာပဲ ဒါပေမယ့် ဒီရွာဖက်မှာ နေတဲ့လူတွေရော တောဖက်မှာနေတဲ့လူတွေရော လျှပ်စစ်မီး သိပ်မရ ကြဘူး၊ အဲဒါဆိုရင် ရေကာတာ ထပ်ဆောက်မယ် နိုင်ငံခြားကိုရောင်းချမယ်ဆိုရင် ကျမတို့ လျှပ်စစ်မီးရမယ်လို့ မမျှော်လင့် နိုင်တော့ဘူး ”

သံလွင်မြစ်ဟာ တရုတ်နိုင်ငံတွင်းမှာ မြစ်ဖျားခံပြီး တောင်ဖက်ကိုစီးဆင်းရင်း မုတ္တမ ပင်လယ်ထဲ စီးဝင်သွားတာပါ။ ဒါကြောင့် မြစ်ဖျားမှာ ဆည် တည်ဆောက်ခဲ့ရင် ရှမ်းပြည်နယ် အပါဝင် မြစ်အောက်ပိုင်း ကယား၊ ကရင်၊ မွန်ပြည်နယ်တွေက ဒေသ ခံတွေရဲ့လူမှုဘဝကိုပါ ထိခိုက်လာနိုင် တယ်လို့ ရှမ်းလူ့အခွင့်ရေး အဖွဲ့တွေက ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG