သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် အစိုးရကို ဒေသခံ ရှမ်းအမျိုးသားတို့ အယုံအကြည် မရှိ


ကချင်လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်နဲ့ အဖွဲ့။
ကချင်လွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်နဲ့ အဖွဲ့။
KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် မပေးတဲ့ အတွက်ဆိုပြီး ကချင်ပြည်နယ်မှာ ရှိတဲ့ ရှမ်းလူထု အစည်းအဝေးပွဲတရပ်က ကချင်ပြည်နယ်အစိုးရကို ရှုံ့ချကြောင်း ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။ KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေး နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်မှာ ကျင်းပတဲ့ ရှမ်းလူထုအစည်းအဝေးမှာ အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလဆန်းပိုင်းက စပြီး KIA က ဖမ်းဆီးသွားတဲ့ ရှမ်းလူမျိုးတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် လူ၄သောင်းလောက်တက်ရောက်ပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဆန္ဒပြဖို့ မူလက စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အာဏာပိုင်တွေဆီက စီတန်းလှည့်လည်ဆန္ဒပြခွင့် ခွင့်ပြုချက်မရတာကြောင့် စုရပ်ဖြစ်တဲ့ ဝန်းသိုကျောင်းတိုက်မှာပဲ လူထုအစည်းအဝေးကျင်းပခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ပြောပါတယ်။

" ပြည်နယ်ရေးမှူးကနေပြီးတော့ မနေ့ညက ၇နာရီမှာ ဒီရက်ကို ခွင့်မပြုဘူးဆိုတာ အကြောင်းပြန်ကြားပါတယ်။ ကြိုတင်ပြီးမှ ကျနော်တို့က မသိရဘူး။ ကျနော်တို့ကတော့ ဆန္ဒပြဖို့က အဆင်သင့်ပဲ။ ဒါပေမဲ့ ဥပဒေအရ တားထားတယ်ဆိုတော့ ကျနော်တို့က ဥပဒေကို ကျော်လွန်ပြီးတော့ မလုပ်ဘူးပေါ့လေ။ ဒီလမ်းလျောက်ပြီးမှ ဆန္ဒပြခွင့် မရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးကျောင်းမှာပဲ စုခွင့်ရတဲ့အတွက် ဒီမှာ လူထုအစည်းအဝေး လုပ်တာပေါ့လေ။ ရှမ်းအားလုံးရဲ့ လူထုအစည်းအဝေး လုပ်လိုက်တာပေါ့လေ။ "

ဒီလူထုအစည်းအဝေးကနေ အချက် ၅ချက်ကို ဆုံးဖြတ် တောင်းဆိုခဲ့ကြကြောင်း ဦးစိုင်းစန်းဝေက ဆက်ပြောပါတယ်။

" ကေအိုင်အေကနေပြီးမှ ညှင်းပမ်းနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိခဲ့တဲ့အတွက် ဒီကချင်ပြည်နယ်အစိုးရအဖွဲ့အပေါ်မှာ ရှမ်းလူထုက အယုံအကြည်မရှိတဲ့အကြောင်းပေါ့လေ။ တခြားအချက် က ကေအိုင်အေ ကနေပြီးတော့မှ အဓမ္မ ဆက်ကြေးကောက်ခံ တာတွေ၊ တပ်သားစုဆောင်းတာတွေ၊ လုံးဝ ရပ်ဆိုင်းဖို့ နောက်တချက်က အရင့်အရင်တုန်းက ဖမ်းဆီးထားတဲ့ လူတွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုတာပေါ့။ နောက်တချက်က လက်နက်ကိုင်ပြီးတော့မှ ဥပဒေမဲ့အနိုင်ကျင့်တဲ့ အဖွဲ့ကို မလိုလားဘူးပေါ့။ "

နောက်ဆုံးအချက်ကတော့ အပစ်အခတ်ရပ်စဲအမြန်ရပ်စဲပြီး ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ လူထုတရပ်လုံးက တိုက်တွန်းကြောင်းဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ လူထုအစည်းအဝေးပွဲကိုတော့ လူထုပရိသတ် ၂သောင်းလောက်တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

KIO လုပ်ငန်းညှိနှိုင်းအဖွဲ့ Technical Team ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ ရှမ်းလူမျိုးတွေရဲ့ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

" ကျနော်တို့ကလည်း အောက်ခြေကို ပြန်စုံစမ်းရတာဗျ။ တခါတလေ ကျတော့လည်း အောက်ခြေရဲ့ သတင်းကလည်း အခြေပြတ်တယ်ခင်ဗျ။ ဆိုတော့ ပြန်စုံစမ်းကြည့်တော့ မှန်ကန်တယ်ဆိုရင် လွှတ်ပေးရိုး ထုံးစံရှိတာပဲ။ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာကျတော့ တခါတလေ စုစည်းတဲ့ အချိန်ကျတော့ အားလုံးကို လူမျိုးကြည့်ပြီး စုစည်းတာမဟုတ်ဘူးလေ။ တခါတည်း အားလုံးကို သိမ်းကြုံး စုစည်းခဲ့တာမျိုးလည်း ရှိခဲ့တာပဲ။ အားလုံးကို သိမ်းကြုံးခေါ်သွားတယ် ခေါ်သွားပြီးတော့မှ ရောက်တဲ့နေရာမှာ သူ့ရဲ့ ပြန်လည် စိစစ်ပြီးမှ ပြန်ခိုင်းတဲ့သူကို ပြန်ခိုင်းတယ်။ ဒါ အရင်ကတည်းက အခုအချိန်ထိ ဖြစ်နေတာပဲ။"

မန်စီမြို့နယ်အတွင်းက KIA ဖမ်းဆီးသွားသူတွေအနည်းဆုံး ၆၀ကျော်အနက်က ဒီလ ၁၈ရက်နေ့မှာ ရှမ်းလူမျိုး ၂၂ဦးကို ပြန်လည်လွှတ်ပေးကြောင်း သတင်းတွေဖြစ်ပေါ်နေပါတယ်။ ရှမ်းလူမျိုးအရေးကိုဆောင်ရွက်နေတဲ့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နဲ့ ရှမ်းနီအမျိုးသားတိုးတက်ရေးပါတီကတော့ အတည်ပြုချက် မပေးသေးပါဘူး။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ရှမ်း လူထုစည်းဝေးပွဲကျင်းပပြီးချိန်မှာ ဗြိတိန်သံအမတ်ကြီးနဲ့ အဖွဲ့လည်း လာရောက်ပြီး ရှမ်းလူထုအခြေအနေတွေကို စုံစမ်းမေးမြန်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗြိတိန်သံအမတ်ကြီးနဲ့ အဖွဲ့ဟာ KIO ရဲ့ လုပ်ငန်း ညှိနှိုင်းရေးအဖွဲ့ Technical Team က ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်သံအမတ်ကြီးရဲ့ ၃ရက်ကြာ ကချင်ပြည်နယ်ခရီးစဉ်မှာတော့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ ရှိနေတာဖြစ်ပါတယ်။ -
XS
SM
MD
LG