အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ ရှမ်းပြည်နယ်က ပြည်သူ့စစ် အဖွဲ့တွေဟာ အဓိက မူးယစ်ဆေး ထုတ်လုပ်သူတွေ ဖြစ်လာတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရင်က UWSA ဝတပ်ဖွဲ့နဲ့ ခွန်ဆာအဖွဲ့တို့လို တိုင်းရင်းသား လက်နက်ကိုင်တွေက ကြီးစိုးခဲ့ပေမဲ့ လက်ရှိမှာ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ဌာနေ ပြည်သူ့စစ်တွေက နေရာယူလာတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ပြည်သူ့စစ်တွေ မူးယစ်ဆေး ထုတ်လုပ်ဖို့ အခွင့်အလမ်း ပိုရလာတာဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ဆက်စပ်နေတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိန်ကြည်က ဆိုပါတယ်။
“အဲဒါ ၂၀၀၉ နှစ်လယ်ပိုင်းလောက်ကစပြီး အပစ်ရပ် အဖွဲ့တွေကို နယ်ခြားစောင့် အသွင်ပြောင်းဖို့၊ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးလာပြီး နောက်ပိုင်း သူတို့လက်အောက်ခံ ဌာနေ ပြည်သူ့စစ်တွေကို ပိုပြီး ဦးစားပေးလာတာပေါ့၊ မီးစိမ်းပြလာတာပေါ့။ ပါးစပ်ကတော့ ပြောတာပေါ့၊ ပိတ်ပင်တယ်၊ တားဆီးတယ်၊ ဖြိုခွင်းတယ်၊ စသဖြင့်ပေါ့။ ဥပဒေအရ အရေးယူမယ်၊ ဘာညာပြောပေမဲ့ အပြောနဲ့ အလုပ်က တခြားစီပဲလေ၊ အဲဒါကြောင့် ဒီ ဌာနေပြည်သူ့စစ်တွေ ပိုပြီးတော့ အခွင့်အရေး ရလာတာပေါ့။”
ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဟာ ရှမ်းပြည်နယ်ထဲ ကွင်းဆင်းလေ့လာပြီး ဒီအစီရင်ခံစာကို ပြုစုထားတယ်လို့ သိရပါတယ်။ ၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီထဲ ရှမ်းပြည်နယ်မှာရှိတဲ့ ၅၅ မြို့နယ်အနက် ၄၆ မြို့နယ်မှာ ဘိန်းစိုက်ဆဲဖြစ်ပြီး စိုက်ပျိုးဧက တိုးလာပေမဲ့ ရာသီဥတုကြောင့် ဘိန်းအထွက် နည်းတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
အပစ်ရပ် အဖွဲ့တွေလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတုန်းလို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။
“လုံး၀ ကင်းရှင်းသွားပြီလို့တော့ ပြောလို့မရပါဘူး။ တနည်းတဖုံ အနည်းအကျဉ်း၊ တချို့တလေ သွယ်ဝိုက်ဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ် ပတ်သက်နေတာတော့ ရှိတာပဲ။ အင်အား ဆယ်ဂဏန်းရှိတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တောင်မှ မကင်းဘူး။ နအဖတပ်တောင်မှ မကင်းဘူး။ ကိုယ့်တပ် ကိုယ်ထောက်ပံ့ဖို့၊ ဝင်ငွေရဖို့ အဲဒါက တနည်းတလမ်း ဖြစ်တယ်လေ။”
ပြည်သူ့စစ်တွေနဲ့ နီးစပ်တဲ့ လားဟူ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ခေါင်းဆောင် ဦးဂျာဖတ်က ပြည်သူ့စစ်တွေက အခွင့်ထူးခံတွေလို့ ဆိုပါတယ်။
“ဒီ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေက အားလုံးလိုပဲ သူတို့ကို နအဖက အခွင့်ထူး ပေးထားသလို ဖြစ်နေတယ်။ လားဟူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ နအဖကို အထောက်ကူပြုတဲ့ အဖွဲ့တွေကတော့၊ သံလွင် အရှေ့ဘက်ခြမ်းမှာ နယ်ခြားစောင့် အဖွဲ့အစည်းကို မဝင်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲဒီတော့ ဆန့်ကျင်ဘက် လက်နက်ကိုင်တွေလည်း ရှိနေတော့ သူ့ဘက်မှာ ပါတဲ့လူကိုတော့ အခွင့်အရေးတွေ အများကြီး ပေးတာပေါ့ဗျာ။”
ဒါပေမဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အရာရှိ တယောက်ကတော့ ပြည်သူ့စစ်တွေကို မူးယစ်ဆေး ထုတ်လုပ်ဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
“ခင်ဗျားတို့ တာချီလိတ်ဘက်မှာ စုံစမ်းကြည့်လည်း သိနိုင်ပါတယ်။ အဲဒီဘက်မှာ နော်ခမ်းတို့ ဘာတို့ ဆိုတာတွေက အရင်တုန်းက ပြည်သူ့စစ်တွေပါပဲ။ သူတို့နဲ့ ပေါင်းလုပ်တယ် ဆိုတာတော့ မဟုတ်ဘူး။ နှိပ်ကွပ်လွှတ်လိုက်လို့ လာအိုဘက်ပြေးတဲ့ ကိစ္စတွေ ဘာတွေလည်း ရှိတာပဲ။”
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဘိန်းစိုက်ဧက ၇၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု တိုးလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မှာ ဘိန်းဖြူကီလို ၁,၅၀၀ ကျော်နဲ့ စိတ်ကြွဆေးပြား ၂၃ သန်းကျော် ဖမ်းဆီးရမိတယ်လို့လည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။