သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲကျင်းပနိုင်ချေ ဒေသခံများစိုးရိမ်


၂၀၁၅ နိုဝင်ဘာတုန်းက ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင်တဦး မဲထည့်နေစဉ်
၂၀၁၅ နိုဝင်ဘာတုန်းက ရခိုင်ပြည်နယ်ရှိ မဲဆန္ဒရှင်တဦး မဲထည့်နေစဉ်

တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တချို့မှာ လာမယ့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားဆိုတဲ့အပေါ် ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက စိုးရိမ်နေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်းပြုစုဖို့ အခြေခံလူဦးရေစာရင်း ကောက်ယူတာတွေ တနိုင်ငံလုံးမှာလုပ်ပြီးသွားသလို၊ ရခိုင်ဒေသမှာလည်း ရွေးကောက်ပွဲတပြိုင်နက်တည်း ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာတာနဲ့အမျှ အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေကလည်း မြင့်တက်လို့နေပါတယ်။ ဒီလို စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် တချို့မြို့နယ်တွေမှာ မကျင်းပနိုင်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

နယ်မြေအနေအထားကြောင့် ရွေးကောက်ပွဲကျင်းပဖို့ ချန်လှပ်ခံရတဲ့နေရာတွေရှိနေရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လွှတ်တော်တွေမှာ တောင်းဆိုပေးမယ့် ကိုယ်စားလှယ်တွေကိုဆုံးရှုံးရမှာဖြစ်တာကြောင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးဖို့လိုတယ်လို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက အခုလိုပြောပါတယ်။

“ဒီရွေးကောက်ပွဲမလုပ်နိုင်ဘူးဆို ရွေးကောက်ပွဲမဲဆန္ဒနယ်တွေကို အဲဒီလိုချန်လှပ်ထားခဲ့မယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အကျိုးတွေကို ထိခိုက်မှုပိုပြီးရှိနိုင်တယ်။ အဲဒါကြောင့် ကျတော်တို့အနေနဲ့ ပြောချင်တာ ရွေးကောက်ပွဲဖြစ်လာအောင် ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ရှာကြံပြီး ဒီနိုင်ငံတော်အစိုးရအနေနဲ့ ပြင်ဆင်ဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

“အကုန်လုံး တပြည်လုံးမှာ ကျတော်တို့လုပ်နေတာကို အခုအကုန်လုံးရောက်လာပါပြီ။ ရောက်လာတဲ့အခါကျတော့ ကျတော်တို့ အဲဒါစာရင်းဇယားတွေ လုပ်နေပါတယ်။ ကျတော်တို့ကတော့ အားလုံးလုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်ခင်ဗျ ဟုတ်ကဲ့။”

၂၀၁၅ရွေးကောက်ပွဲတုန်းက အခုအာဏာရနေတဲ့ NLD ပါတီကို ရခိုင်ပြည်နယ်မှာ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ တိုက်ပွဲတွေမပြီးဆုံးသေးဘဲ ပြည်သူတွေကလည်း စစ်ရှောင်နေရတာကြောင့် ၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းက နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ် ၇ခုနဲ့ ကျေးရွာပေါင်း ၄၀၀ကျော် ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ နှစ်အဆက်ဆက် ရွေးကောက်ပွဲကျင်းပလာနိုင်တာကြောင့် လာမယ့် ၂၀၂၀မှာလည်း နေရာမလပ်ကျင်းပနိုင်ရေးအတွက် ANP ပါတီကတော့ မျှော်မှန်းထားပါတယ်။

“မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ရွေးကောက်ပွဲဖြစ်စဉ်မှာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပလို့ မရနိုင်ခဲ့တဲ့အခြေအနေ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အခုရခိုင်ပြည်နယ်မှာတော့ ကျတော်တို့ တစုံတရာ ဒီပြည်တွင်းစစ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပတဲ့နေရာမှာ အဲဒီလို မဲဆန္ဒနယ်မြေတွေ ချန်ထားခဲ့မယ့်အခြေအနေမျိုးကို မရောက်စေချင်ဘူး။”

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့က လာမယ့်ရွေးကောက်ပွဲအတွက် နိုင်ငံတွင်းစစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်မြောက်ပိုင်းဒေသတွေအတွက် နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်အပေါ် စိုးရိမ်မှုတွေ ရှိလို့နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီဖြစ်စဉ်တွေအပေါ် သေချာဆောင်ရွက်စေချင်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

“အဓိက ကတော့ဗျာ အခုကျတော်တို့ကြားနေတာတွေ လုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပလို့ရမယ်၊ မရဘူးဆိုတာမျိုးရယ်။ နောက်တခု ရွေးကောက်ပွဲတွေကို ရွှေ့မယ်၊ နောက် တိုးမယ် အဲဒါမျိုးကောလဟာလထွက်တာတွေလည်း ရှိတယ်။ ဆိုတော့ အဲဒါမျိုးကတော့ ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲ။ ဒါပေမယ့်လည်း အဲဒါက ကျတော်တို့ရွေးကောက်ပွဲ အကြိုကာလမှာ မတည်ငြိမ်မှု၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေးကြီးတဲ့အကြောင်းအရာတွေထဲက တခုပဲ။ ဆိုတော့ ကော်မရှင်အနေနဲ့ ကောလဟာလတွေ၊ ဒီဟာတွေကို ဒီအတိုင်းအရေးမကြီးဘူးလို့ ပစ်ထားမယ့်အစား ဒါတွေကို ကျတော်တို့ဖြေရှင်းစေချင်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းက အာဏာရလာတဲ့ NLD အစိုးရအနေနဲ့ အခုလာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီတွေနဲ့ ပြိုင်ဆိုင်မှုအနေအထားကတော့ ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝန်းကလည်း သုံးသပ်နေကြပါတယ်။

နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေဖြစ်နေချိန် ပြည်သူတွေရဲ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ဖို့ ဟာ နေရာတိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်မှဖြစ်တာကြောင့် အစိုးရတာဝန်ရှိသူတွေအနေနဲ့ဒီကိစ္စကို သေချာအောင် လုပ်ဆောင်သင့်ကြောင်း တိုင်းရင်းသားပါတီတွေက ပြောဆိုထားကြပါတယ်။

..................

{Unicode}

















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG