သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်အရေး ဆွေးနွေးပွဲ ပြီးဆုံး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲက ရှမ်းပြည်နယ်ကို ရှမ်းပြည်သူတွေပဲပိုင်ပြီး ရှမ်းပြည် လုံခြုံရေးကို ရှမ်းပြည်သူတွေပဲ ကာကွယ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့အတူ ရှမ်းပြည်ထူထောင်ရေးအခြေခံမူ (၁၂) ချက်ကို ပဏာမသဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

ရှမ်းထိပ်တန်းခေါင်းဆောင်တွေ အခုလို တွေ့ဆုံဆွေးနွေးကြတာဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပအခြေစိုက် ရှမ်းတိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ဆွေးနွေးပွဲကနေ ရှမ်းပြည်နယ် အနာဂတ်ကံကြမ္မာနဲ့ပတ်သက်လို့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီခဲ့တဲ့ အချက်တွေကို EBO မြန်မာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေက အခုလိုပြောပါတယ်။

“အုပ်ချုပ်ရေးအာဏာပေါ့၊ လူထုဆီကလာရမယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမယ်၊ ရှမ်းပြည်မှာရှိတဲ့လူမျိုးစုံက တန်းတူရမယ်။ minority ဖြစ်တဲ့ အဖွဲ့တွေကို အကာအကွယ်ပေးရမယ်ဆိုတာ ပါတယ်။ ရှမ်းပြည်အနေနဲ့က သူ့လူထုတို့ ဘာတို့က လုံခြုံရေးကိစ္စမှာ ကိုယ့်အိမ်ကို Defense လုပ်ဖို့၊ ကိုယ့်အိမ်ကိုကာကွယ်ဖို့ Rights ရှိရမယ်။ အခြေခံဥပဒေမှာ ရေးထားတဲ့အတိုင်းပေါ့။ မြေပေါ်မြေအောက်မှာရှိတဲ့ပစ္စည်းတွေ အကုန်လုံးက ရှမ်းပြည်ထဲမှာရှိတဲ့ပစ္စည်းတွေဟာ ရှမ်းပြည်လူမျိုးပိုင်တယ်ဆိုတဲ့သဘောတော့ ရေးထားတာ ရှိတယ်။”

ဒီဆွေးနွေးပွဲရဲ့ အဓိကအကြောင်းရင်းက ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကြား နားလည်မှု၊ ယုံကြည်မှုတွေခိုင်မာအောင် တည်ဆောက်ဖို့ ဖြစ်တယ်လို့လည်း ဦးဟန်ညောင်ဝေက ဆိုပါတယ်။

“အခု ငြိမ်းချမ်းရေးလုပ်မယ်ဆိုတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး တပြည်လုံးလုပ်ပြီးရင် နိုင်ငံရေးဆွေးနွေးမယ်ဆိုတော့ အရေးကြီးလာပါတယ်။ အဖွဲ့အစည်းတွေအကုန်လုံးက ဘယ်လို မြင်သလဲ၊ ဆက်ပြီးတော့မှ သူတို့ သဘောတူလား၊ မတူဘူးလားဆိုတာ- အဲဒီဟာလေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အခု ထွက်လာတဲ့ရလဒ်ကတော့ အကုန်လုံးသဘောတူတာက ဒီဟာက နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်ဆိုတာ ထွက်လာပါတယ်။”

ဘန်ကောက်မြို့မှာ ရှမ်းခေါင်းဆောင်တွေ စုံစုံညီညီ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်ကာလအတွင်း မြန်မာအစိုးရတပ်တွေက ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေတွေမှာ ထိုးစစ် ဆင်နေတာပါ။ ဒီအပေါ်မှာ ရှမ်းခေါင်းဆောင်တွေအနေနဲ့ အခြေအနေတွေကို စိုးရိမ်နေတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြောပါတယ်။

“အစိုးရဘက်ကကြေညာတာ ခြုံခိုပြီးတိုက်လို့ ပြန်တိုက်ရတယ်လို့ ပြောတယ်။ ကျနော်တို့သိသလောက် သတင်းအရကတော့ တိုင်းစစ်ဌာနချုပ်ရုံး နှစ်ခုကနေ စစ်ကြောင်းကြီးငါးကြောင်းနဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်းပေ့ါ- နှစ်ခုညှပ်ပြီးတိုက်နေတယ်ဆိုတော့ အော်ပရေးရှင်းတစ်ခုပဲဖြစ်တယ်ဗျ။ ဒီလိုပဲ ကျနော်တို့ သုံးသပ်တယ်လေ။ ဆိုတော့ - ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဒီဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေဖြစ်ကြတယ်။ ဒီအတွက်လည်း သမ္မတကြီးဆီကို ဒီမှာ တက်လာတဲ့အဖွဲ့အစည်း ငါးခုကနေပြီးတော့ သမ္မတကြီးအနေနဲ့ ဒါကို တားဆီးပေးဖို့ မေတ္တာရပ်ခံတဲ့စာ ပေးပို့ထားတာတွေ ရှိတယ်ဗျ။”

ဘန်ကောက်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲကို SNLD အပါဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ (SNDP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ စိန်ကျော့ဌာနေပြည်သူ့စစ်တို့ရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာပါ။ အခုလို ရှမ်းခေါင်းဆောင်တွေရဲ့အစည်းအဝေး ဘန်ကောက်မြို့မှာ ကျင်းပရတာဟာ လုံခြုံရေးအရ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ နှစ်ဘက်သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG