သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင်သူတွေ ကိုယ့်မြေယာမှာ ထွန်ယက်မှုကြောင့် ထောင်ချခံရ


ဖမ်းဆီးခံရတဲ့ တောင်သူတွေ
ဖမ်းဆီးခံရတဲ့ တောင်သူတွေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ေ နာင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်အုပ်စု၊ နမ့်လင်းခမ်ကျေးရွာ မှာရှိတဲ့ တောင်သူတွေမြေကိုအစိုးရ စိုက်ပျိုးရေးဦးစီးဌာနကနေ (ကော်ဖီစီမံကိန်း)လုပ်မယ်ဆိုပြီး ၂၀၀၃ ခုနှစ်လောက်ကနေ သိမ်းဆည်းခဲ့တာကြောင့် တောင်သူတွေက သူတို့ ပိုင်မြေယာတွေအပေါ်မှာ ပြန်ပြီး ထွန်ယက်စိုက်ပျိုးတဲ့အတွက် ဆိုပြီး စီမံကိန်းတာဝန်ခံကတရားလိုလုပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် တောင်သူ ၁၀ဦးကိုတရားစွဲခဲ့ရာမှာ ဧပြီလ ၂၄ရက်နေ့ မှာတော့နောင်ချိုတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၆လချခဲ့ပါတယ်။ မနက်ဖြန်မှာတော့ သီပေါထောင်ကို ပို့တော့မယ်လို့လည်း မိသားစုတွေကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ရှမ်းပြည်နယ်၊ နမ့်လင်းခမ်ကျေးရွာမှာရှိတဲ့ မူလတောင်သူပိုင်မြေတွေကို အစိုးရရဲ့ ကော်ဖိစီမံကိန်း အတွက်ဆိုပြီး ၂၀၀၃ခုနှစ်က သိမ်းဆည်း ခဲ့တာပါ ။ ဒေသခံ၆၀ ကျော်ကတော့ လုပ်စားစရာ မရှိလို့ဆိုကာပြန် လုပ်ကိုင် စားသောက်ဖို့ တောင်ယာခုတ်ခဲ့တာကြောင့် ကော်ဖီစီမံကိန်း တာဝန်ခံကနေ တရားလို လုပ် တရားစွဲဆိုတာခံခဲ့ရပါတယ်။

အရင်တုန်းကတော့ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအာမခံပေးထားပေမဲ့ ဧပြီလ ၁၀ရက်နေ့ မှာ စ ဖမ်းဆီးချုပ်နှောင်ထားပြီးတဲ့နောက် ဧပြီလ ၂၄ရက်နေမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးယုံအပါအဝင် ၁၀ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှု တွေအပါအဝင် ပုဒ်မ ၄ခုနဲ့ ထောင်ဒဏ် ၁၆လချမှတ်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ တောင်သူ ဒေါ်သန်းသန်းဦး ကပြောပါတယ်။

“၁၀ ရက်နေ့က ရုံးချိန်းမသွားဖြစ်ဘူးလို့ ခွင့်သွားတိုင်ခဲ့တာ ကျန်းမာရေးက ၂ယောက်က မကောင်းဘူး ဆိုပြီးတော့ ခွင့်စာသွားတင်တာပေါ့နော်၊ အဲဒါနဲ့ ခွင့်စာသွားတင်တော့ တရားခံ မစုံဘူးဆိုပြီးတော့ ဖမ်းထားလိုက်တာ အကုန်လုံးကို၊ အခုတရားခံတွေအကုန်လုံးသွားတဲ့အခါကျတော့ ပထမပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးယုံကို ဖမ်းသွားပြီးတဲ့အခါကျတော့ ၊ အချုပ်ခန်းထဲကထွက် ဒီကတရားခံ ၇ ဦးကသွား။ သွားတဲ့အခါကျတော့ ဘာမှတောင်မှ မပြောရသေးဘူး အဲဒါ ထောင် ၁၆ လ က ချနေကြဆိုပြီးတော့ မနက်ဖြန် ၈ နာရီကို သီပေါထောင်ကို ပို့တော့မှာတဲ့။”

တောင်သူတွေလုပ်ကိုင်စားသောက်နေတဲ့ မြေဧကပေါင်း ၃၆၄ ဧကကိုတဖြည်းဖြည်း သိမ်းယူခဲ့ပြီး နောက်မှာတော့ ကော်ဖီပင်ဧကအနည်းငယ် စိုက်ပျိုး ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တောင်သူတွေက လုပ်ကိုင်စားသောက်ဖို့ အတွက် အခက်အခဲဖြစ်တာကြောင့် ကော်ဖီမစိုက်ထားတဲ့မြေဧကတွေကို ခုတ်ထွင်ရှင်းလင်းပြီး ပဲပြောင်းစတဲ့ အသီးအနှံတွေစိုက်ပျိုးဖို့ လုပ်ခဲ့ရာမှာ တရားစွဲဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

“တောင်သူတွေ စိုက်ပျိုးမယ့်မြေတွေကို သူတို့က နောက်ထပ် လာသိမ်းသွားတာ။ တောင်သူတွေလည်း ရိုးအ တယ်နောက် ကြောက်တော့ ၊ တောင်သူတွေက အဲဒီမြေမှာ လုပ်စားနေတာလေ၊ ဟိုနားနည်းနည်း ဒီနားနည်းနည်းနဲ့ လာသိမ်းတာ။ အဲလိုသိမ်းပြီး ကော်ဖီတွေလာစိုက်တယ် ၊ တောင်သူတွေကလည်း လုပ်စားစရာမရှိဘူးဆိုတော့ ကိုယ့်မြေကိုယ့်ရွာမှာပဲ လုပ်နေတဲ့အခါကျတော့ သူတို့မြေတွေကို ကျူးကျော်ပါတယ်၊ အပင်တွေခုတ်ပါတယ် ဆိုပြီးတော့ ပြောတာ ။ ကျမတို့က ဘာမှ မရှိတဲ့ အပင်တောတွေကို နုတ်တာပဲရှိတယ်။ အဲဒါသူတို့က သူတို့အပင်တွေကို ခုတ်ပါတယ်ဆိုပြီးမှ ဓါးနဲ့ ခုတ်မယ်ဆိုပြီး ကြိမ်းဝါးမှှုတွေရော အဲလိုဆွဲတင်ထားတာ။”

ထွန်ယက်စိုက်ပျိုးဖို့ လုပ်ခဲ့ကြတဲ့ တောင်သူ၆၀ကျော် ထဲက တောင်သူ ၁၀ ဦး ကို တော့၂၀၁၄ခုနှစ်မှာ ကော်ဖီ စီမံကိန်းတာဝန်ခံဦးဝင်းစိုးမှ တရား စွဲဆိုခဲ့တာပါ။ တောင်သူတွေကတော့ ဘိုးဘွားပိုင်မြေယာတွေမှာစိုက်ပျိုးခွင့်မရရင် သူတို့မိသားစုတွေရပ်တည်ရေးအတွက်အခက်အခဲရှိနေတယ်လို့ပြောပါတယ်။

“ကျမတို့ တောင်သူတွေက ဒီမြေမှ မလုပ်စားရရင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ၊ ဘာသာသာသနာရေး၊ လူမှုရေး စီးပွားရေး တွေမှာ အခက်အခဲတွေက ဖြစ်မှာပဲ လေ မလုပ်စားရရင်။ ဒီမြေမှ မလုပ်စားရရင် ကျမတို့ တောင်သူတွေကတကယ့်ကို အခက်အခဲဖြစ်မှာ။”

တရားလိုလုပ်တရားစွဲဆိုသူကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံမှာတော့ ဒေသခံတွေဆီက မြေယာတွေ သိမ်းယူပြီး လုပ်ဆောင်နေတဲ့ စီမံကိန်းတွေ စက်ရုံတွေအများအပြားရှိနေတာပါ။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ကတည်းက ဆန္ဒပြမူတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။

ဒီအတွက် သိမ်းဆည်းခံထားရတဲ့ မြေယာတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စစ်ဆေးပြီးတချို့ မြေယာတွေကို တောင်သူတွေထံ ကိုပြန်လည်ပေးအပ်ခဲ့ရတာတွေလည်း ရှိပေမယ့် အနည်းငယ်လောက်ပဲတောင်သူတွေပြန်ရကြတာပါ။ မြန်မာပြည် အနှံ့အပြားမှာတော့ ဒေသခံတွေထံကနေ တန်ရာတန်ကြေး နစ်နာကြေး မပေးပဲ မြေယာတွေ သိမ်းယူပြီး စက်ရုံတွေ တည်ဆောက်တာ စီမံကိန်းတွေ ဆက်လုပ်နေတာကြောင့် လက်ရှိအစိုးရလက်ထက်မှာလည်း ကန့််ကွက်မူတွေကိုလည်း ကြုံနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG