သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး


ထွက်ပြေးတိမ်းရှောင်နေသော ရှမ်း ဒုက္ခသည်များ
ထွက်ပြေးတိမ်းရှောင်နေသော ရှမ်း ဒုက္ခသည်များ

ရှမ်းပြည်မြောက်ပိုင်းဒေသဖြစ်တဲ့ ဒီ ရက်ပိုင်း တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပြီး၊ ဒီလို အရပ်သားထိခိုက်မှုတွေအပေါ် လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ အပြန်အလှန် စွပ်စွဲ အပြစ်ဖို့နေပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ် သတင်းပေးပို့ထားပါတယ်။

ရှမ်းလက်နက်အဖွဲ့အချင်းချင်းအကြားတိုက်ပွဲဖြစ်ပွါးမှုကြောင့် သီပေါမြို့နယ် နားလော့ကျေးရွာသား(၃၀၀)ကျော် ဟာ စယ်ခန်ကျေးရွာဘုန်းကြီးကျောင်းမှာစစ်ရှောင်လာတာ(၃)ရက်ရှိပြီးနေရပ်မပြန်နိုင်သေးဘူးလို့ စယ်ခန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံစောကပြောပါတယ်။

“စယ်ခန်ဘုန်းကြီးကျောင်းမှာရှိနေတုန်းဘဲခင်ဗျ။ ဦးရေ(၃၃၀)လောက်ရှိမယ်ခင်ဗျ။ သူတို့လူကြီးရော ကလေးရော အကုန်လုံးပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က အခုဒီနေ့အထိ သူတို့မပြန်ရဲသေးဘူး။”

ပြီးခဲ့တဲ့သောကြာနေ့မနက်ပိုင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSSနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP တို့အကြားသီပေါမြို့နယ် နားလော့ကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

တိုက်ပွဲဖြစ်ပွါးအပြီးနားလော့ကျေးရွာသားတွေဟာ စယ်ခံကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးလာကြ တာပါ။

စစ်ဘေးရှောင်တွေကိုသီပေါမြို့နယ်စည်ူမခြားပရဟိတအဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကနေ အကူညီပေး ဆောင်နေတယ်လို့ အဖွဲ့ခေါင်းဆောင်ကိုမျိုးကပြောပါတယ်။

ဒီလိုရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွါးမှုအတွင်း ကလေး ငယ်တဦးအပါအဝင်ရွာသား(၃)ဦးသေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ(၃)ဦးကတော့ လားရှိုးဆေးရုံမှာဆေးဝါးကုသခံယူနေတာဖြစ်ပြီး လူနာတွေရဲ့ လက်ရှိ အခြေအနေကိုတော့ ဦးစံစောကအခုလိုဆက်ပြောပါတယ်။

“ဒဏ်ရာရထားတဲ့သူက (၃)ယောက်ကလားရှိုးဆေးရုံမှာတက်ထားနေတယ်။ တယောက်ကျတော့သိပ်တအားနာနေ တယ်။ အစားအသောက်လဲမစားနိုင်ဘူးဗျ။ နှစ်ယောက်ကျတော့နဲနဲသက်သာလာပြီး။”

ရွာသားတွေထိခိုက်သေဆုံးမှုအထိပစ်ခတ်မှုကိုတော့ ရှမ်းတပ်ဖွဲ့တွေကနေ အပြန်အလှန်စွပ်စွဲချက်တွေထုတ်ပြန် ထားကြပါတယ်။

နားလော့ရွာအပြင်ဘက်မှာတော့ SSPP နဲ့ RCSS တပ်တို့ ရှိနေဆဲဖြစ်ပြီး အစိုးရတပ်မတော် စစ်ကြောင်းးကလည်း နားလော့ရွာ မြောက်ဘက်မှာ အသင့်လှုပ်ရှားနေလို့ တိုက်ပွဲထပ်မံဖြစ်ပွားမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။

အလားတူ နမ့်ဆန်မြို့နယ်၊ ဟိုလတ်ကျေးရွာဘက်မှာ လက်နက်ကိုင်အဖွဲ့တွေထောင်ထားတဲ့ဗုံးနင်းမိတာကြောင့် ကျေးရွာသူအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဟင်းရွက်ရှာသူဟိုလတ်ကျေးရွာသူအမျိုးသမီးနှစ်ဦးဗုံးနင်းမိပြီးလားဂှိုးဆေးရုံမှာကုသနေရတဲ့အခြေအနေကိုတော့ လူနာနဲ့နီးစပ်သူဒေါ်ခင်စန်းမြင့်ကအခုလိုပြောပါတယ်။

“နမ့်ဆန်မြို့နယ်၊ ဟိုလတ်ကျေးရွာအနောက်ကွင်းအနားမှာပေါ့နော်။ သူတို့ကဝဥသွားရှာတာ။ အသက်(၆၅)နှစ် ဒေါ် အားဝူမီး နောက်တဦးက လေးမီးအသက်(၆၀) အဲဒီမှာမိုင်းကွဲတာလေ။ ဒဏ်ရာရသွားတော့ လေးမီးဆိုတဲ့ အသက် (၆၀) အဲဒီအမျိုးသမီးတယောက်ကတော့ဒဏ်ရာအခြေအနေတော်တော်ဆိုးတယ်။ လက်မှာခြေထောက်မှာ ထိတာ များတယ်။ လားရှိုးဆေးရုံမှာကုသနေပါတယ်အခု။”

လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးနေသလို အချင်းချင်းအကြားမှာလဲ နယ်မြေပြဿနာကြောင့် စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေပါတယ်။

အထူးသဖြင့်မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင်အဖွဲ့တို့အကြားတိုက်ပွဲတွေဖြစ်ပွါးမှုပိုများနေပါတယ်။

ဒါပေမဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ နဲ့တွေ့ဆုံဆွေးနွေးသွားဖို့အစီအစဉ်ရှိတယ်လို့ ပြန်ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့(၂)ဖွဲ့နဲ့ အစိုးရနဲ့ပေါ့နော ငြိမ်းချမ်းရေးကော်မရှင်နဲ့ နှစ်ကြိမ်တော့လာတွေ့ဆုံခဲ့တယ်။ တွေ့ဆုံ ဆွေးနွေးမှုမှာတော့အပြုသဘောဆောင်တယ်ပေါ့။ သဘောတူညီမှုကတော့ တစုံတရာဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့် မှာ မရှိသေးဘူးပေါ့နော်။ ဆက်လက်ဆွေးနွေးသွားဖို့ကိုတော့ကျွန်တော်တို့လဲသဘောတူထားတယ်။ ဆက်လက် ဆွေးနွေးသွားမယ်။ ဘယ်နေ့ဘယ်ရက်ဆိုတာ ကျွန်တော်တို့နှစ်ဖက် ညှိနှိုင်းသွားမယ်။ ရက်အတိအကျတော့ ကျွန်တော်တို့မသတ်မှတ်ထားပါဘူး။”

ပြီးခဲ့တဲ့သြဂုတ်(၃၀)ရက်နေ့က TNLAတအာင်းပလောင်အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး ဆက်လက်တွေ့ဆုံသွားဖို့ လမ်းစပေါ် လာခဲ့တာပါ။

လက်ရှိမှာ TNLAတအာင်းပလောင်အဖွဲ့ AAရခိုင်တပ်မတော် ကိုးကန့်တပ်ဖွဲ့တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေဆက်လက်လုပ်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်ဘက်ကို ကြေညာချက်တစောင်ပေးပို့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG