သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ရေကြီးမှု လမ်းခရီးပြတ်တောက်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နမ့်ဆမ်မှာ မိုးကြီးတာကြောင့် နေရာအတော်များများမှာ မြေပြိုပြီး ကားလမ်းအဆက်အသွယ်အချို့ ပြတ်တောက်နေပါတယ်။ လောလောဆယ်မှာ ပြိုကျပျက်စီးတာတချို့ကို ရှင်းလင်းနေပြီး၊ အပျက်အစီးစာရင်းကို ကောက်ယူနေပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းမှာတော့ ပြီးတဲ့ရက်က တောင်ကျချောင်းရေ ကျတာကြောင့် လူအသေအပျောက် ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လတ်တလော မြန်မာပြည်တွင်းက ရေကြီးတဲ့အခြေအနေကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နမ့်ဆမ်မြို့မှာ ဒီလ ၂၅ ရက်နေ့ကနေ ဒီကနေ့ထိ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့တွင်း နေရာတချို့နဲ့ နမ့်ဆမ်မြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ မြေပြိုပြီး သွားလာရေးအတွက် အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ လတ်တလော နမ့်ဆမ်မြို့မှာ မြေပြိုကျတဲ့ အခြေအနေကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နမ့်ဆန်မြို့နယ် ဥက္ကဌ မိုင်ရဲကျော်သူက အခုလို ပြောပါတယ်။

“လက်ဖက်ခြံတွေ အများကြီး ပြိုသွားတာရှိတယ်။ တဲအိမ်တွေ ပါသွားတာရှိတယ်။ အဲဒီအချက်အလက်တွေ ကျနော်တို့ လိုက်လံ စုဆောင်းနေတယ်။ အသေအပျောက်စာရင်း ရှိ မရှိပေါ့လေ။ ဒီကားလမ်းတလျှောက်မှာ အသေအပျောက်မရှိဘူး။ လက်ဖက်ခြံတို့ စိုက်ပျိုးရေးခြံတွေမှာ အသေအပျောက်တွေ ရှိနိုင်တယ်။”

ဒေသတွင်း ဆက်သွယ်ရေးလမ်းတွေ ပိတ်ဆို့ကုန်တာကြောင့် ကုန်ဈေးနှုန်းတွေလည်း တက်နေတယ်လို့ ဆက်ပြောပါတယ်။

“နန့်ဆမ်နဲ့ လားရှိုးကားလမ်းတော့ သွားလို့ရတယ် သူတို့ ရှင်းပေးလိုက်တယ်။ ဒီနေ့ ထပ်ရှင်းတာ ရှိ မရှိတော့ ကျနော်တို့ မသိသေးဘူး။ နန့်ဆမ်နဲ့ နန့်ခမ်းကတော့ ဘယ်လိုမှ သွားလို့မရဘူး။ ပြီးရင် လုံခေါက်နဲ့ နန်ပိန်သွားတဲ့ ကားလမ်းမှာ အဲဒီကားလမ်း တခုလုံး ပြိုကျသွားတာ လက်ဖက်ခြံ အကုန်လုံး ပါသွားတယ်။ ကုန်ဈေးနှုန်းတွေလည်း တက်ပါတယ်”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးက ဝန်ထမ်းတဦးကတော့ နမ့်ဆမ်-လားရှိုးလမ်းနဲ့ နမ့်ဆမ်-မန္တလေးလမ်း စတဲ့လမ်းတွေမှာ မြေပြိုတာတွေကို အဓိကရှင်းလင်းနေပြီး ကျေးရွာချင်းဆက် လမ်းတွေကို မရှင်းလင်းနိုင်သေးကြောင်းနဲ့ ဒီလိုရှင်းလင်းရာမှာလည်း မြေပြိုတာတွေ ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ကားလမ်းတွေ ကောင်းကောင်း မသွားလာနိုင်သေးကြောင်း ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာလည်း မြေပြိုနေအိမ်တချို့ ပျက်စီးခဲ့သလို ဖလမ်းမြို့အနီးမှာလည်း မြေပြိုတာကြောင့် ကလေး-ဟားခါးလမ်းဟာ သွားလာရေး အခက်အခဲ တွေ့နေပါတယ်။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်းမှာတော့ တောင်ကျရေကြောင့် လူ ၉ ယောက်သေဆုံးခဲ့တယ် လို့ ဒေသခံတဦးက ပြောပါတယ်။

“၂၅ ရက်နေ့က ၁၀ နာရီလောက်မှာ ချောင်းရေကြီး ကျလာတာပေါ့။ တောင်လယ်ကျေးရွာမှာ တဲတွေ၊ အိမ်တွေ မျောပါကုန်ပြီးတော့ လူ ၉ ဦး အသက်ဆုံးရှုံးတယ်။ ကလေးတွေများတယ်။ ၂ ယောက်က ပျောက်တယ်လို့ပြောတယ်။ ပျောက်တာကလည်း သဲဖုံးတာတို့၊ ဘာတို့ဖြစ်တတ်တယ်လေ၊ အဲဒီလို ချောင်းရေကျတဲ့အခါ။ အဲဒါတော့ ရှာမတွေ့ဘူးလို့ပြောတယ်။ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ကျေးရွာ အဲဒီကျေးရွာမှာ ဖြစ်ခဲ့တာပါ။”

ရေညာဦးကျေးရွာမှာလည်း နေအိမ်တွေ ရေလွှမ်းမိုးခဲ့ပေမဲ့ လူအသေအပျောက် မရှိကြောင်းနဲ့ ရှားတောကျေးရွာ တံတားကို ရေတိုက်စားတာကြောင့် မန္တလေး-ဗန်းမော်ကားလမ်းမှာ ကားကြီးအသွားအလာတွေ ရပ်ဆိုင်းနေတယ်လို့ ပြောပါတယ်။ အစိုးရသတင်းစာတွေမှာတော့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စုနဲ့ တွင်းငယ်ကျေးရွာအုပ်စုတွေမှာ ရေကြီးရေလျှံတာကြောင့် လူ ၈ ယောက် သေဆုံးပြီး အိမ်ထောင်စု ၅၇ စု လူ ၂၃၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက အဆိုးရွားဆုံး ရေလွှမ်းမိုးခဲ့တဲ့ ကောလင်းမြို့နယ် အတွင်းမှာတော့ အခုခါမှာ ရေပြန်ကျနေပြီး ရေလွှမ်းမိုးခဲ့တဲ့ ရွာတွေမှာ သောက်သုံးရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကောလင်းမြို့က ကိုအောင်မျိုးက ပြောပါတယ်။

“သောက်ရေသုံးရေ ပြဿနာတက်တဲ့အတွက် ကျနော်တို့ မနေ့ကနေစတယ်၊ ရေတွင်းတွေကို ရွာစဉ်သွားပြီးတော့မှ ကျနော်တို့ လမ်းကြောင်း ၄ ဖွဲ့ခွဲထားတယ်။ ၄ ဖွဲ့ခွဲပြီးတော့ မြို့နယ်ကျန်းမာရေးကနေ မြို့ပေါ်ရပ်ကွက်တွေကိုသွားတယ်။ ပရဟိတ အဖွဲ့တွေကကျတော့ ရေတွင်းတွေကို စုပ်ထုတ်ပြီးတော့ ဆေးခတ်ပေးတာတွေ လုပ်နေပါတယ်။”

ကောလင်းမြို့နယ်အတွင်းမှာ ရေလွှမ်းမိုးခဲ့တဲ့ ရွာပေါင်း ၉၀ လောက်ရှိပြီး ရေတွင်းရေကန် ပြန်လည် မပြင်ဆင်နိုင်တဲ့ ကျေးရွာတွေကို ရေသန့်ဗူးတွေ ပို့ဆောင်ပေးနေကြောင်း ပြောပါတယ်။ လောလောဆယ်မှာတော့ အစိုးရနဲ့ ပရဟိတ အဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကပါ ကူညီထောက်ပံ့နေပါတယ်။ မြန်မာပြည်တဝှမ်းက စေတနာ့ရှင်တွေနဲ့ နိုင်ငံတကာရောက် မြန်မာတွေကလည်း အလှူငွေတွေ ထောက်ပံ့ကူညီပေးနေလို့ ပြောပါတယ်။

ဒီကနေ့ မြန်မာစံတော်ချိန် (၁၁း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ အနောက်-အနောက်တောင်ဘက်မိုင် ၄၀ ခန့်၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် မိုင် ၇၀ ခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် ၆၅ မိုင်ခန့်နဲ့ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက်မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေကြောင်း မိုးလေဝသနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် လျှပ်တပျက် ရေကြီးတာ၊ မြေပြိုတာတွေနဲ့ ပင်လယ်ကမ်းရိုးတန်းသွား ရေယာဉ်တွေ သတိထားဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG