သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ပြဿနာ ပြေလည်ဖို့ ဖယ်ဒရယ်စနစ်လို


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ တွင် မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာ ၂၆၊ ၂၀၁၂)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးပွဲ တွင် မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာ ၂၆၊ ၂၀၁၂)
မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ လက်ရှိပြဿနာတခုဟာ တိုင်းရင်းသားပြဿနာဖြစ်ပြီးတော့ အခုလို ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်မရှိတာကြောင့်လို့ မနေ့ကစပြီးကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကလည်း ရှေ့ဆက် ဆွေးနွေး သွားမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေး အဖြေရှာမှုတွေကို ရှေ့တန်းတင်သွားမယ် လို့ ပြောပါတယ်။ အကြောင်းစုံကိုတော့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးထားပါတယ်။

ဒီကနေ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး ကျင်းပတဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲ မှာ ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်လာသလို၊ အာဏာပိုင်တွေဘက် ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပြုလုပ်နေတဲ့ ဝန်ကြီး ၂ ပါး ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ လက်ရှိ တိုင်းရင်းသား ပြဿနာတွေဖြစ်ပေါ်နေရတာဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တစ်ရပ် မရှိတာကြောင့်လို့ ဦးခွန်ထွန်းဦး က ပြောကြားလိုက် ပါတယ်။

“လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ အကျပ်အတည်းအကြောင်းတရားက အဓိက တိုင်းရင်းသားပြဿနာက အဓိကဖြစ်နေပါတယ်။ တိုင်းရင်းသားပြဿနာပြေလည်နိုင်ဖို့ဆိုရင် ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ထို့အတူ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေးမရှိဘဲ မဖြစ်နိုင်ပါဘူး။”

သမိုင်း အဆက်ဆက် နားလည်မှုလွဲခဲ့ သော ဖက်ဒရယ် ကိစ္စကို အဖွဲ့အစည်းတွေအနေနဲ့ ကိုယ်တိုင် နားလည်ထားတဲ့ ဖယ်ဒရယ်ပုံစံတွေကို အဓိပ္ပါယ် ဖွင့်ပြီး ရှေ့လာမဲ့ ဆွေးနွေးပွဲတွေမှာ ဆွေးနွေး ကြရင် ပိုပြီး သင့်တော်၊ ကောင်းမွန်မယ်လို့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ကပြောပါတယ်။

“ဥပမာ သမိုင်းတလျောက်လုံးတွင် နားလည်မှုလွဲခဲ့သော၊ ဖက်ဒရယ်ကိစ္စရပ်များကို မိမိတို့အဖွဲ့အစည်း အသီးသီး နားလည်လက်ခံသော အဓိပ္ပါယ်ဖွင့်ဆိုမှု ရရှိအောင်ဆောင်ရွက်ခြင်းကဲ့သို့သော ကိစ္စရပ်မျိုး ၊ ပါဝါရှယ်ယူသောကိစ္စရပ်များကို အဓိပါယ်ဖွင့်ဆိုခြင်း၊ Resource ရှယ်ယူသော ကိစ္စရပ်ကို အဓိပါယ်ဖွင့်ဆိုခြင်း၊ Government နဲ့ပတ်သက်သောကိစ္စရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းတို့ကို ဦးစွာပထမ ရှင်းလင်းကြရန် ကြိုးပမ်းကြမယ်လို့ ယုံကြည်ပါတယ်။”

ရှေ့ဆက်ပြီး လက်နက်ကိုင်တွေနဲ့ ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး နည်းလမ်း နဲ့ ဆွေးနွေးတာ တွေကို အသားပေး လုပ်ဆောင်သွားမယ်လို့လည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးအရ ဆွေးနွေခြင်းများသည် အရေးကြီးကြောင်း တွေ့ရှိရပါသည်။ အဓိကအားဖြင့် မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းနှင့် ရရှိထားသော နိုင်ငံရေးဖြစ်ထွန်းမှုများနှင့် ကိုက်ညီသည့် သီးခြားတည်ဆောက်ထားနိုင်သည့် ပုံစံဖြင့် အကောင်အထည်ဖော်မှသာလျင်၊ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာပဲ အင်အားကြီးတဲ့ လူမျိုးတွေက အင်အားနည်းတဲ့ မျိုးနွယ်စုတွေအပေါ်မှာ ဖိနှိပ်တာ၊ တန်းတူအခွင့်အရေးကို ပိတ်ပင်တာ၊ ရက်စက်မူတွေ ရှိနေတဲ့ကိစ္စကိုလဲ အမြန်ဆုံးဖြေရှင်းဖို့လိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အင်အားကြီးတဲ့လူမျိုးက အင်အားသေးတဲ့လူမျိုးကို ဖိနှိပ်တာ၊ လူမျိုးတမျိုးရဲ့တန်းတူအခွင့်အရေးကို မပေးတာ၊ လူမျိုးတမျိုးက ခြိမ်းခြောက်တာ၊ ဖိနှိပ်ရက်စက်တဲ့ အခြေအနေမျိုးမှာလည်း အခုတိုင်းပြည်မှာ မြင်တွေ့နေရပါတယ်။”

တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေချိန်မှာ တိုင်းရင်းသား မျိုးနွယ်စုတွေက သူတို့ မျိုးနွယ်စု အမှတ်လက္ခဏာတွေကို တည်ဆောက်ပြီး အဲ့ဒီ အမှတ်အသားတွေကနေ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ဘုံအမှတ်အသားတစ်ခု တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ဝန်ကြီးဦးအောင်မင်းက ထောက်ပြပြောဆိုခဲ့ပါသေးတယ်။

အစောပိုင်းတုန်းက ဒီပွဲကို ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်တဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် အခမ်းအနားမှူးက တက်ရောက်လာသူတွေကို တောင်းပန်ခဲ့တာလည်း ကြား ရပါတယ်။

ဒီနေ့ပွဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေဘက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNDP)၊ ရှမ်းနီအမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) တို့ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန်လည်တည်ထောင်ရေးကောင်စီ (SSA/RCSS)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်နယ်အရှေ့ပိုင်း (NDAA) တို့ တက်ရောက်ခဲ့တာ ကို တွေ့ရပါတယ်။

ဒီကနေ့က စပြီး ရန်ကုန်မှာ သုံးရက်ကြာပြုလုပ်မဲ့ ဒီပွဲမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၊ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီ၊ ရှမ်းတိုင်းရင်းသားလူထု အခြေပြု အဖွဲ့အစည်းတွေအကြား မှာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ကိစ္စတွေကို ဆွေးနွေးမှာဖြစ်သလို ရှမ်းလူမျိုးတွေရဲ့ ဒေသတွင်းဖွံဖြိုးရေးတွေ အပါအဝင် ဘာသာ၊ စာပေကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG