သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး နိုင်ငံရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်


ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး နိုင်ငံရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်
ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး နိုင်ငံရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်

ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခံထားရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးဟာ ဒီနေ့မနက်ပိုင်းမှာ တောင်ငူထောင်ကနေ လွတ်မြောက်လာပါတယ်။ လောလောဆယ်မှာ ဦးခွန်ထွန်းဦးဟာ ကျန်းမာရေး ကောင်းမွန်ပြီး နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဦးခွန်ထွန်းဦးနဲ့အတူ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံရတဲ့ အခြား ရှမ်းခေါင်းဆောင်တွေလည်း ဒီကနေ့မှာ လွှတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က မေးမြန်း တင်ပြထားပါတယ်။

SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင် ၈ ဦးဟာ ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့နောက် ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှု အပါအဝင် အခြားစွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းမှာတော့ ရှမ်းခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေက သူတို့ကို ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး မတရားအပြစ်ဒဏ် ကျခံနေရတာတွေကို ပြန်လည် စိစစ်ဖို့နဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို စာပေးပို့ တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပူတာအိုထောင်မှာ ၅ နှစ်ကျော် ချုပ်နှောင်ခံထားရတဲ့ ဦးခွန်ထွန်းဦးကို တောင်ငူထောင်ကို ပြောင်းရွှေ့ပြီး ချုပ်နှောင်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဦးခွန်ထွန်းဦးဟာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

“ဒီကနေ့မနက် ကျနော်တို့ ၉နာရီခွဲလောက်က ထောင်က ထွက်လာခဲ့ကြတာ။ များပါတယ်။ ကျနော်တို့ အကုန်လုံးလွတ်ပြီ။ ထောက်လှမ်းရေးတွေလည်း အကုန်လုံးလွတ်ပြီ။ ကုန်တော့ ကုန်သွားပြီ။ နိုင်ငံရေးသမား တွေတော့ ကျန်သေးတယ်ဗျာ။ နိုင်ငံရေးသမားတွေ ကျနော်တို့ တောင်ငူထောင်က (၁၇/၁) တွေ ကျန်သေးတယ်။ ၂၀ နီးပါးလောက် ကျန်တယ်။ တောင်ငူထောင်မှာ နိုင်ငံရေးအမှုတွဲ။”

ဦးခွန်ထွန်းဦး ပြောသွားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဦးခွန်ထွန်းဦးဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောပါတယ်။ ဦးခွန်ထွန်းဦးနဲ့အတူ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူတွေ အားလုံးလည်း ဒီကနေ့ လွတ်မြောက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

“ခရီးတွေတော့ ထွက်လာကုန်ပြီ။ သူတို့ ဒီညဆုံမလား၊ မနက်ဖြန် မနက် ဝင်မလားပဲ။ သွားကြိုတဲ့လူတွေက ကြိုပြီ။ လေယာဉ်ပျံ စောင့်နေတယ်။ လေယာဉ်ပျံနဲ့ ဒီညနေ ပါလာမယ်ထင်တယ်။”

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ အများဆုံး အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ SNLD ဟာ သူတို့ခေါင်းဆောင်တွေ မလွတ်သေးတာကြောင့် ပြန်လည် မှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲမှာလည်း မပါဝင်ခဲ့ပါတယ်။ ဦးခွန်ထွန်းဦး ပြန်လည် လွတ်မြောက်လာချိန်မှာ ပါတီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ -

“အဲဒါကတော့ ကျနော်တို့ ဗဟိုကော်မတီပေါ်မှာ တည်တယ်ဗျာ။ ဗဟိုကော်မတီက ဘာဆုံးဖြတ်မလဲတော့ မသိဘူး။ အချိန်ကတော့ Limited ပေါ့။ သိပ် အချိန်မရဘူးလေ။ ဒါပေမဲ့ ကျနော်တို့ ဘယ်လိုလှုပ်ရှားမယ် ဆိုတာကိုတော့ ဗဟိုကော်မတီကို တင်ပြပြီးတော့ ကျနော်တို့ ဆုံးဖြတ်မှာပါ။”

ဦးခွန်ထွန်းဦးက သူ့အနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေကိုတော့ ဦးခွန်ထွန်းဦးက အခုလို သုံးသပ်ပါတယ်။

“နိုင်ငံရေးက ခုတော့ ခေတ်ရေစီးကြောင်းထဲ ဝင်သွားပီပေါ့ဗျာ။ ဒီမိုကရေစီဘက် လိုက်သွားပြီဆိုတော့ ကျနော်ကတော့ ၅၅ ရာခိုင်နှုန်း ပဲ ပေးသေးတယ်။ ၅၅ ရာခိုင်နှုန်းပဲ။ အရမ်းကာရောကြီး သိပ်ပြီး စိတ်မချသေးဘူး။ ဒါပေမဲ့ အားလုံးပဲသွားနေပြီပဲ။ ကောင်းပါတယ်။ မဆိုးဘူး။ ဒီနေ့အခင်းအကျင်းက ကျနော်လွတ်လို့ မဟုတ်ဘူး။ အခင်းအကျင်းက တော်တော်လေး ကောင်းတယ်။ ညစ်ကွက်လေးတွေတော့ ရှိတာပေါ့ဗျာ။”

ဦးခွန်ထွန်းဦးနဲ့အတူ ထောင်ဒဏ် ၁၀၆ နှစ် ကျခံခဲ့ရတဲ့ ရှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထင်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ပြန်လည် လွတ်မြောက်လာခဲ့ပြီး ၇၉ နှစ်ကျခံရတဲ့ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်အဖွဲ့က ဦးမြင့်သန်းကတော့ ၂၀၀၆ ခုနှစ်က သံတွဲထောင်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကျန်တဲ့ ဖမ်းဆီးခံထားရတဲ့ ဦးစိုင်းညွှန့်လွင်၊ ဦးစိုင်းလှအောင်၊ ဦးစိုင်းညီညီမိုး၊ ဦးစိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညို တို့လည်း ဒီကနေ့ လွတ်မြောက်လာတယ်လို့ SNLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အတည်ပြု ပြောကြားပါတယ်။

XS
SM
MD
LG