ရှမ်းတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေစဉ်မှာပဲ ပြည်တွင်းက ရှမ်းနိုင်ငံရေး ပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီကနေ ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်နိုင်ရေး အတွက် ဒီကနေ့ မနက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ရှမ်းနိုင်ငံရေး ပါတီတွေ ရှမ်းလက်နက်ကိုင်တပ် အချင်းချင်း တစုတစည်းတည်း ပေါင်းစည်းနိုင်ရေး အတွက်ဆွေးနွေးသွားမယ်လို့လဲဆိုပါတယ်။ လက်ရှိပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေအရ ရှမ်းပြည်နယ်တခုလုံးကို ကိုယ်စားပြု ပြီး နိုင်ငံရေးပြဿနာတွေ ကို ဖြေရှင်းနိုင်အောင် ညီညွတ်ရေး တည်ဆောက်ဖို့ လိုအပ်တယ်လို့လည်း ရှမ်းပြည် တပ်မတော်ခေါင်းဆောင်တွေကပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပါ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့တဲ့အပေါ် ရှမ်းလူမှုအဖွဲ့ အစည်းတွေကနေ ကန့်ကွက် ခဲ့ကြတယ်လို့လည်း ပြောဆိုမှုတွေရှိနေပါတယ်။
ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်နိုင်ရေး အတွက် ပြည်တွင်းက ရှမ်းနိုင်ငံရေး ပါတီတွေ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေကနေ ဒီကနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲရဲ့အဓိကရည်ရွယ် ချက်ကိုတော့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ကိုစိုင်းမိန်းက အခုလိုပြောပါတယ်။
"အဓိက ကတော့ ရှမ်းပြည်ညီညွတ်ရေးကိစ္စဘဲ။ အခုက အပစ်ရပ်တယ်။ ငြိမ်းချမ်းရေး တည်ဆောက်ကြတယ်။ တနိုင်ငံလုံးအပစ် အခတ်ရပ်မယ်။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အဖက်ဖက် ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်။ အဲဒီ လိုမျိုး အခြေအနေမှာက ရှမ်းက ဘယ်လိုကဏ္ဍကနေ ပါမှာလဲပေါ့။ အခုက ပါတီကလဲနှစ်ခုဖြစ်နေတယ်။ တပ်မတော် ကလဲနှစ်ခု၊ သုံးခုဖြစ်နေတယ်။ SSPP/SSA၊ RCSS/SSA၊ နောက်ပီးတော့မှ NDAAESS မိုင်းလားတပ်ဖွဲ့၊ ရှိသေးတယ်။ မိမိအမျိုးသားရေးထဲက ရင်ကြားစေ့ရေး မလုပ်နိုင်ရင် မစည်းရုံးနိုင်ရင် နိုင်ငံရေးစားပွဲကြီးဖြစ်လာခဲ့ ရင် တသံတသွေး ဦးတည်ချက် တခုထဲနဲ့ မသွားနိုင်မှာစိုးလို့ပေါ့နော်။ လူထုတောင်းဆိုချက်အရ ထိပ်သီး ရှမ်း အဖွဲ့အစည်းတွေ လာတွေ့တာလေ။"
ပြည်တွင်းက ရှမ်းနိုင်ငံရေးပါတီတွေ ရှမ်းလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ SSJAC လို့ ခေါ်တဲ့ ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မီတီ အမည်နဲ့ အစည်းအဝေးကို လုပ်ဆောင်ခဲ့တာပါ။ ဒီကျင်းပနေတဲ့ အစည်းအဝေး ဖွင့်ပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း အနေနဲ့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်ညီညွတ်ရေး တည်ဆောက်နိုင်ဖို့ အတွက်ကတော့ လက်ရှိရှိနေတဲ့ပြည်တွင်းက ရှမ်းနိုင်ငံရေးပါတီအချင်းချင်း ပေါင်းစည်းနိုင်ရေး၊ ရှမ်းတပ်မတော်များ တစုတစည်းထဲပေါင်းစည်းနိုင်ရေးအတွက်ကို ရှမ်းအဖွဲ့အစည်းတွေကနေ အဓိကထားဆွေးနွေးသွားမယ်လို့လဲ ကိုစိုင်းမိန်းကပြောပါတယ်။
ဒီအစည်းအဝေးကနေ အများက လက်ခံနိုင်တဲ့ သဘောတူညီမှု ပုံစံမျိုးနဲ့ ဆွေးနွေးသွားမယ် လို့ ဆွေးနွေးပွဲမှာ ပါဝင် တက်ရောက်သူ တဦးကပြောဆိုခဲ့ပေမဲ့လဲ အစည်းအဝေးနဲ့ ပက်သက်တဲ့ အကြောင်းတွေကို ဖြေကြားပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်ထဲမှာဆိုရင် ပြည်တွင်း နိုင်ငံရေးပါတီတွေဖြစ်တဲ့ SNLDခေါ် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျားဖြူ ပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဆိုပြီး အဓိကကျတဲ့ နိုင်ငံရေး ပါတီကြီးနှစ်ခုရှိပါတယ်။ လာမယ့် (၂၀၁၅)ရွေးကောက်ပွဲအတွက် ပါတီပေါင်းစည်းနိုင်ရေးအတွက် ရှမ်းပြည်သူတွေကနေ တွန်းအားပေးခဲ့ပေမဲ့ မတူညီတဲ့ နိုင်ငံရေး ရပ်တည်ချက် အကြောင်းတရားတွေကြောင့် ပေါင်းစည်းရေးမှာ အဟန့်အတားတခုဖြစ်နေပါတယ်။
အလားတူ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ထဲမှာလဲ တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် RCSS/SSA၊ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA၊ ဦးလွယ်မောင်း ဦးဆောင်တဲ့ စိန်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့ရယ် NDAAESS မိုင်းလားတပ်ဖွဲ့အစရှိတဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေ မတူကွဲပြားစွာ ရပ်တည်နေပါတယ်။
တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် RCSS/SSAအနေနဲ့ အခုလိုရှမ်းပြည် ညီညွတ်ရေး အစည်းအဝေး တက်ရောက်ရတဲ့ အကြောင်းရင်းကို အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဆိုင်မိန်းကအခုလိုပြောပါတယ်။
"ကျနော်တေို့ နိုင်ငံရေးဖြေရှင်းတဲ့နေရာမှာ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကလဲ ရှမ်းပြည်အတွက် ရပ်တည်လို့မရဘူးပေါ့နော်။ ဘယ်အဖွဲ့အစည်း မဆို ရှမ်းပြည် တပြည်လုံး ကိုယ်စားပြုပြီးရပ်တည်လို့ မရဘူး။ ဒါကြောင့်မို့လို့ တစုတစည်းနဲ့ဘဲ ကျနော်တို့ ဖြေရှင်းလို့ရမယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တဖက်တလမ်းကညီ ညွတ်မှုရအောင် တဖက်တလမ်းကလဲဖြစ်လာမဲ့နိုင်ငံရေးပြဿနာတွေကို အတူတကွဖြေရှင်းလို့ ရအောင် ဆိုပြီးတော့ ဆွေးနွေးပွဲ ကိုတက်ရောက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော် တို့ ခေါင်းဆောင်လူကြီးပိုင်းတွေရဲ့ အမြင်သဘောထား ဖလှယ်ဆွေးနွေးလို့ရအောင်သဘောပါ။"
ဒီကနေ့ကျင်းပတဲ့ ရှမ်းပြည်ပူးပေါင်းဆောင် ရွက်ရေးကော်မီတီ အစည်းအဝေးမှာ ဝန်ကြီးဦးအောင်မင်းပါ တက်ရောက်ခဲ့တဲ့အပေါ် ချင်းမိုင်အခြေစိုက် ရှမ်းလူမှုအဖွဲ့အစည်းတွေကနေ ကန့်ကွက်ခဲ့ကြပါတယ်။
ဒီအခြေအနေကိုတော့ ချင်းမိုင်အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မီတီ ဥက္ကဋ္ဌစိုင်းရှဲန်ယကအခုလိုပြောပါတယ်။
"ရှမ်းCBOက သူတို့က လက်မခံဘူးလို့ပြောတယ်လေ။ လက်မခံတာက ဦးအောင်မင်းက အဲဒီဆွေးနွေးပွဲကို လုပ်ပေးတာလို့ ဖြစ်နေတာပေါ့။ ဆန္ဒကတော့ ကိုယ့်ဟာကိုယ်ဘဲ ဆွေးနွေးချင်တယ်လို့။ ဦးအောင်မင်းကလာပြီး လုပ်ပေးတာက သဘောမကျဘူးလို့။"
ဒီရှမ်းပြည် အဖွဲ့အစည်း ထိပ်သီးဆွေးနွေးပွဲကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေး မှူးစိုင်းညွန့်လွင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ က ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း၊ ဒုဥက္ကဋ္ဌ စိုင်းဆောင်စီ တို့ တက်ရောက်ခဲ့ကြသလို တောင်ပိုင်းရှမ်းပြည် တပ်မတော်ဘက်ကတော့ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ မြောက်ပိုင်းရှမ်းပြည် တပ်မတော်ဘက်က နာယကကြီး ဗိုလ်ချုပ်ဆေးထင် စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့က ဦးလွယ်မောင်းတို့ တက်ရောက်ခဲ့ကြ ပါတယ်။
ပြီးခဲ့တဲ့၂၀၀၅ခုနှစ်တုန်းက ရှမ်းနိုင်ငံရေးခေါင်းဆောင်တွေကနေ သျှမ်းပြည် အတိုင်အပင်ခံကောင်စီ ဖွဲ့စည်းတည် ထောင်ဖို့ ကြိုးစားမှု အပေါ်မှာ မြန်မာအစိုးရ ကနေ ပြည်ထောင်စုက ခွဲထွက်ဖို့ ကြံစည်မှု မတရား အသင်းအပင်း ဖွဲ့စည်းမှု နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင် မြောက်ပိုင်းရှမ်းပြည် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ဆေးထင် အပါအဝင်ခေါင်းဆောင်(၉)ဦးကို ကြီးလေးတဲ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ လွှတ်ငြိမ်း ချမ်းသာခွင့်ကြေညာချက်နဲ့၂၀၁၂ခုနှစ် ဇန်ဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့တာလဲဖြစ်ပါတယ်။