သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် ဒီချုပ်ခေါင်းဆောင်တချို့ တာဝန်ရပ်စဲ


၂၀၁၅ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးပွဲမှာ NLD ရှမ်းတိုင်းရင်းသားများ ကိုတွေ့ရစဉ်
၂၀၁၅ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးပွဲမှာ NLD ရှမ်းတိုင်းရင်းသားများ ကိုတွေ့ရစဉ်

ပြီးခဲ့တဲ့၂၀၁၅ရွေးကောက်ပွဲမှာ အောင်နိုင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှမ်းပြည်နယ်အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ အလုပ်အမှုဆောင်(၅)ဦးကို လက်ရှိတာဝန်ကနေ ဖယ်ရှားလိုက်ပြီး တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုးကို အန်အယ်လ်ဒီ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီလိုစွပ်စွဲချက်ကို ရှမ်းပြည်နယ်NLDခေါင်းဆောင်တွေကနေ ငြင်းဆိုခဲ့ပြီး ပါတီစည်းမျဉ်း စည်းကမ်း တွေနဲ့ကိုက်ညီမှုမရှိဘူးလို့လဲတုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ရှမ်းပြည်နယ်NLDခေါင်းဆောင်တွေကို တာဝန်ကနေဖယ်ရှားတဲ့အခြေအနေနဲ့ပက်သက်ပြီး ထိုင်းအခြေစိုက်ဗီွံအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်NLDခေါင်းဆောင်တွေအနေနဲ့ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲအတွင်း အောင်နိုင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ပျက် ကွက်ခဲ့တာကြောင့် တာဝန်ကနေဖယ်ရှားခဲ့ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဦးဝင်းထိန်ကပြောပါတယ်။

“ဥက္ကဌ လုပ်တဲ့ ပုဂ္ဂိုလ် ဒေါ်ခင်မိုးမိုးက ရွေးကောက်ပွဲ မှာ သူ့ကို ကိုယ်စားလှယ်အဖြစ်နဲ့ မရွေးချယ်တဲ့အခါမှာ သူက ဘာမှ အောင်နိုင်ရေး ကိစ္စလိုက်မလုပ်တော့ဘူး။ ကျနော်တို့ ချထားတဲ့မူက ရွေးကောက်ပွဲမှာ ကျနော်တို့ ရွေးလိုက်တဲ့ လူဆိုရင် အားလုံးကနေပြီးတော့ တက်တက်ကြွကြွနဲ့ အောင်နိုင်ရေးမှာ ပူးပေါင်းလုပ်ပေးမယ် မလုပ်ရင်သစ္စာမရှိရာရောက်တယ် ဆိုပြီးကြေညာပြီးသားဖြစ်တယ်။ ဒေါ်ခင်မိုးမိုးက အဲဒီတုန်းက ဘာမှ မလုပ်ပေးခဲ့ဘူး အဲဒါက ၁ အချက် ။ ၂ အချက်က ဘာလဲဆိုရင် ပြည်နယ်ဥက္ကဋ္ဌနေရာကနေ နုတ်ထွက်ပြီးပြီဆိုတဲ့ တရားမဝင်ပြောတာတွေလည်း ပြန်ကြားရတယ်။ ၃ အချက်က ဒေါ်ခင်မိုးမိုးက ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မူနဲ့ ဆန့်ကျင်တဲ့ NGO တွေမှာ ထဲထဲဝင်ဝင်လုပ်နေတယ် အဲဒီအချက်တွေကြောင့် သူ့ကိုအရေးယူဖို့ ရှိနေတာ ကြာပြီ ။

နောက်တချက်က ပြည်နယ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်မီးမီးကတော့ အဲဒီလိုပဲ ရွေးကောက်ပွဲမတိုင်ခင် အောင်နိုင်ရေးကာလမှာ ဖွဲထားတဲ့ အောင်နိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အဲဒါကြောင့်မို့လို့ ဒေါ်ခင်မိုးမိုးနဲ့ ဒေါ်မီးမီးကို ပြည်နယ် ဥက္ကဋ္ဌရာထူးကသော်လည်းကောင်း ပြည်နယ် အလုပ်အမှုဆောင် ရာထူးကသော်လည်းကောင်း ဖယ်ရှားဖို့ အတွက်ဆုံးဖြတ်ခဲ့တာ ။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် သူတို့ကတော့ NLD ပါတီဝင်အဖြစ်တော့ ဆက်ပြီးတော့ ရှိနေမှာပါပဲ။ အခုထုတ်လိုက်တဲ့ကိစ္စကို သတင်းပို့သင့်တဲ့လူတွေစီပို့ပြီးပြီ အားလုံးက သဘောတူတယ်၊ လက်ခံပြီးပြီ။”

အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအပြီး တိုင်းနဲ့ပြည်နယ်အလိုက်လျော့ပါးသွားတဲ့ အလုပ်အမှုဆောင်တွေကို ဇွန်လကစပြီးပြန်လည် ဖွဲ့စည်းနေပါတယ်။

ရှမ်းပြည်နယ်အတွင်း NLDအဖွဲ့ချုပ်အနေနဲ့ လာမဲ့ရွေးကောက်ပွဲတွေမှာ အပြည့်အဝအောင်နိုင်ရေးအတွက် အခုလို ပြည်နယ် အလုပ်အမှုဆောင်သစ်တွေကိုပြန်လည်ဖွဲ့စည်းရတယ်လို့ ဦးဝင်းထိန်ကဆိုပါတယ်။

ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်မိုးမိုးအနေနဲ့ကတော့ ၂၀၁၅ရွေးကောက်ပွဲအတွင်း အောင်နိုင်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကိုတော့ အခုလိုငြင်းဆန်ခဲ့ပါတယ်။

“ကျမက ရှေ့နေတယောက်ဆိုတော့ ရှေ့နေအလုပ် ကျမလုပ်တာပါပဲ။ နောက်လူမှုရေးတွေနဲ့ ပတ်သက်လို့တော့ ကျမတို့က နိုင်ငံရေးသမားတိုင်းသည် ပြည်သူလူထုကို အခြေခံတဲ့ လူမှုရေးတွေကနေ ပေါက်ဖွားတာ ပါတာပါပဲ။ အဲဒီတော့ ကျမကတော့ ဒီလူမှုရေးတွေကို အရင်ကလည်းလုပ်နေတယ် အခုလည်း ဆက်လုပ်မှာပါပဲ။ နောက်တခုက ၂၀၁၅ ရွေးကာက်ပွဲမှာ ကျမမကူဘူးလို့ပြောတယ်။ ကျမ ကူခဲ့ပါတယ် သူတို့ အဆိုတော်တွေနဲ့ ကားလှည့်နေတဲ့အခါမှာတော့ ကျမမပါဘူး။ ဘာလို့လဲဆိုတော့ ကျမ အဲဒီအချိန်မှာ လက်ပံတန်းကျောင်းသားအမှု ကျမသွားနေရတယ်။

ဒါပေမယ့် ကျမဆီမှာ နိုင်ငံတကာ သံရုံးတွေရယ် ၊နိုင်ငံတကာအဖွဲ့အစည်းတွေရယ် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျမရဲ့ ပြည်နယ်ရုံးကိုပဲ လာပြီးတော့ တွေ့ဆုံ ဆွေးနွေးတယ် လာပြီးမေးမြန်းတယ်၊ အဲဒါတွေကို ကျမကိုယ်တိုင် ရွေးကောက်ပွဲအတွက် အားလုံးကို သိအောင် ရှင်းအောင်ပြောပြတဲ့အလုပ်တွေ လုပ်ထားခဲ့တယ်ဆိုတာ ကျမမှာ အထောက်အထားနဲ့ တကွရှိပါတယ်။ နောက် ဂျာနယ်တွေ မီဒီယာတွေက မေးတဲ့ဟာတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျမတို့ပါတီက ရွေးကောက်ပွဲအနေအထားတွေ ကျမတို့ ဖြေထားတာတွေရှိပါတယ်။ အဲဒီတော့ ကျမရွေးကောက်ပွဲမှာ မကူခဲ့ဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။”

တာဝန်ကနေ အနားပေးခံရသူ ၅ ဦးကတော့ ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ အတွင်းရေးမှူး ဒေါ်ယူမီဇော်၊ အဖွဲ့ဝင် ဒေါ်မီးမီး တို့ဖြစ်ပြီး ဘဏ္ဍရေးမှူး ဒေါ်စံပယ် နဲ့ နောက်တဦးကတော့ နုတ်ထွက်စာ တင်ထားတယ်လို့ ဒေါ်ခင်မိုးမိုးကပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဦးဝင်းထိန်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် အတွင်း ရှမ်းပြည်နယ်ဥက္ကဌ ၊ အတွင်းရေးမှူး အပါအဝင် ၅ ဦးကို တာဝန်ကနေ ဖယ်ရှားခဲ့တာပါ။

ရှမ်းပြည်နယ် NLD ခေါင်းဆောင် ၅ ဦးကို တာဝန်ကနေ ဖယ်ရှားမယ့်ကိစ္စအပေါ် မကျေနပ်ကြောင်း တောင်ကြီးခရိုင် NLD ဥက္ကဌ ဦးတင်မောင်တိုးကနေ လူမှုရေးစာမျက်နှာနဲ့ အစည်းဝေးတွေမှာတင်ခဲ့တဲ့အတွက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က သူ့ကိုလည်း နှှုတ်မိန့်နဲ့ ထုတ်ပယ်လိုက်တယ်လို့ ဦးတင်မောင်တိုး က ပြောပါတယ်။

“နှုတ်မိန့်နဲ့ပဲဗျ အားလုံးက အကယ်၍ ကျနော်က အပြစ်တစုံတရာ ကျူးလွန်တယ်ဆိုရင်တောင် သူက ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးကို တင်ပြရမှာပါ။ ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးက ချင့်ချိန်ပြီးတော့မှ ဗဟို စည်းကမ်းထိန်းသိမ်းရေးကိုတင်ပြီးတော့ ဗဟို စည်းကမ်းထိန်းသိမ်းရေးကနေပြီးတော့ အပြစ်ရှိတယ်ဆိုရင် ရှိသလို ပြစ်ဒဏ်ချရတာပါ။ နောက်တခါ အဲဒီလိုမျိုး ပါတီအထဲမှာ နှုတ်မိန့်နဲ့ ထုတ်တာကတော့ ရှိလည်းမရှိပါဘူး။ တခါမှလည်း မကြားဘူးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းကတော့ ဒီလိုရှမ်းပြည်နယ်NLD ခေါင်းဆောင်တွေကို ရာထူးကနေဖယ်ရှားခဲ့တဲ့အခြေအနေတွေကို မသိရှိသေးဘူးလို့အခုလိုပြောပါတယ်။

“ဘယ်လိုဖြစ်သွားတယ် ဘာကြောင့် အဲဒီသတင်းထွက်တယ်ဆိုတာ ကျနော် စာရွက်စာတန်းလည်း အခုထိမတွေ့ဘူး။ ဌာနချုပ်က ကျနော့အနေနဲ့ ဆိုရင်တော့ ကျနော်မသိဘူး။”

ရှမ်းပြည်နယ်NLD ခေါင်းဆောင်တွေကို ရာထူးကနေဖယ်ရှားခဲ့တဲ့လုပ်ရပ်အပေါ် NLDဗဟိုဌာနချုပ်ကနေမသိရှိသေးဘူးလို့ ဝေဖန်မှူတွေရှိနေသလို ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်ဦးဝင်းထိန်ကတော့ ဖြစ်စဉ်အခြေအနေအားလုံးကို ဌာနချုပ်ကို တင်ပြထားတယ်လို့ဆိုပါတယ်။

ခုလို ပြည်နယ်ဥက္ကဋ္ဌပါအဝင် ကော်မီတီဝင်တွေကို တာဝန်ကနေ ဖယ်ရှားလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပါတီဗဟိုချုပ်အနေနဲ့ကတော့ တရားဝင်ထုတ်ပြန်ကြေညာတာမျိုးတော့မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်စုစုပေါင်း(၅၂)ဥိး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLDကတော့ကိုယ်စားလှယ်(၃၉)ဦး NLDအဖွဲ့ချုပ်ကတော့(၃၈)ဦးအနိုင်ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG