သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုရှိ


TNLA တပ်သားများ
TNLA တပ်သားများ

စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ နမ္မတူမြို့နယ်အတွင်း RCSS/ SSA တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ TNLA တအာင်းပလောင်အဖွဲ့ SSPP မြောက် ပိုင်းရှမ်း ပြည်တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း နေရပ်မပြန်နိုင်ပဲ ဖြစ်နေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းအကြား စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့အတွက် အရပ်သားတွေ အပါအဝင် ထိခိုက်သေဆုံးမှုတွေ ရှိနေတာပါ။

နမ္မတူမြို့နယ် ပန်ကိုင်ရွာဘက်မှာလည်း RCSS/SSAတောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တို့ အကြား ဒီမနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့တုန်းက တိုက်ပွဲဖြစ်ပြီးနောက် ဆက်လက်ပြီး တင်းမာနေဆဲ ဖြစ်ကြောင်းလည်း TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာ့အိုက်ကျော်က အခုလိုပြောပါတယ်။

“မနေ့ကတော့ဖြစ်တယ်။ နမ္မတူမြို့နယ် ပန်လုံရွာထဲကပန်ကိုင်ရွာအနားမှာပေါ့နော်။အဲဒီအပေါ်မှာတောင်ကုန်းရှိတယ်။ တိုက်ပွဲကတော့မနေ့က တနာရီခွဲကနေ နှစ်နာရီခွဲအထိနှစ်နာရီဖြစ်ပွါးခဲ့တယ်လို့ကြားတယ်။ RCSSတပ်ဖွဲ့နဲ့ဖြစ်တယ်။ နှစ်ဖက်တပ်ကတော့ ရင်ဆိုင်တဲ့အနေအထားရှိသေးတယ်။ ထိခိုက်မှုကတော့ကျွန်တော်တို့ဘက်ကမရှိဘူး။ RCSS ဘက်ကတော့မသိသေးဘူး။”

ပြီးခဲ့တဲ့စနေနေ့တုန်းကလဲ TNLA တအာင်းပလောင်တပ်ဖွဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ပူးပေါင်းတပ်ဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSSတို့အကြား နမ္မတူ-လားရှိုးကားလမ်းပေါ်က မန်ပြိန်းရွာတစ်ဝိုက်မှာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသေးတယ်။

ဒီတိုက်ပွဲအတွင်း ကျေးရွာသူအမျိုးသမီးတဦး သေနတ်ထိမှန်သေဆုံးသွားခဲ့တယ်လို့ မန်ပြိန်းဒေသခံ စစ်ရှောင်အကူ ညီပေးရေးအဖွဲ့ဝင် ကိုဇော်ယော်ကပြောပါတယ်။

“လုံခြုံမှုကတော့မရှိတာသေချာတယ်။ ကျဆုံးသွားတဲ့အမျိုးသမီးတယောက်ခင်ဗျ။ အသက်(၇၂)အရွယ် အမျိုးသမီး ပေါ့။ သူက သူ့ရဲ့သမက်နဲ့သားသမီးတွေရဲ့တောင်ယာမှာ သွားကူညီရင်းနဲ့ သေနတ်သံမှာထွက်ပြေးလာရင်းနဲ့ အသတ်ခံရတဲ့အချိန်က (၁၇)ရက်နေ့ညနေ(၄)နာရီမှာဖြစ်ပါတယ်ခင်ဗျ။”

နှစ်ဖက်တိုက်ပွဲအတွင်း သေနတ်ထိမှန်ကွယ်လွန်သွားတဲ့အမျိုးသမီးကိုမနေ့ကသဂြိ ၤုလ်လိုက်ပြီးဖြစ်ပါတယ်။

မန်ပြိန်းရွာတိုက်ပွဲကြောင့် အထက်မန်ပြိန်းကျေးရွာသား(၉၀)ခန့်ဟာမန်ပြိန်းအောက်ရွာမှာ စစ်ရှောင်နေရပြီး တင်း မာနေဆဲစစ်ရေး အခြေအနေကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ကိုဇော်ယော်ကဆက်ပြောပါတယ်။

“အခုက ဒီမန်ပြိန်းရွာကအိမ်ခြေ(၂၀)ကျော်တယ်ခင်ဗျ။ လူဦးရေက(၈၀)ကျော်တယ်။ (၉၀)နီးပါးလောက် တိမ်းရှောင် နေရတယ်။ အောက်ရွာဘက်မှာ။ အခုအချိန်မှာလုံးဝပြန်လို့မရဘူး။ နှစ်ဖက်စလုံးကတိုက်ပွဲကတော့စိုးရိမ်နေရတယ်။”

နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့တိုက်ပွဲဆက်တိုက်ဖြစ်ပွါးနေကြောင်း RCSSဘက်က အတည်ပြု ခဲ့ပေမဲ့ အသေးစိပ် အခြေအနေတွေကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းဖြစ်ပွါးနေတဲ့တိုက်ပွဲတွေရပ်တန့်နိုင်ရေးအတွက် တွေ့ဆုံ ဆွေး နွေးနိုင်ဖို့က ကြိုးစားနေဆဲလို့ RCSSပြောခွင့်ရဗိုလ်မှူးကြီးစိုင်းငိန်းကပြောပါတယ်။

“မျက်နှာချင်းဆိုင်တွေ့ပြီးမှဖြေရှင်းရမဲ့အရေးဖြစ်တယ်လို့ဘဲမြင်တယ်။ ကိုယ့်တိုင်းရင်းသားညီနောင်အချင်းချင်းကြားမှာ ဒီလိုတိုက်ပွဲဖြစ်တာကတော့ ဘယ်သူ့ကိုဘယ်သူ့မှအကျိုးမပြုဘူးလို့ အားလုံးကိုဘဲအကျိုးယုတ်စေတဲ့ အနေအထား ဖြစ်တယ်။ ကြားခံအဖွဲ့အစည်းလား။ တတိယနိုင်ငံတခုလား အဲဒီလိုအနေအထားတော့ကျိုးပမ်းခဲ့တယ်။ ဒါပေမဲ့အဆင် မပြေခဲ့ဘူး။ အခုလောလောဆယ်တော့ကျိုးစားနေတဲ့အဆင့်တော့ရှိနေတာပေါ့နော်။”

တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်းဖြစ်ပွါးနေတဲ့စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ အဖြေရှာဖို့လိုတယ်လို့ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေး JMCSကော်မီတီအဖွဲ့ဝင်တာလှဖေ ကပြောပါတယ်။

“တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်းကြားကတော့ မယ်မြေသူ့မြေကိုယ့်မြေလုရင်းနဲ့ ဒီလိုဘဲ ဖြစ်နေကျပုံစံမျိုးတော့ ဖြစ်သွားပြီး။ ဒီနေရာမှာ နိုင်ငံရေးစားပွဲပေါ်မှာ ဖြေရှင်းရမဲ့ကိစ္စတွေလဲလေ။ အားလုံးကနိုင်ငံရေးစားပွဲပေါ်တက်လာရင် ဆွေးနွေးသွားရမှာ။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ဒေသဘက်မှာ အောက်တိုဘာလကစပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တအောင်းပလောင်တပ်ဖွဲ့နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP ပူးပေါင်းတပ်ဖွဲ့တွေ အကြားတိုက်ပွဲဖြစ်ပွါးမှုပိုမိုများပြားလာနေပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ ဒေသအတွင်းလှုပ်ရှားနေတဲ့ TNLA တအောင်းပလောင်တပ်ဖွဲ့ MNDAAကိုးကန့် တပ်ဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIAအဖွဲ့တွေနဲ့လဲ တိုက်ပွဲတွေဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွါးမှုကြောင့် ဒေသခံတွေလူ့အခွင့်အရေးချိုးဖေါက်မှုဒဏ်ခံနေရသလို စစ်ပြေးဒုက္ခသည်အဖြစ် နေရပ်ရင်း ကနေ တိမ်းရှောင်နေရတဲ့ဖြစ်စဉ်တွေလဲ အစဉ်လိုလိုရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG