သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ပိုင်းတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဆက်ဖြစ်


SSA (North) ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာတပ် တိုက်ပွဲဖြစ်ပွားစဉ်။ (၂၀၁၃)
SSA (North) ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာတပ် တိုက်ပွဲဖြစ်ပွားစဉ်။ (၂၀၁၃)

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်ထဲက ရှမ်းမြောက်ပိုင်းတပ်နဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး မြန်မာ့ တပ်မတော်ဘက်က စစ်အင်အား ထပ်မံဖြည့်တင်းနေပါတယ်။ တပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်ပေးဖို့ အတွက် ရှမ်းတပ်မတော်ရဲ့ တောင်းဆိုချက်ကိုတော့ သမ္မတထံကို တင်ပြပေးမယ်လို့ ဒီကနေ့မှာဘဲ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင်တို့က ကတိပေးခဲ့ပေမယ့် စစ်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ကတော့ မသေမချာ ဖြစ်နေဆဲပါ။ တိုက်ပွဲတွေကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အပါအဝင် လက်ရှိ ဆွေးနွေးနေတဲ့ အပစ်ရပ်ရေး ဆွေးနွေးမှုအပေါ်မှာပါ ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေသလဲ ဆိုတာကို မသိင်္ဂ ီထိုက် ဆက်သွယ် တင်ပြထားပါတယ်။

ရန်ကုန်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်တို့ရဲ့ အဆင့်မြင့် ခေါင်းဆောင် အဖွဲ့နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ကြား တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးချိန် နဲ့ အချိန်ကိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA ရဲ့ တောတွင်း စခန်းတွေကို မြန်မာ့ တပ်မတော်က အရှိန်မြှင့် ထိုးစစ်ဆင်နေပါတယ်။ မိုင်းရှုးမြို့နယ်ထဲက တောတွင်း စခန်းတွေမှာ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ရှိခဲ့တယ်လို့ SSA မြောက်ပိုင်းရဲ့ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောပါတယ်။

" ကနေ့ကလည်း သူတို့က စစ်ကူလာနေတယ်။ စစ်ကူလာပြီးတော့မှ မိုင်းရှုးရဲ့ အရှေ့မြောက်ဖက် သံလွင်အထိ အဲ့တာတွေကို သူတို့တိုက်မယ်လို့ သတင်းထွက်နေတယ်။ အဲ့ဒီ့တော့ ကျနော်တို့ဘက် ကလည်း တောထဲမှာ နေတဲ့ အဖွဲ့တွေဆိုတော့ နေစရာမရှိဘူးလေ။ တောထဲမနေလို့ မြို့တွင်းမှာလည်း ကျနော်တို့ မနေဘူး။ လမ်းကြောင်းကြီးမှာလည်း ပြည်ထောင်စု ကားလမ်းမကြီးမှာလည်း မနေဘူး။ အဲ့လိုအချိန်မှာ တောထဲမှာ ထပ်လာပြီး တိုက်မယ်ဆိုရင်တော့ ကျနော်တို့က မလွှဲမရှောင်သာ ကျနော်တို့ နေစရာမရှိတော့ ကိုယ့်ကိုကိုယ် ခုခံတဲ့အနေဖြစ်သွားမယ်။ ကျနော်တို့က သူတို့စခန်းတွေကို သွားတိုက်တာမျိုး မဟုတ်ဘူး။ "

ရန်ကုန်မြို့မှာ အပစ်ရပ်ရေး ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ SSA မြောက်ပိုင်းရဲ့ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က ဒီကနေ့မှာဘဲ ထိုးစစ်တွေ ရပ်ပေးဖို့ အတွက် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ အရပ်ဘက်နဲ့ စစ်ဘက် ခေါင်းဆောင်တွေ ကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

" ကချင်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ ရှမ်းမှာလည်း အခုတိုက်ပွဲတွေဖြစ်နေ တယ်။ နောက် ကရင်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ အဲ့တာမျိုးတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ ကျနော်တို့ မေတ္တာရပ်ခံတာပေါ့ မရပ်ဘူးဆိုလို့ရှိရင် ကျနော်တို့ အခု ဆွေးနွေးနေတဲ့ NCA ကလည်း ယုံကြည်မှု ပိုပျက်ပြားသွားမယ်။ တန်ဖိုးလည်း ကျတယ် နော့ ။ ကျနော်တို့ နိုင်ငံတော် သမ္မတကြီးဆီကို မနက်ဖြန် အစည်း အဝေးပြီးရင် သူတို့ချက်ခြင်းတင်ပြမယ်။ ရပ်ဆိုင်းဖို့ သူတို့လုပ်မယ် ဆိုတဲ့ သဘော တူညီမှုတော့ ရပါတယ်။ ဒါပေမဲ့အခိုင်အမာတော့ ဘယ်လိုဖြစ်လာမလဲ ဆိုတာ လက်တွေ့ပဲ ကျနော်တို့ စောင့်ကြည့်ရ မှာပေါ့ မျှော်လင့်တာကတော့ အကောင်းဆုံး က ရပ်စဲသွားဖို့ပဲ။ "

တနိုင်ငံလုံး အပစ်ရပ်ရေး နှစ်ဘက်တို့ ဆွေးနွေးနေကြချိန်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ်တို့ထဲမှာ မြန်မာ့ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေက အပစ်ရပ်ရေး အပေါ်မှာ ဆိုးကျိုးသက်ရောက်စေ လိမ့်မယ် လို့လည်း SSA မြောက်ပိုင်းရဲ့ ပြောခွင့်က ပြောပါတယ်။

" အခုက ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲလုပ်ပြီးတော့ အပစ်အခတ်ရပ်စဲရေး NCA လုပ်နေတဲ့ကိစ္စမှာ ဒီအတိုင်းဆိုရင်တော့ ယုံကြည်မှုက ပျက်ပြားပြီးတော့မှ ဘယ်လောက်ပဲ အပြောကောင်းကောင်း စာရွက်ထဲမှာပဲ ရှိနေတဲ့ စာချုပ်မျိုးဆိုရင် ကျနော်တို့ဟာ သိက္ခာလည်းမရှိဘူး။ အားလုံးကလည်း ကျနော်တို့ကို တရားခံဖြစ်သွားနိုင်တယ်။ ကျနော်တို့က။ ကျနော်တို့က စိတ်လည်းမကောင်းဘူး။ သူတို့က ဆင်ခြေဆင်လက်တွေ အများကြီးပေးလိမ့်မယ် ထုံးစံအတိုင်းပဲ။ အဲ့တာမျိုးတွေဟာ မမှန်ဘူး။ လူကြီးလူကောင်း မဆန်ဘူးဗျာ။ ကျနော်တို့ နားလည်တယ်။ ကျနော်တို့ လူကြီးလူကောင်းဆန်ဆန် အလုပ်လုပ်ဖို့ လိုပါတယ်။ "

ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/ SSA မြောက်ပိုင်းတပ်တို့ကို မြန်မာ အစိုးရက ပြီးခဲ့တဲ့ နှစ်ကတည်းက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာ အစိုးရတပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြောင့်SSA ရှမ်းပြည်နယ် မြောက် ပိုင်း ကျေးသီးမြို့နယ် တွင်းက တာ့ဖာဆောင် ကနေ ဆုတ်ခွာပေးခဲ့ရပြီး အခုအခါမှာ တောတွင်း စခန်းတွေမှာ အခြေချ နေကြရတာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ မြန်မာ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တိုင်း ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်းတပ်တို့ အနေနဲ့ အခုအခါမှာတော့ မိုင်းရှုးကို ဆက်သွယ်တဲ့ လမ်းမကြီးကို တိုက်ခိုက်မှု မရှိသလို အခုချိန်ထိလည်း တိုက်ခိုက်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ရှမ်းမြောက်ပိုင်းတပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG