သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း ဒေသခံတချို့ လက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးစုဆောင်းခံရ


MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့
MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့

တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ထားချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်အတွင်းမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က အတင်းအကျပ် လူသစ်စုဆောင်း တာကြောင့် ဒေသခံရွာသား ၄၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို လူ ၁၅ယောက်ကိုလည်း ဖမ်းဆီးသွားကြောင်း ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။ MNDAA ဘက်ကတော့ လူသစ်စုဆောင်းတာမရှိကြောင်း ပြောဆိုသလို အပစ်အခတ်ရပ်စဲရေးကို စတင်ဖော်ဆောင်ဖို့ လိုလားကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်ထဲမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က လူသစ်စုဆောင်းပြီး ရွာသားအချို့ကို ဖမ်းဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ဒီလ ၇ရက်နေ့က ထွက်ပြေးတိမ်းခဲ့တယ်လို့ ကွမ်းလုံမြို့ခံတွေက ပြောပါတယ်။

လောလောဆည်မှာ လူ ၁၅ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအီနွယ်လှိုင်ပူက အခုလို ပြောပါတယ်။

“ ဖမ်းသွားတယ်ဆိုတာကတော့ ရပ်မိရပ်ဖထဲက တာရှောက်တီးဆိုတဲ့ရွာက ၂ဦးရယ်။ ကျန်ကြားကျိုင်းရွာက ၄ဦးပေါ့နော်။ နောက်ဖတ်တူကတော့ လူငယ်တွေပါ။ ဖတ်တူကတော့ ၉ဦးပေါ့။ စုစုပေါင်း ၁၅ဦးတော့ ခေါ်သွားတယ်။ ၉ဦးကတော့ တပ်သားသစ် အနေနဲ့ ခေါ်တာပေါ့။ ဟို ၆ဦးကတော့ လူမပေးနိုင်လို့ ရွာလူကြီးခေါ်တဲ့သဘောပါ။”

ဒီလိုဖမ်းဆီးခေါ်ဆောင်းသွားတာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးလာကြတဲ့အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“ လက်ရှိမှာတော့ ကျနော်တို့ဆီကို ရှောင်တိမ်းလာတဲ့ ကျေးရွာ ၅ရွာပေါ့နော်။ အဲဒီကျေးရွာ ၅ရွာက ပြည်သူ စုစုပေါင်း ၄၁၆ဦးလောက် ကျနော်တို့ဆီ ရောက်နေပါတယ်။ ကျနော်တို့ နေရာထိုင်ခင်းတွေ၊ စားရေးသောက်ရေးတွေ အားလုံး စီစဉ်ပေးထားတာပေါ့။ အဓိကတော့ ကကကြည်းကနေပြီးတော့မှ ဒီဇင်ဘာ ၂၁ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်ခု ထုတ်ပြန်တာရှိတယ်။ အဲဒါကို အခွင့်ကောင်းယူပြီးတော့ အတွင်းပိုင်းအထိ ဝင်လာတာပေါ့။ လူသစ်စုတော့ ဒီရွာတွေက MNDAA အဖွဲ့တွေက တစ်ကြိမ်တစ်ခါမှ အဲဒီဂွင်ကို မဝင်ဖူးဘူးဗျ။ မဝင်ဖူးတဲ့အခါကျ ကျေးရွာသူရွာသားတွေက မကြုံဘူးတော့ ကြောက်လန့်ပြီးတော့ အကုန်ပြေးဆင်းလာကြတာ။ ”

တိမ်းရှောင်လာသူတွေဟာ ကွမ်းလုံမြို့ ဟိုလီကျေးရွာ အုပ်ချုပ်ရေးမှုးရုံးနဲ့ စာကြည့်တိုက်မှာ နေရာချထားပြီး ဖမ်းဆီးထားသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော်နဲ့ပူးပေါင်း ဆောင်ရွက်နေကြောင်း ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအီနွယ်လှိုင်ပူက ဆက်ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ MNDAAက လူသစ်စုဆောင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသလို TNLA တအန်း(ပလောင်)တပ်ဖွဲ့ကလည်း နမ့်ခမ်းမြို့နယ်မှာဘိန်းစိုက်ပျိုးတယ်လို့ အကြောင်းပြပြီး လူ ၁၈ယောက်ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူ ဦးဖုန်းဝင်းနိုင်ကတော့ လူသစ်စုဆောင်းတာ မရှိကြောင်း ပြောပါတယ်။

“ အဲဒီပတ်ဝန်းကျင် အဲဒီရွာတွေကလည်း ကျနော်တို့ရဲ့ ရွာတွေပဲ။ ကျနော်တို့ အဲလိုမျိုး ဖမ်းပြီးမှ ရဲဘော်တွေ လုပ်ခိုင်းတယ်ဆိုရင် အဲလိုမျိုး မလိုအပ်ဘူး။ ကျနော်တို့ ပြည်သူလူထုဆိုတာ ကျနော်တို့ ပြောလိုက်ရင် ဝင်လာတာ။ ဝင်လာပြီး ကူညီလုပ်ကြတာ။ တစ်ခါတစ်လေ ပြောတောင် ပြောစရာမလိုဘူး သူတို့က ဝင်ပြီးမှ ကိုယ့်လူမျိုးအတွက်ဆိုရင် လုပ်ရမှာပဲ ဆိုပြီးမှ ဝင်လာတယ်။ ကျနော်တို့က မယူဘူး။ အဲဒါ ဖမ်းစရာ မလိုဘူး။”

MNDAA ကိုးကန့် အဖွဲ့နဲ့အတူ KIA ကချင်၊TNLA တအန်း(ပလောင်)နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ အစိုးရ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမယ့် အလားအလာကိုဦးဖုန်းဝင်းနိုင်က အခုလို ဆက်ပြောပါတယ်။

“ အခုလောလောဆည်က အစိုးရနဲ့ ကျနော်တို့က အချိတ်အဆက် မရှိသေးဘူး။ သူတို့က ထုတ်ပြန်ကြေညာချက်အပေါ်မှာ cease fire တွေ ပြောထားပြီးမှ။ ခုထိတောင် ကျနော်တို့ကို cease fire ရဲ့ အပေါ် နည်းနည်းလေးတောင် မလုပ်ပြဘူးဆိုတာ ကျနော်တို့ ရခိုင်ကိုတိုက်နေတာဆိုတော့ အဲဒါကို ကျနော်တို့ ဘယ်လို လုပ်ရမလဲဆိုပြီး ကျနော်တို့လည်း အခုလောလောဆည် အဲဒါကို ညှိနေကြပါတယ်။ ငြိမ်းချမ်းရေးကတော့ ကျနော်တို့ လိုလားပါတယ်နော။ ”

ဇန်နဝါရီလ ၄ရက်နေ့မှာတော့ AA ရခိုင်တပ်ဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း ၄ခုကို တိုက်ခိုက်ခဲ့တဲ့နောက်မှာတော့ စစ်ရေးအခြေအနေတွေဟာ ပိုမိုတင်းမာလာမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

ဒီအခြေအနေတွေ အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ လက်ရှိ ငြိမ်းချမ်းရေးကော်မရှင်က ဒီထက် အများကြီး အလုပ်လုပ်ဖို့ လိုတယ်။ သူဟာ သူနဲ့ အစိုးရနဲ့ တပ်မတော်နဲ့ ပေါင်းထားတဲ့ အစုအဖွဲ့မျိုးဖြစ်ရင်တော့ အဲဒါ အဆင်ပြေမှာ မဟုတ်ဘူး။ အရေးကြီးတာက သူက ကြားထဲကနေ နေပြီးတော့မှ နှစ်ဘက် ပဋိပက္ခဖြစ်တဲ့ဆီမှာ ဟိုဘက်ကို မေး၊ ဒီဘက် တပ်မတော်ဘက်ကိုလည်း မေး အဲဒီဥစ္စာ ပြေလည်မှုရအောင် ကြားဝင် ညှိနှိုင်းဆွေးနွေးတဲ့ ဆီမှာ သူက တကယ်ကို တက်တက်ကြွကြွနဲ့ လုပ်တဲ့ ပုံသဏ္ဍာန်မျိုးကသာလျှင် ဒါကို လျော့ချဖို့ ရနိုင်လိမ့်မယ်။”

ငြိမ်းချမ်းရေးကော်မရှင်ဟာ ဒီဇင်ဘာလ ၁၂ရက်နေ့က MNDAA ကိုးကန့် ၊TNLA တအန်း(ပလောင်)နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ နောက်ဆုံးတွေ့ဆုံခဲ့ပြီး ဒီအဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့အတွက် သဘောတူညီချက် ရခဲ့သလို ဒီလအတွင်း ထပ်မံတွေ့ဆုံဖို့လည်း သဘောတူထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG