သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RCSS/SSA နဲ့ ဆက်သွယ်သူ မတရားသင်းပုဒ်မနဲ့ တရားစွဲခံရ


ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ ငြိမ်းချမ်းရေးဆွေးနွေး။
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ ငြိမ်းချမ်းရေးဆွေးနွေး။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းက စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်ကို ဒီကနေ့ ကျိုင်းတုံရဲစခန်းကို ပြန်လည်လွဲှပြောင်းလိုက်ပြီး အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ကတော့ ပြည်သူတယောက်အနေနဲ့ မလိုလားအပ်ဘဲ ဓားစာခံဖြစ်ရတယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ SNLD ပါတီဝင်ဟာ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင့်ရွာမှာ နေထိုင်သူ ဦးစိုင်းကျင်ဖြစ်ပြီး သူ့ကို ဒီလ ၅ရက်နေ့ည၈နာရီလောက်က ခလရ ၂၄၅ က တပ်ဖွဲ့ဝင် ၂၀လောက်က နေအိမ်ကနေ ဖမ်းဆီး သွားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဦးစိုင်းကျင်ကို တပ်မတော်က ကျိုင်းတုံရဲစခန်းကို လွဲှအပ်လိုက်ပြီး မတရားသင်းနဲ့ဆက်သွယ်မှု ပုဒ်မ နဲ့ အမှုဖွင့်ထားတယ်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံက အခုလို ပြောပါတယ်။

"မနေ့ကတုန်းက သူတို့ ကနေ့ ၉နာရီမှာ လွှတ်မယ်လို့ပြောပြီးတော့ မလွှတ်ပဲနဲ့ ရဲစခန်းကို လွှဲထားပါတယ်။ ဒီနေ့မှာတော့ သူ့ကို ပြစ်မှုအမှတ် ၅၁၊ ၂၀၁၄နဲ့ ရဲအမှုဖွင့်ထားပြီးတော့ ၁၇/၁ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။ ၁၇/၁ ဆိုတာ တရားမဝင် အသင်းအဖွဲ့နဲ့ ဆက်သွယ်ခြင်း၊ သောင်းကျန်းသူနဲ့ ဆက်သွယ်ခြင်း၊ သောင်းကျန်းသူအား ရိက္ခာလက်နက်ထောက်ပံ့ခြင်း၊ ရိက္ခာ၊ ဆက်ကြေးများထောက်ပံ့ပြီး ကောက်ခံပေးခြင်းဆိုတဲ့ သူက အဲ့သလို စွတ်စွဲထားတယ်ခင်ဗျ။"

ကျိုင်းတုံရဲစခန်းက တာဝန်ကျ အရာရှိတဦးကလည်း ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်ထားတဲ့အဖွဲ့အစည်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့အပေါ်မှာတော့ ဦးစိုင်းလုံက အခုလို မေးခွန်း ထုတ်ထားပါတယ်။

" RCSS/SSA ဟာ ပြည်နယ်အဆင့်လည်း လက်မှတ်ထိုးပြီးပြီ။ ပြည်ထောင်စု အဆင့်လည်း လက်မှတ်ထိုးပြီးထားတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ မြို့ထဲမှာ ဆက်ဆံရေးရုံးတွေဖွင့်ထားတယ်။ တာချီလိတ်မှာလည်း ဖွင့်တယ်။ ကျိုင်းတုံမှာလည်း ဖွင့်တယ်။ နောက်ပြီးတော့ တောင်ကြီးမှာလည်း ဖွင့်တယ်။ မိုင်းပန်မှာဖွင့်တယ်။ နေပြည်တော်မှာလည်း ရှိတယ်။ ရန်ကုန်မှာလည်း ရှိတယ်။ အဲ့လို ဆက်ဆံရေးရုံးတွေ ဖွင့်ထားပြီးတော့ MPC မှာလည်း တွေ့ဆုံ ထားပြီးပြီ။ နောက်ပြီးတော့မှ နိုင်ငံတော်အဆင့် လက်မှတ်ထိုးဖို့ လည်း ပြင်ဆင်ထားပြီးပြီ။ ဒီအဖွဲ့ကို တရားမဝင်ဘူးဆိုရင် ကျနော်တို့ ဘယ်လိုအဖွဲ့ကို တရားဝင်တယ်လို့ ပြောရမလဲဗျ။ ကျနော်တို့ သိချင်တာကတော့လေ။"
RCSS/SSA တောင်ပိုင်းအဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးစဉ်။
RCSS/SSA တောင်ပိုင်းအဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးစဉ်။

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေစဉ်ကာလမှာ အခုလို ဖမ်းဆီးတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဦးစိုင်းလုံက ဆက်ပြောပါတယ်။

" ကျနော်တို့ ကျေးရွာမှာနေတဲ့ ပြည်သူလူထုကတော့ ငြိမ်းချမ်းရေးကို ဖြစ်စေ ချင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ တိုင်းရင်းသားအားလုံးက ကိုယ်စီပံ့ပိုးကြတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးမျှော်လင့်ထားတဲ့အချိန်မှာ မလိုလားအပ်ပဲနဲ့ ကျနော်တို့ပြည်သူပြည်သားက ကြားက ညှပ်ပြီး ဓားစာခံဖြစ်ရတယ်ဆိုတာ တိုင်းသူပြည်သားတစ်ယောက်အနေနဲ့ရော တိုင်းရင်းသားတစ်ယောက်အနေနဲ့ရော ပါတီအနေနဲ့ရော ကျနော်တို့ အများကြီး စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အကြောင်းတော့ ပြောချင်ပါတယ်။"
ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်ပြီး ဆွေးနွေး။
ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်ပြီး ဆွေးနွေး။

လောလောဆယ်မှာတော့ ဦးစိုင်းကျင်ကို တရားစွဲမယ်ဆိုရင် ဒီအမှုကို ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်ထားတယ်လို့ ဦးစိုင်းလုံက ပြောပါတယ်။

အခုလို ဦးစိုင်းကျင် ကို ဖမ်းဆီးပြီးနောက်တရက်မှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)အပါအဝင် ရဲနဲ့ စစ်တပ်တွေဟာ RCSS/SSA တောင်ပိုင်းရဲ့ ကျိုင်းတုံ ဆက်ဆံရေးရုံးကို ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ ဒီလို ရှာဖွေစဉ်မှာ ရုံးတာဝန်ခံကို စရဖရုံးကို ခေါ်ဆို ထားတယ်လို့လည်း ကျိုင်းတုံဆက်ဆံရေး ရုံးတာဝန်ခံ ဒုဗိုလ်မှုးကြီး စိုင်းစိုးမိန်းက ပြောပါတယ်။

ဆက်ဆံရေးရုံးကို ဝင်ရောက်ရှာဖွေတာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်စဉ်မှာ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို ပျက်ပြားစေ တာကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ကို စာပေးပို့ထားတယ်လို့ RCSS/SSAရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးကြီး စိုင်းလက ပြောပါတယ်။

"ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ နားလည်မှုတွေ ဖော်ဆောင်ပေးဖို့ UPWC ထံကို ကျနော်တို့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ စာတစ်စောင် ပေးပို့ထား ပါတယ်။ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းထံ လိပ်မူပြီးတော့ ပေးပို့ထား ပါတယ်။ ကျနော်တို့ အစိုးရနဲ့ ဆက်ဆံရေး၊ တပ်မတော်နဲ့ ဆက်ဆံရေး ပြေလည်အောင် UPWC ကနေ ညှိနှိုင်းဆောင်ရွက်ပေးနိုင် ပါလိမ့်မယ်လို့ ကျနော်တို့က အဲ့သလိုပဲ မျှော်လင့်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဒီလို မပြေလည်မှုတွေ ဖြစ်နေချိန်မှာ ကချင်ပြည်နယ်ဖက်မှာတော့ ကြို ကြားဆိုသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီလ ၃ရက်နေ့က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ ပြည်နယ်အုပ်ချုပ်ရေးဝန်ထမ်း၂ဦးဟာလည်း ဒီနေ့ ထိ ပြန်မလွတ်သေးပါဘူး။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ ၆ရက်နေ့ ညနေမှာ ပြန်မလွှတ်ရင် အင်အားသုံး ဆောင်ရွက်မယ်လို့ အကြောင်းကြား ထားပါတယ်။

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က အခြေအနေတွေဟာ လာမယ့်အပတ်မှာ ကျင်းပမယ့် အစိုးရနဲ့ KIAအကြား ဆွေးနွေးပွဲနဲ့ တတိယပတ်မှာ ကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးပွဲကို တစုံတရာ ထိခိုက်စေမလားလို့ စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ကတော့ ဆွေးနွေးပွဲတွေဆက်လက်ကျင်းပဖို့ ရှိပြီး ပြဿ နာတွေကို ဒီဆွေးနွေးပွဲတွေက တဆင့် ဖြေရှင်းနိုင်မယ်လို့ လည်း မျှော်လင့်ထားပါတယ်။
XS
SM
MD
LG