သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ခုံမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား သုံးရက်ဆက် တိုက်ပွဲဖြစ်နေ


ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာနေအိမ် မီးရှို့ဖျက်စီးခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ဖယ်ခုံ PDF/ နိုဝင်ဘာ ၃၊၂၀၂၁)
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဝှဲကျေးရွာနေအိမ် မီးရှို့ဖျက်စီးခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ ဖယ်ခုံ PDF/ နိုဝင်ဘာ ၃၊၂၀၂၁)

{{Zawgyi/Unicode}}

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ ၃ ရက်ဆက်တိုက်ရှိနေပါပြီ။ တိုက်ပွဲဖြစ်တဲ့အနီးအနားက ရွာ လေးရွာထက်မနည်း ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ဖယ်ခုံနယ်ထဲမှာ စစ်တပ်က အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၂ ရက်နေ့ကနေ ဒီနေ့ ၄ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။

ခေါင်းအိကျေးရွာအုပ်စု လွယ်ဝှဲရွာကို စစ်ကောင်စီတပ်တွေ မီးရှို့လို့ နေအိမ် ငါးအိမ်ထက်မနည်း မီးလောင်ခဲ့ပြီး သုံးအိမ်က ပြာကျသွားတယ်လို့ မျက်မြင်ဒေသခံတဦးက VOA ကို ပြောပါတယ်။ အဲဒီမီးရှို့မှုဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သလိုဒီကနေ့မှာလည်း ခေါင်းအိကျေးရွာအုပ်စု စက်တော်ရွာတဝိုက်မှာ ထပ်ပြီးတော့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူတဦးက VOA ကို ပြောပါတယ်။

“မနက်ကတည်းကဖြစ်နေတာ ၇ နာရီ ၈ နာရီကတည်းက အခုချိန်ထိ ဖြစ်နေကြတုန်းပဲ။ မနေ့တုန်းကလည်း နေ့လည် ၁၁ နာရီခွဲလောက်က စပြီးတော့ လွယ်ဝှဲရွာကို မီးရှို့လို့ အဲ့ဒီမှာစဖြစ်တာ။စဖြစ်ပြီးတော့ ဒီကောင်တွေက တောင်ကုန်း တကုန်းနဲ့ တကုန်းရွှေ့လာတယ်၊ မနေ့ကတည်းက ညနေ ၅ နာရီ ၆ နာရီ လုံးဝ အမှောင်ရောက်သွားတဲ့အချိန်အထိ တိုက်ပွဲ ပြင်းထန်ဖြစ်ကြတယ်၊ ကျနော်တို့ဆီကလည်း ဒဏ်ရာတွေရကြတယ်၊သူတို့ဆီကလည်း ဒဏ်ရာရတာတွေ သေတာတွေရှိတယ်၊ မနေ့ကလည်း တနေကုန် ဒီနက် မိုးလင်းတော့လည်း ဆက်ဖြစ်တယ်။ ဒီအချိန်ထိ တနေကုန်ဖြစ်နေကြတယ်။ စဖြစ်တဲ့နေ့ကတည်းဆိုရင် ဒီနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ။”

(ဒီသတင်းဖော်ပြချက်ထဲမှာ PNLO ယူနီဖောင်းတွေ ကျန်ခဲ့တာတွေ့ရတယ်ဆိုပြီး မှားယွင်း ဖော်ပြထားတဲ့အတွက် ပြန်လည်ပြင်ဆင်ထားပါတယ်။)

ခေါင်းအိကျေးရွာ၊ စက်တော်ကျေးရွာ၊ လွယ်ဝှဲကျေးရွာ၊ လွယ်လုံကျေးရွာတွေနားမှာ စစ်တပ်က တပ်စွဲပြီး စစ်ဆင်ရေး လုပ်နေပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ထွက်ပြေးနေတဲ့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေး၊ နေအိမ်တွေကို မွှေနှောက်ဖျက်စီးပြီး လိုချင်တဲ့ပစ္စည်းတွေ ယူသွားတယ်လို့ ပြောပါတယ်။ လက်နက်ကြီးတွေကျလို့ နေအိမ် ပျက်စီးမှုတချို့လည်း ရှိတယ်လို့ စက်တော်ရွာသားတဦးက ပြောပါတယ်။

“အကုန်လုံး ထွက်ပြေးရတယ်ဗျ၊ ရွာထဲမှာတော့ တယောက်မကျန်ဘူးဗျ၊ မနေ့ည ဆိုလည်း ဒီစက်တော်ရွာက 120 လက်နက်ကြီးထိလို့ နေအိမ်တလုံးထိသွားတယ်၊ အဲ့ဒီဖယ်ခုံကနေ ဒီမြို့ပေါ်ကနေပြီးတော့ တောဘက်ကို လှမ်းထုတယ်။ အဲ့လိုပုံစံမျိုးပေါ့။ သူတို့က ရမ်းသမ်းထုတဲ့ ပုံစံမျိုးပေါ့။”

ဖယ်ခုံမြို့နယ်ထဲမှာ စစ်တပ်က စစ်အင်အား တိုးမြှင့်ထားတယ်လို့လည်း ခေါင်းအိကျေးရွာအုပ်စု ဒေသခံတဦးက ပြောပါတယ်။

“သူတို့ လက်နက်အင်အား လူအင်အားတွေ တော်တော်လေးဖြည့်လာတယ်၊ သူတို့က အခုမှပဲ ဖြည့်တာမဟုတ်ဘူး။ တိုက်ပွဲ အရင်တုန်းကလည်း ၂ ကြိမ် ၃ ကြိမ်ဖြည့်ခဲ့ပြီးပြီ။ အဲ့လိုကြောင့်မို့လို့ပါ၊ ဒါပေမယ့် ဒီတကြိမ်ကျတော့ လူအင်အားရော လက်နက်အင်အားရော အလွန်သုံးတဲ့အတွက်ကြောင့်မို့လို့ ရွာက အကုန်လုံးစစ်ရှောင်အဖြစ်နဲ့ ထွက်ပြေးရတာပေါ့နော်၊ ဒီတခေါက်ကျတော့ အလွန်အင်အားသုံးတဲ့အတွက်ကြောင့်မို့လို့ ရွာက ဒေသခံတွေလည်း မနေရဲတဲ့အခါကျတော့ ထွက်ပြေးရတာပေါ့၊ တော်တော်နဲ့ ဒုက္ခရောက်ကြတာပေါ့နော်။”

စပါးရိတ်သိမ်းချိန်ဖြစ်နေပေမယ့် ခုလို တိုက်ခိုက်မှုတွေကြောင့် ဒီလုပ်ငန်းတွေ မလုပ်ငန်းနိုင်ဘဲ ဒေသခံတွေဟာ ထွက်ပြေးနေရပြီး ဆင်းရဲပင်ပန်းမှုမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ ခေါင်းအိကျေးရွာအုပ်စု ဒေသခံက ပြောပါတယ်။

“ကျနော်တို့မှာ အိုးရှိတယ် အိမ်ရှိတယ်၊ ဘဝမှာ ဒီလိုဖြစ်လာမယ်လို့ တခါမှတော့ မတွေးဖူးဘူးပေါ့နော်၊ ဒီအချိန်မှာ မကြုံဖူးကြုံရတဲ့အတွက်ကြောင့်မို့ ဒုက္ခပေါင်းစုံ ဆင်းရဲပင်ပန်းမှုမျိုးစုံနဲ့ ကျနော်တို့ ဒေသတွေ အခက်အခဲကြုံတွေ့နေရတယ်၊ ဘာဖြစ်လို့လဲ ဒီအချိန်က ရိပ်ချိန်သိမ်းချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်စိုက်ပျိုးထားတဲ့ စပါးတွေ အချိန်တန်ရင် ကိုယ်က မရိပ်သိမ်းနိုင်၊ မှည့်တော့မှည့်နေပြီ။ ရိပ်သိမ်းလို့ရပြီး အဲ့ဒါကို ပစ်ထားခဲ့ပြီးတော့မှ အိုးအိမ်စွန့်ခွာထားခဲ့ပြီးတော့ ကျနော်တို့ ထွက်ပြေးရတယ်။”

စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းအစောက ရွှေပြည်အေးရွာ၊ ကသဲရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ပြေးခဲ့ကြရပါတယ်။ ရွာတွေနား တပ်တွေ စခန်းချနေလို့ဒီနေ့အချိန်ထိ မပြန်နိုင်ကြသေးပါဘူး။ ယာယီစစ်ဘေးဒုက္ခသည်စခန်းမှာ တနေ့တခြား ဒုက္ခသည်တွေ များလာနေလို့ နေထိုင် စားသောက်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။


==============

{{Unicode}}

ဖယျခုံမှာ စဈတပျနဲ့ ဒသေခံကာကှယျရေးအဖှဲ့ကွား သုံးရကျဆကျ တိုကျပှဲဖွဈနေ















XS
SM
MD
LG