သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် စစ်ဘေးဒုက္ခသည်များ တိုးလာ


ရှမ်းစစ်ဘေးဒုက္ခသည်များ
ရှမ်းစစ်ဘေးဒုက္ခသည်များ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နောင်ချို နမ္မတူ လားရှိူးမြို့နယ်တွေမှာ TNLAတအာင်းပလောင် တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့အကြား စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံရွာသားတွေ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။ လက်ရှိ စစ်ရေးတင်မာနေဆဲအခြေနေတွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ရင်းကိုပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ ဒုက္ခသည် ကယ်ဆယ်ရေးကော်မီတီတွေကပြောပါတယ်။ ရှမ်းပြည်နယ်စစ်ဘေးရှောင်တွေရဲ့နောက်ဆုံးအခြေအနေကိုတော့ ဗွီအို အေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲအခြေအနေတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများအပြားမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့ရွာသားတွေပိုမိုများပြာလာနေတာပါ။

လာရှိုးမြို့မှာတော့ စနေနေ့ကနေ ယနေ့အထိ စစ်ဘေးရှောင်ရွာသား(၃၀၀)ခန့်ရောက်ရှိနေတယ်လို့ လားရှိူးမြို့TYO ရှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်ကပြောပါတယ်။

“ဒီနေ့ ၁ နာရီလောက်က ရောက်လာကြတယ် ၁၀၀ လောက်ပေါ့။ မနေ့ကလည်း ရောက်လာတယ် ၃၀၀ နီးပါးရှိပြီခင်ဗျ။ နေထိုင်စားသောက်ရေးကတော့ အသင်းအဖွဲ့ကနေ သွားပြီးတေ့ာ ကူညီတယ်ခင်ဗျ။ ဒီလားရှိုးမှာ ရောက်တဲ့လူတွေကတော့ နားဆိုင်း၊ အဲဒါဘက်က ရောက်တဲ့လူတွေများတယ်။ တပ်ပေါင်းစုအဖွဲ့တွေကနေပြီးတော့ ရွာထဲမကို မြေကြီးတွေဘာတွေတူးတယ်၊ ကတုတ်ကျင်းပေါ့ဗျာ အဲဒီဟာတွေတူးပြီး တပ် လာရင် ပစ်မယ်ဆိုပြီးပြောတော့ ရွာသားတွေကလည်း စစ်တိုက်တာကြောက်လို့ အိုးအိမ်တွေစွန့်ပြီး ဒီဘက်ကို တက်လာကြတယ်။”

ထွက်ပြေးလာတဲ့ရွာသားတွေဟာ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာသားတွေဖြစ်ကြပြီး နားဆိုင်းဒေသအတွင်း မြန်မာ့ တပ်မတော်နဲ့ TNLAတပ်ဖွဲ့တို့အပြိုင်စစ်ရေးလှုပ်ရှားနေတဲ့အခြေအနေတွေကြောင့် လုံခြုံရေးကိုစိုးရိမ်နေရတဲ့ အတွက် အခုလိုထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပါတယ်။

နမ္မတူမြို့မှာလဲ စစ်ဘေးရှောင်တွေထပ်မံရောက်ရှိလာသလို လက်ရှိစစ်ရေးတင်းမာနေဆဲအခြေအနေကြောင့် နေရပ်ရင်းကိုပြန်ပို့ဖို့မဖြစ်နိုင်သေးဘူးလို့ ကယ်ဆယ်ရေး အကူညီပေးရေးဒုဥက္ကဌဦးစိုင်းဘဉာဏ်ကပြောပါတယ်။

“မနေ့ကအထိပေါ့နော် အားလုံးအိမ်ထောင်စုက ၃၅၇ စု ၊ လူဦးရေက ၁၃၄၃ ယောက်ရှိတယ်။ ကျနော်တို့ မြို့နယ်မှာ စခန်း ၅ ခုရှိတယ်။ ကျနော်တို့ဒီမှာ အခုထိတော့ မငြိမ်သေးဘူးပေါ့နော် ၊ သူတို့ စိုးရိမ်နေတာပေါ့ဗျာ တိုက်ပွဲအခြေအနေက။ အိမ်ပြန်ဖို့က အခြေအနေကို ကောင်းကောင်းစုံစမ်းပြီးမှ ပြန်မှာလေ။”

အလားတူ ကျောက်မဲမြို့နဲ့ နောင်ချိုမြို့မှာလဲ စစ်ဘေးရှောင်ရွာသားတွေရောက်ရှိနေတယ်လို့ ကျောက်မဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းထွန်းဉာဏ်ကပြောပါတယ်။

“ကျောက်မဲမှာလည်း ကျနော်တို့ အလုပ်ရှုပ်နေတယ်။ စစ်ဘေးရှောင် ၂၀၀ လောက်ရောက်နေတယ်။ မနေ့ကရောက်တာပေါ့လေ။ ကျောက်မဲမြို့က မိုင် ၂၀ ဝေးတဲ့ ပန်ကွာ ကျေးရွာအုပ်စုမှာ စနေနေ့ညက TNLA က စစ်သားစုဆောင်းရေး ဆိုပြီးတော့ ရွာထဲမှာ လူကောက်တာပေါ့လေ။ အဲဒီတော့ ကြောက်ပြီး ထွက်ပြေးကြတာပေါ့လေ။ အခုလောလောဆယ်တော့ ဒီရောက်လာတဲ့ လူ ၂၀၀ ဝန်းကျင်လောက်ကို သူတို့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ကို လိုက်ပြီးတော့ လုပ်နေတယ်။ နောက်ချိုဘက်မှာဆိုရင် ၁၉၀ လောက်ရှိတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နောင်ချို နမ္မတူ လားရှိူးမြို့နယ်တွေမှာ TNLAတအာင်းပလောင် တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွါးနေမှု စစ်ရေးတင်မာနေမှုကြောင့် ဒေသခံရွာသားတွေ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။

မနေ့ကလည်း TNLAတအာင်းပလောင်တပ်ဖွဲ့ နဲ့မြန်မာ့တပ်မတော်တပ်ရင်း (၇၁၇)တို့အကြားကျောက်မဲမြို့နယ် ကော်ပေါင် ကျေးရွာအနီးမှာ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ TNLAဘက်ကထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း မူဆယ်ခရိုင်မုန်းကိုးဒေသ ဘက်မှာ တော့ နယ်မြေအခြေအနေတည်ငြိမ်စပြုလာလို့ တရုတ်နိုင်ငံအတွင်းကိုတိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မုံးကိုးမြို့ထဲကိုပြန်လည်ဝင်ရောက်လာပြီးဖြစ်ပါတယ်။

မုံးကိုးစစ်ဘေးရှောင်(၈၀၀၀)ကျော်အနက်က နှစ်ထောင်ကျော်ဟာ ပြန်လည်ဝင်ရောက်လာပြီးဖြစ်သလို ဒေသခံ အာဏာပိုင်တွေကနေ တိုက်ပွဲကာလအတွင်း ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို ကောက်ယူနေဆဲလို့ မူဆယ်ခရိုင်အုပ်ချုပ် ရေးမှူးဦးကျော်ကျော်ထွန်းကပြောပါတယ်။

“အားလုံးပေါင်း ၂၄၈၂ ဦးသာ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိပါတယ်။ သူတို့ရဲ့ စာရင်းအရဆိုရင်တော့ ကျား၊ မပေါ့နော် ၈၄၄၂ ဦးရှိတာပေါ့နော် ။ အခုတော့ ၂၄၈၂ ဦးသာ ပြန်ဝင်နေပြီပေါ့နော် ၆၀၀၀ ကျော်လောက် ကျနော်တို့ တာဝန်ယူနေပါတယ်။ အခု မြို့အုပ်ချုပ်ရေးမှူးနဲ့ စပြီးတော့မှ စာရင်းကောက်ယူမှုအပိုင်းတွေလုပ်နေပါတယ်။ နိုင်ငံတော်ပိုင်အဆောက်အဦးတွေပေါ့၊ နောက်တခုက အဲဒီမှာ စည်ပင်သာယာရေးလှုပ်ငန်းတွေပေါ့နော် ၊ နောက်ပြီးတော့ လျှပ်စစ်မီးကိစ္စတွေပေါ့နော်။ ဒါတွေကို ဦးစားပေးပြီးတော့မှ လုပ်ပေးဖို့တာဝန်တွေရှိတယ် အဲဒီပြီးတော့မှ ပြည်သူတွေအိမ် ထိခိုက်ပျက်စီးမှုဖြစ်တာတွေ ၊ ထိခိုက်မှုရှိတာတွေ ဒါတွေကိုလည်း အကုန် စာရင်းကောက်မှာပါ။ ပျက်စီးဆုံးရှုံးမှုစာရင်းကတော့ ရှမ်းပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ရှမ်းပြည်နယ်အရှေှုမြောက်ဒေသအတွင်းမှာ ပြီးခဲ့တဲ့ နိူဝင်ဘာလ(၂၀)ရက်နေ့ကစပြီး KIA / TNLA / MNDAA / AAစတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား မူဆယ် ကြူကုတ် ပန်ဆိုင်း မုံးကိုး ဖေါင်းဆိုင်ဒေသ ဘက်မှာ စစ်ရေးတင်းမာလာခဲ့ကြသလို တိုက်ပွဲတွေအတွင်းဒေသခံ(၂)သောင်းခန့်ဟာလဲ တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိမှာ မူဆယ်ခရိုင်မုံးကိုးဒေသဘက်မှာ မြန်မာ့တပ်မတော်ကနေထိမ်းချုပ်ထားနိုင်ပြီး စစ်ရေးတည်ငြိမ်မှုရှိ လာပြုပြီး ဖြစ်ပေမဲ့ ကျောက်မဲ နောင်ချို နမ္မတူ လားရှိူးမြို့နယ်တွေမှာ TNLAအဖွဲ့တွေနဲ့စစ်ရေးတင်းမာနေ ဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေှုမြောက်ဒေသအတွင်းတိုက်ခိုက်မှုနဲ့ပက်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIAကချင် လွတ်လပ်ရေး တပ်မတော် TNLAတအာင်းပလောင်တပ်ဖွဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေအပေါ် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်သတ်မှတ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကနေ ဒီဇင်ဘာ(၇)ရက်နေ့မှာ မဲခွဲဆုံးဖြတ်သတ်မှတ်ခဲ့ကြ ပါတယ်။ ဒီလိုသတ်မှတ်တာနဲ့ပက်သက်လို့ အနယ်နယ်အရပ်ရပ်က အရပ်ဖက်လူမှုအဖွဲ့အစည်း(၁၅၀)ကျော်ကနေ အိတ်ဖွင့်ပေးစာပေးပို့ကန့်ကွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG