သုံးရလွယ်ကူစေသည့် Link များ

ရှမ်းဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေး


မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (ခေါ်) ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ အခုချိန်ထိ နေရပ်ရင်းကို မပြန်နိုင်သေးဘူးလို့ ဒေသခံတွေ က ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တန့်ယန်းမြို့က ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေကြရတဲ့အကြောင်း ဒေသ ခံတွေက ပြောပါတယ်။ ရှမ်းပြည်တပ်မတော် အခြေချတဲ့တပ်စခန်းကို ရုပ်သိမ်းပေးဖို့ မြန်မာစစ်တပ်ရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်တဲ့အတွက် အခုလို စစ်ရေးတင်းမာမှု ဖြစ်ပွား ခဲ့လို့ ဒေသခံကျေးရွာသားတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်ကြောင်းတလျှောက် နေရာတွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ကျေးရွာပေါင်း ၁၆ ရွာက ရွာသားတွေဟာ စစ်ဘေးလွတ်ရာ တန့်ယန်းမြို့ထဲကို စစ်ပြေးဒုက္ခသည်အဖြစ် တိမ်းရှောင်လာခဲ့တာပါ။ ဒီစစ်ပြေးဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ တန့်ယန်းမြို့ခံတဦးက အခုလို ပြောပါတယ်။

“ဒုက္ခသည်တွေ လာနေတုန်းပဲဗျ။ ၅ ရက်နေ့တုန်းက စစ်ကြောင်းက လူထုကို ပေါ်တာဆွဲပြီးတော့မှ သွားလှုပ်ရှားတယ်ပေါ့ဗျာ။ အဲ့ဒီမှာ မိုင်းသွားနင်းမိတော့ အစိုးရဘက်က လူလည်းသေတယ်။ လူထုလည်း တစ်ယောက်သေတယ်။ အဲ့တာကြောင့် ပြန်ဖို့နေနေသာသာ မပြန်နိုင်သေးဘဲနဲ့ အခု အဲ့ဒီဘက် ကျေးရွာသားတွေက တန့်ယန်းမြို့ကို ထပ်ရောက်လာတယ်ပေါ့။”

ဒီစစ်ပြေးဒုက္ခသည်တွေအထဲမှာ ရှမ်းလူမျိုးတွေအပြင် ပလောင်၊ တရုတ်လူမျိုးတွေလည်း ပါဝင်နေတယ်လို့ တန့်ယန်းဒေသခံက ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်သူ ဒုက္ခသည်တွေဟာ တန့်ယန်းမြို့နယ်က ဘုန်းကြီးကျောင်းတွေ မှာ ခိုလှုံနေတယ်လို့လည်း အခြေအနေကို စောင့်ကြည့်နေတဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတဦးဖြစ်သူ မယိန်းဟန်ဖ က ပြောပါတယ်။

“တန့်ယန်းမှာ တိုက်ပွဲဖြစ်တော့ အဲ့ဒီတန့်ယန်းတဝိုက်မှာရှိတဲ့ ၁၆ ရွာပေါ့နော်။ နောက်ပြီးတော့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးရတယ်ရှင့်။ တိုက်ပွဲကြောင့် ထွက်ပြေးရတာဖြစ်တာပေါ့နော်။ တန့်ယန်းကျေးအုပ်စုမှာရှိတဲ့ အဲ့ဒီ ဘုန်ကြီးကျောင်းမှာပေါ့နော်။ အဲ့ဒီကျောင်း ၃ ကျောင်းရှိတယ်။ အဲ့ဒီမှာ သူတို့သွားပြီး ခိုလှုံနေတာပေါ့နော်။”

ဒီစစ်ပြေးဒုက္ခသည်တွေကို ရှမ်းလူငယ်အဖွဲ့တွေ ခန်းကူးဖောင်ဒေးရှင်းအဖွဲ့တွေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင်တွေကနေ အလှူငွေ ကောက်ခံပြီး ကူညီထောက်ပံ့ပေးနေတယ်လို့လည်း တန့်ယန်းဒေသခံတွေက ပြောပါတယ်။

မတ်လလယ်ပိုင်းတုန်းက မြောက်ပိုင်းရှမ်းပြည်တပ်မတော်လို့ လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ မြန်မာစစ်တပ်တို့ တန့်ယန်းမြို့နယ်ဘက်မှာ စစ်ရေး တင်းမာမှုဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာခဲ့တာပါ။

မြန်မာစစ်တပ်အနေနဲ့ ဖေဖော်ဝါရီလတုန်းက မြောက်ပိုင်း ရှမ်းပြည်တပ်မတော် စခန်းချရာ လွယ်လန်းဒေသက တပ်တွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်ကို SSPP အနေနဲ့ လက်ခံနိုင်ဘွယ် မရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဖိန်ဖ က အခုလို ပြောပါတယ်။

“တပ်တွေ ပြန်ရုပ်သိမ်းပေးဖို့ ကျွန်တော်တို့ဆီကို ခွင့်တောင်းလာတယ်။ သူတို့ ရုပ်ခိုင်းတာက အဲ့ဒီလွယ်လန်းတို့ လွယ်ကျေးတို့ အဲ့ဒီဘက်မှာ။ ကျွန်တော်တို့ မဆုတ်နိုင်တဲ့အကြောင်း ပြောပြတယ်။ စာနဲ့ပေနဲ့ ရေးပြီးတော့ သူတို့ကို ပို့ပေးတယ်။ သူတို့က လေယာဉ်ကွင်းဆောက်ဖို့ အစီအစဉ်ရှိတယ်။ နောက်ပြီးမှ ကျွန်တော်တို့နဲ့ ၀ နဲ့ အဆက်အသွယ်ပြတ်အောင် သူတို့က လုပ်ချင်တယ်။ အဲ့ဒီသဘောမျိုးဖြစ်တယ်။”

မြန်မာစစ်တပ်ရဲ့ တောင်းဆိုချက်ကို မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဘက်ကနေ လက်မခံခဲ့လို့ မြန်မာစစ်တပ်ကနေ စတင်ထိုးစစ်ဆင်ခဲ့တယ်လို့လဲ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောပါတယ်။

စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ နေထိုင်နေကြရတဲ့ ကျေးရွာ ၁၆ ရွာက စစ်ပြေး ဒုက္ခသည်တွေဟာ လက်ရှိ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး ရေရှည် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာနိုင်မှာမို့လို့ မိမိဒေသမှာ ပြန်လည်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် တိုက်ပွဲတွေ ထပ်မဖြစ်အောင် မြန်မာအစိုးရ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို RCSS ဘက်က တောင်းဆိုခဲ့ပေမဲ့ တိကျတဲ့ အဖြေမရခဲ့ဘူးလို့ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မြန်မာစစ်တပ်ကနေ တန့်ယန်းမြို့နယ်အတွင်းမှာ အင်အား တိုးချဲ့ချထားလိုက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ ခြေကုတ်ယူထားတဲ့ နေရာတွေကနေ ဆုတ်ခွာပေးအောင် တောင်းဆိုထားတာရှိသလို နောက်ပိုင်း စစ်ရေးအရ တိုက်ခိုက်နေတဲ့ အခြေအနေကြောင့် ဒေသခံတွေအနေနဲ့ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အနေနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အချက် ၅ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ ဧပြီလ ၃ ရက်နေ့တုန်းက ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင်တွေနဲ့ SSPP ခေါင်းဆောင် တွေ လားရှိုးမြို့မှာ တွေ့ဆုံခဲ့စဉ်တုန်းကလည်း တပ်စခန်း ဆုတ်ခွာရေးကိစ္စအပါအဝင် နှစ်ဘက်အကြား ပစ်ခတ်မှုအခြေအနေတွေကို ဆွေးနွေး ခဲ့ကြပေမဲ့လည်း အောက်ခြေပိုင်းမှာ တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွါးနေဆဲ အခြေအနေမှာ ရှိနေပါတယ်။
XS
SM
MD
LG