သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတိုင်းရင်းသားဒုက္ခသည်နဲ့ ကူညီရေးအခက်အခဲ


တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် (RCSS-SSA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင် ရွာသား (၁၅၀၀) ကျော်ဟာ ကျောက်မဲမြို့နဲ့ သီပေါမြို့ပေါ်ကို တိမ်းရှောင်ရောက်ရှိနေပါတယ်။

လက်ရှိ ရှည်ကြာနေတဲ့ နှစ်ဘက်တိုက်ပွဲ အနေအထားကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီရေးမှာ အခက်တွေ့နိုင်မယ်လို့လည်း အကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် စစ်ဘေးထွက်ပြေးတိမ်းရှောင်လာတဲ့ သီပေါမြို့နယ်မှ မန်လွယ်ကျေးရွာနဲ့ ပန်ခါးရွာက ဒေသခံ (၅၀၀) ကျော်ကို ဒုက္ခသည်စခန်း နှစ်ခုဖွင့်ပြီး စောင့်ရှောက်ထားတယ်လို့ သီပေါမြို့ ပရဟိတကူညီရေးအဖွဲ့ဝင် ကိုမျိုး က အခုလို ပြောပါတယ်။

“ကျနော်တို့ သီပေါမြို့ပေါ်ကဆိုရင် ရတနာရွှေဂူကျောင်းတိုက်မှာ ၃၄၄ ယောက်ရှိမယ်။ ဘော်ကြိုဘုရားကြီးဝင်း အဆောင်မှာပေါ့နော် ၂၂၅ ယောက်ရှိမယ်။ နေထိုင်စားသောက်ရေးကတော့ ကျနော်တို့ကတော့ လူမှုအဖွဲ့အစည်းတွေနဲ့ လာလှူတဲ့ အလှူရှင်တွေနဲ့ဆိုတော့ နည်းနည်းလေးတော့ အဆင်ပြေပါတယ်။”

ဒုက္ခသည်တွေကို အကူညီပေးဆောင်ရာမှာ လတ်တလောအတွက် မထောင်းသာပေမဲ့ ရေရှည်မှာဆို အခက်တွေ့နိုင်တယ်လို့ ကိုမျိုး က ဆက်ပြောပါတယ်။

“အခု ကျနော်တို့ လှူဒါန်းတဲ့ဥစ္စာလေးတွေက ရတနာရွှေဂူကျောင်းတိုက်မှာရယ်၊ နှစ်နေရာခွဲထားရတာကိုး။ နှစ်နေရာမှာရှိနေတာဆိုတော့ နှစ်နေရာကိုမျှပြီး ကျနော်တို့အဖွဲ့အစည်းတွေက လိုက်လိုက် လုပ်ပေးနေရတာ။ အခက်အခဲကတော့ ရေရှည်မှာဆိုရင်တော့ ပိုပြီးတော့ ခက်ခဲမှာပါ။”

သီပေါစစ်ရှောင်စခန်းကို ရောက်လာသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။ အလားတူ စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ရှိနေတဲ့ ကျောက်မဲစစ်ဘေးရှောင် စခန်းမှာလည်း ရေရှည်အတွက် အကူအညီပေးရေးမှာ အခက်အခဲ ဖြစ်လာနိုင်မယ်လို့ အကူညီပေးရေးအဖွဲ့ဝင် ကိုသားဇော် က ဆိုပါတယ်။

“ရေရှည် စောင့်ရှောက်ဖို့ဆိုတာကတော့ အခက်အခဲပေါ့။ လချီကြာသွားရင်တော့ အခက်အခဲ ရှိနိုင်တယ်။ နိုင်ငံတော်ထောက်ပံ့မှုမရှိရင်တော့ ရေရှည်ဆိုရင်တော့ အများကြီး ခက်ခဲသွားနိုင်တယ်။”

ကျောက်မဲမြို့ပေါ်မှာ တောင်နောက်ကျောင်းတိုက်၊ တိလျင်ကျောင်းတိုက်၊ ရွှေကျင်ကျောင်းတိုက်၊ ဝေဠုဝန်ကျောင်းတိုက်၊ နန့်စလင်းကျောင်းတိုက်၊ ဝါဆိုကျောင်းတိုက်တို့မှာ စစ်ရှောင်စခန်း (၆) ခု ဖွင့်လှစ်ထားသလို နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်တွေမှာလည်း ခိုလှုံနေကြပါတယ်။ကျောက်မဲမြို့ စစ်ရှောင်စခန်းကို ရောက်လာသူတွေဟာ ဟူးစွန်၊ ဟူးကွက်နဲ့ ပုံးလုံ ကျေးရွာအုပ်စုက ရွာသားတွေဖြစ်ကြပြီး၊ မေလပထမအပတ်ကစလို့ ဒီကနေ့အထိ ထပ်မံရောက်ရှိနေဆဲလို့ ကိုသားဇော် က ဆိုပါတယ်။

မနေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေ သီပေါမြို့ ရတနာရွှေဂူ ဘုန်းကြီးကျောင်းနဲ့ ဘော်ကြိုကျောင်းမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ကျပ်ငွေသိန်း (၁၀၀) နဲ့ ကျောက်မဲမြို့ပေါ်က စစ်ရှောင်စခန်းတွေအတွက် ကျပ်ငွေသိန်း (၅၀) ကူညီ ထောက်ပံ့ခဲ့ပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ မန်တုန်၊ ကွတ်ခိုင်၊ နမ့်ခမ်းဒေသအတွင်းမှာ တအာင်း ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော်တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်းကိုပြန်ဖို့ မဝံ့ရဲသေးသလို ရေရှည်မှာ စောင့်ရှောက်နိုင်ဖို့ အခက်တွေ့နိုင်တယ်လို့ ဒုက္ခသည်ကူညီရေး ကော်မတီတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာလည်း နမ့်ခမ်းမြို့နယ်အတွင်းမှာ တောင်ပိုင်းရှမ်းတပ်ဖွဲ့ RCSS/SSA နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဟိုပန်ကျေးရွာမှာ အိမ်ခြေ (၆၀) ကျော် မီးလောင်ကျွမ်းခဲ့ပြီး ရွာသား (၂၀၀) ကျော်ဟာလည်း မိုင်းဝီဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရပါတယ်။

TNLA (ခေါ်) တအာင်းပလောင်တပ်ဖွဲ့နဲ့ RCSS- SSA တောင်ပိုင်းရှမ်းပြည် တပ်မတော်တို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းလောက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့သလို ဒီကနေ့အထိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံကျေးရွာသား (၃၀၀၀) ကျော်ဟာ နမ့်ခမ်းမြို့နယ် မိုင်းဝီကျေးရွာ သီပေါမြို့၊ ကျောက်မဲမြို့၊ ကွတ်ခိုင်မြို့နယ်က နန်းဖတ်ကာနဲ့ မိုင်ယုလေး ကျေးရွာတွေမှာ စစ်ဘေးခိုလှုံနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG