သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း ဒုက္ခသည်တွေ အရေး အစိုးရသစ်ဖြေရှင်းပေးဖို့ ဒေသခံတွေ တောင်းဆို


ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေတဲ့ ရှမ်းဒုက္ခသည်များ။ (ဖေဖော်ဝါရီ ၊ ၂၀၁၅)
ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံနေတဲ့ ရှမ်းဒုက္ခသည်များ။ (ဖေဖော်ဝါရီ ၊ ၂၀၁၅)

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရှမ်းပြည်နယ်တွင်း ထွက်ပြေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည် ပြဿနာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ လွှတ်တော်သစ် မှာ တင်ပြနိုင်ဖို့ စီစဉ်နေကြပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှမ်းလက်နက်ကိုင် တပ်ဖဲ့ွတွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်မှုတွေကို အမြန်ဆုံး ပြန်လည် ထူထောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဒုက္ခသည်အရေး လှုပ်ရှားနေသူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်း ထောက်နိုင်ကွန်းအိန် သတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါဒုက္ခသည်စခန်းနေ ဒုက္ခသည်တွေရဲ့ ဘဝပြန်လည် ထူထောင်ရေး အတွက် အရေးတကြီး အကူအညီတွေ လိုအပ်နေတဲ့ အတွက် အစိုးရသစ်လက်ထက်မှာ ဖြေရှင်းနိုင်ဖို့ိ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တာဝန်ရှိသူတွေနဲ့ ရှမ်းလူမှုအခြေပြုအဖွဲ့တွေက ကြိုးပမ်းနေကြ တာပါ။ အခုအခါ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်တမ်းကောက် ယူနေပြီး လွှတ်တော်သစ်မှာ တင်ပြသွားမယ် လို့လည်း ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကပြောပါတယ်။

" ပြန်လည်ထူထောင်ရေး လုပ်ဖို့ အဲ့ဒီ့ဟာက အဓိက လိုအပ်တယ်။ ပြန်လည် ထူထောင်ရေး ဆိုတဲ့နေရာမှာ စိုက်လို့ပျိုးလို့ရတဲ့နေရာတွေမှာ စိုက်ပျိုးဖို့ အတွက် လယ်ယာသုံးကိရိယာတွေ လိုတယ်။ စပါးတို့ ပြောင်းတို့ မျိုးစေ့တွေ လိုတယ်။ အဲ့တော့ အဲ့တာတွေကို ကျမတို့က လွှတ်တော်ကို တင်ပြပြီးတော့ အစိုးရရဲ့ အကူအညီကို တောင်းခံမှာဖြစ်ပါတယ်။"

ဟိုင်းပါ ဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင်နေတဲ့ဒုက္ခသည်တွေဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလတုန်းက မြောက်ပိုင်း ရှမ်းပြည် တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား စတင်ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ရင်းကိုစွန့်ခွာလာခဲ့တဲ့ ကျေးရွာသားတွေဖြစ်ကြပါတယ်။

တိုက်ပွဲကာလအတွင်း သောင်းချီ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ မိုင်းရှူးမြို့ပေါ်က ဒုက္ခသည်စခမ်း(၅)ခုနဲ့ မိုင်းရှူးမြို့နယ် ဟိုင်းပါ ဝမ်ဆော့ ဒုက္ခသည်စခမ်း ကျေးသီးမြို့နယ်က ဝမ်ဝဒုက္ခသည် စခမ်းမှာခိုလှုံနေကြရပါတယ်။

၂၀၁၅ခုနှစ် ဒီဇင်ဘာလဆန်းမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း ရှမ်းပြည် တပ်မတော်ကိုယ်စားလှယ် တို့ကနေ အပစ်အခတ် ရပ်စဲရေးတွေ့ဆုံဆွေးနွေးရေး သဘောတူညီချက်ကြောင့် ဒေသခံ တချို့ နေရပ်ပြန်နေကြပေမဲ့ ကုန်းနိမ်ရွာ နမ့်ပါမုန်းရွာ ဆုံခွန်ရွာက ဒေသခံတွေ ဟာ နေရပ်ရင်းပြန်ဖို့ အခက်တွေ့နေဆဲဖြစ်ပါတယ်။

စစ်ပွဲကာလအတွင်း မိုင်းရှူးမြို့နယ်ထဲကကျေးရွာတွေဟာ ပျက်စီး သွားခဲ့တာကြောင့် နေရပ်ရင်းကိုပြန်ဖို့ အခက်တွေ့ နေတဲ့ ဟိုင်းပါဒုက္ခသည်တွေရဲ့ အခြေအနေကိုတော့ ဒေါ်ခင်မိုးမိုးကအခုလိုဆက်ပြောပါတယ်။

"ရွာပေါင်းခြောက်ရွာ၊ အိမ်ထောင်စုဦးရေပေါင်း ၂၈၃ ခု အဲ့ဒီ့ရွာတွေမှာက ကုန်းအိမ်ရွာဆိုလို့ရှိရင် ကျေးရွာ တခုလုံး ပျက်စီးသွားတယ်။ အဲ့ဒီ့ နမ့်ပါမွန် ပလောင်ရွာလည်း ကျေးရွာတခုလုံး လုံးဝ ပျက်စီးသွားတယ်။ နောက်တခါ နမ့်ပါမွန်က လီရှီးရွာ အဲ့တာလည်း ကျေးရွာက လုံးဝ ပျက်စီးသွားတယ်။ ခွန်နမ့်ရွာကတော့ ရွာတော့ပျက်စီးသွားတယ်။ သူတို့ရွာသစ်ပြန်တည်ပေးခဲ့ တယ်။ နောက် တာဆန်ဖူး တာဆန်ဖူးက အဲ့ဒီ့ရွာကို ပြန်ပြီးတော့ နေထိုင်ဖို့အတွက် အခက်အခဲတွေ အရမ်းများတယ်။ တာဆန်ဖူးက စပြီး တိုက်ပွဲဖြစ်တဲ့နေရာ။ အဲ့ဒီ့ရွာက ရှမ်းတပ်နဲ့ ဗမာတပ် နှစ်ခုကြားထဲမှာ ကျနေတဲ့ရွာတွေ။"

ဒါ့အပြင် စစ်ပွဲတွေကြောင့် ဒုက္ခသည်စခန်းနေ ကလေးငယ်တွေအနေနဲ့ စိတ်ဒဏ်ရာ ရရှိခဲ့တဲ့ အခြေအနေကိုလဲ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ဆက်ပြောပါတယ်။

" အထူးသဖြင့် ကလေးငယ်တွေမှာ စိတ်ဒဏ်ရာတွေက အရမ်းရသွားတယ်။ ကလေးတွေက ဗမာစကားပြောသံကြားရင်ကို ထွက်ပြေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့စိတ်ထဲမှာ ဗမာစကားပြောသံကြားရင် ဗမာစစ်သားတွေ လာပြီပေါ့။ အဲ့ဒီ့လိုမျိုး တွေးနေတော့ ဒီအစွဲကြီးဟာ ဒီကလေးတွေ လူကြီးဖြစ်တဲ့အထိ သယ်သွားမယ်ဆိုရင် ကျမတို့ တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရေးက တည်ဆောက်လို့ရမှာ မဟုတ်တော့ ဘူး။"

ဒုက္ခသည်တွေဘဝပြန်လည် ထူထောင်နိုင်ဖို့ရှမ်းတောင်လူငယ်ကွန်ယက်အဖွဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အဖွဲ့(၅)ဖွဲ့နဲ့ စုပေါင်းထားတဲ့ ရှမ်းပြည်နယ်ငြိမ်းချမ်းရေး အင်အားစု အနေနဲ့ ဒုက္ခသည်တွေရဲ့အခြေအနေကို စစ်တမ်းကောက်ယူ တာလဲဖြစ်ပါတယ်။

လက်ရှိမှာ ဒေသတွင်းတိုက်ပွဲတွေငြိမ်သက်နေပြီးဖြစ်ပေမဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းရှမ်းပြည် တပ်မတော်ကိုယ်စားလှယ်တို့သဘောတူညီချက်အရ ဒုက္ခသည်တွေနေရပ်ရင်းပြန်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကူညီပေးသွားမယ်ဆိုပေမဲ့ လက်တွေ့မှာ အကူညီပေးဆောင်နေတာတာမျိုး မတွေ့ရှိရဘူးလည်း မိုင်းရှူးမြို့ လူမှုကူညီရေးအဖွဲ့ဝင်တွေကပြောပါတယ်။

ဟိုင်းပါဒုက္ခသည်စခမ်းနေ ဒုက္ခသည်တွေကိုတော့ ရှမ်းတောင်လူငယ် ကွန်ယက်အဖွဲ့တွေ ရှမ်းလူငယ်ကွန်ယက်အဖွဲ့ တွေ နန်းခုံးပရဟိတအဖွဲ့တွေကနေ ကူညီစောင့်ရှောက်ထားပါတယ်။

XS
SM
MD
LG