သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး


ကျောက်မဲပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး
ကျောက်မဲပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အဝင် မုဂ်ဦးမှာ ဒီကနေ့ မနက် ၅ နာရီလောက်က အမည်မသိ သေနတ်သမားတွေ ဝင်ရောက် ပစ်ခတ်တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားသလို ကျောက်မဲမြို့နယ်တွင်းအခြေစိုက်တဲ့ စစ်တပ် စခန်း ၂ ခုမှာလည်း ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ စစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် ရှမ်းပြည်နယ်တွင်း မတည်မငြိမ်ဖြစ်နေတာကို စိုးရိမ်ကြောင့်ကြနေရတဲ့ ဒေသခံတွေဟာ ဒီကနေ့ ကျောက်မဲမြို့မှာ သေဆုံးမှုတွေထိ ရှိခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် ပိုပြီး ထိတ်လန့် တုန်လှုပ်နေကြရတယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ ဇူလှိုင်လ ၂၉ ရက် သောကြာနေ့မနက် ၅ နာရီလောက်က ကျောက်မဲမြို့အဝင် မုဂ်ဦးမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် မနက်ပိုင်းမှာ ဈေးရောင်းနေကြတဲ့အထဲက အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့ကနေ ၇ မိုင်အကွာ နောင်အမ်းရွာမှာ အခြေစိုက်တဲ့ စစ်တပ်တွင်းမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ပစ်ခတ်မှုဖြစ်တာကတော့ ဝင်ပြီးတော့ ပစ်သွားတဲ့သဘောပါပဲ။ ၃ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ၄ ယောက်ကတော့ ဒဏ်ရာတွေ ရပါတယ်။ ဒဏ်ရာရတဲ့လူတွေ အခြေအနေကတော့ ၂ ယောက်ကတော့ နည်းနည်းဆိုးပါတယ်။ နောက်တခါ ကျနော်တို့ ကျောက်မဲမြို့အောက်ဘက် ကားလမ်းမကြီး အာရှဟိုင်းဝေး လမ်းမကြီးပေါ်မှာ နောင်အမ်းဆိုတဲ့ ရွာလေးတရွာရှိပါတယ်။ ကားလမ်းကြီးဘေးမှာ။ အဲဒီရွာ သစ်တောဂိတ် မှာလည်း ဝင်ပစ်သွားတာ စစ်သား ၅ ယောက်လောက် ဒဏ်ရာရတယ်။ အဲဒါကတော့ ဒီဘက်မှာ နယ်မြေ မငြိမ်းမချမ်း ဖြစ်နေတဲ့အခါကျတော့ တိုက်ပွဲတွေဖြစ်နေတဲ့ SSA အဖွဲ့ပါ။ ဒီလိုမျိုး လက်နက်ကိုင်ပြီး ဝင်လာနိုင်တဲ့အဖွဲ့ကလဲ အခုလှုပ်ရှားနေတာလဲ ဒီအဖွဲ့ပဲရှိနေတဲ့အခါကျတော့ ကျနော်တို့က ဒီအဖွဲ့ပဲ ပြောလို့ရပါတယ်။”

ဒါပေမဲ့ SSA ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလကတော့ ဒီမနက်အစောပိုင်းက ကျောက်မဲမြို့မှာအခြေစိုက်တဲ့ စစ်စခန်း ၂ ခုနဲ့အတူ ကျောက်မဲမြို့အဝင် မုဂ်ဦးနဲ့ဆိုရင် ဒီ ၃ နေရာမှာ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

“ပစ်ခတ်မှုက ကျနော် ကြားတာက ၃ နေရာ။ တနေရာက ကျောက်မဲအဝင် မုဂ်ဦးမှာလေ။ နောက်တနေရာက ဒီမနက် ၄ နာရီလောက်က အရင်တုန်းက ခလရ (၂၂) အခြေစိုက်ထားတဲ့ တပ်ကုန်းဟောင်းပေါ့။ အဲဒီမှာ အမြောက်တပ်ဆိုပြီးတော့ အစားထိုးပြီးတော့ အခြေစိုက်ထားတယ်။ အဲဒီနေရာမှာလဲ ပစ်ခတ်မှုဖြစ်တယ်။ အဲဒီပစ်ခတ်မှုမှာ အမြောက်တပ်က ၁၅ ယောက်လောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ နောက်တနေ့မနက်မှာ ကျောက်မဲအထက်မှာရှိတဲ့ နောင်အမ်းရွာ ဆိုတဲ့အနီးမှာ ပစ်ခတ်မှုတခု ပြန်ဖြစ်တယ်ခင်ဗျ။ အစိုးရတပ်ဘက်က ၃ ယောက်ကျသွားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်တပ်မှန်းလဲ၊ ပြီးတော့ ပစ်ခတ်တဲ့အဖွဲ့ကလည်း ဘယ်အဖွဲ့မှန်းလည်း ကျနော် အခုထိ သတင်းမရောက်သေးတော့ ကျနော်တို့ အတည်ပြုရခက်နေတယ်။”

ကျောက်မဲမြို့နယ် စစ်စခန်းတွေတွင်း ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကတော့ သူတိ့ုရှမ်းပြည်မြောက်ပိုင်း SSA တပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာ ခုချိန်ထိ အတည်မပြုချက် မရသေးဘူးလို့ပြောပါတယ်။

“အဲဒီဘက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက ၂ ခုရှိနေတယ်လေ။ တောင်ပိုင်း SSA နဲ့ မြောက်ပိုင်း SSA။ အဲဒီတပ်တွေမှာ သူတို့ ပူးပေါင်းပြီးတော့ ပစ်တာလား၊ သို့မဟုတ် တောင်ပိုင်းကပဲ ပစ်တာလား၊ SSA မြောက်ပိုင်းကပဲ ပစ်တာလား အဲဒါ ပိုင်းခြားလို့မရသေးဘူး။ တအားဝေးနေတော့ သူတို့တွေ ဆက်သွယ်ရေးစက် ပါမပါ မသိဘူးလေ။ စက်သွယ်ရေးစက် မပါရင်တော့ အဲဒီမှာ ဆက်သွယ်ရခက်နေတယ်။”

ရှမ်းပြည်မြောက်ပိုင်း SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်း ပြောပြခဲ့တာပါ။ ရှမ်းပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၁ ရက်နေ့လောက်ကစပြီး မြန်မာအစိုးရစစ်တပ်နဲ့ ရှမ်းလက်နှက်ကိုင်အဖွဲ့တွေ တိုက်ပွဲတွေ စတင်ဖြစ်နေတာပါ။ ဒီလိုဒေသတွင်း မတည်မငြိမ်ဖြစ်နေရတဲ့အထဲ ပြီးခဲတဲ့ ဇူလှိုင်လ ၁၂ ရက်နေ့ ညပိုင်းကလည်း ကျောက်မဲမြို့တွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ ဒါ့ကြောင့် ရှမ်းပြည်နယ်က ကျောက်မဲမြို့လိုအပါအဝင် တခြားမြို့နဲ့ ကျေးရွာတွေက ဒေသခံတွေက ဒေသခံတွေဟာ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြရတယ်လို့ ကျောက်မဲဒေသခံက ပြောပါတယ်။

“ကျနော်တို့ ဒီထက် နေရာအတော်များများမှာပါ စိုးရိမ်မှုဖြစ်နေကြတယ်ပေါ့။ နေရာဒေသမရွေးဟာ လုံခြုံမှုမရှိလို့ သွားရေးလာရေးခက်ကုန်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဒီအပေါ်မှာကတော့ တော်တော်လေးကို တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့ မြို့ပေါ်မှာ ဖြစ်သွားတဲ့အနေအထားလေး ဖြစ်လို့ပါ။ နောက်ပြီးတော့ ကျနော်တို့ဒေသမှာကတော့ ဒီဖြစ်စဉ်က တလျှောက်လုံးမှာ ဒါ အဆိုးရွားဆုံးပဲ။ အဆိုးရွားဆုံး ဖြစ်တဲ့အခါကျတော့ မြို့က ငြိမ်သွားတာပေါ့။ ညဆိုလို့ရှိရင် အပြင်သိပ်မထွက်ကြတော့ဘူး။ အနီးအနားဝန်းကျင်တောင် သိပ်မသွားရဲမလာရဲတွေ ဖြစ်နေတယ်။”

ကျောက်မဲ မြို့ခံတဦးပြောပြခဲ့တာပါ။ တောင်ယာစိုက်ခင်းတွေကို အားထားနေကြရတဲ့ ရှမ်းပြည်ဒေသခံတွေ ဟာ မနှစ်ကစလို့ လက်ဖက်နဲ့ ပြောင်းဈေးနှုန်းတွေ ကျတာမို့ အဆင်မပြေဖြစ်နေကြရတဲ့အထဲ အခုလို ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေတာကြောင့် စီးပွားရေးမှာ ပိုပြီး အခက်ကြုံနေကြရတယ်လို့ ပြောပါတယ်။

အခုလို ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ရပ်စဲဖို့အတွက် ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိနေတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်စာတစောင် ပေးပို့ထားပါတယ်။

XS
SM
MD
LG