သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းတောင် ပင်လောင်း တိုက်ပွဲပြင်းထန် ဒေသခံထောင်ချီ တိမ်းရှောင်နေရ


ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ ဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပင်လောင်းမြို့နယ်တောင်ပိုင်း နမ့်ဖမူကျေးရွာတဝိုက်မှာ နှစ်ဖက် တိုက်ပွဲဖြစ်နေတာဟာ ခုဆိုရင် သီတင်းတစ်ပတ်ကျော်ရှိလာပြီလို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ပင်လောင်းမြို့နယ် စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ နေရာက အရင်ကတည်းက ရှောင်တာရှိတယ်။ ခု နမ့်ဖမူတို့ လွယ်ထွဲတို့ဘက် အဲ့ဘက် တိုက်ပွဲဖြစ်တာ။ သူတို့တိုက်ပွဲဖြစ်တာတော့ တစ်ပတ်လောက်ရှိပြီး အဲ့လို ပြောတာပဲ။ ဒေသခံ ခပ်များများတော့ အရင်ကတည်းက ရှောင်ထားတယ်၊ တချို့တော့ အိမ်ပြန်ကြတာပေါ့၊ အခုတော့ ထပ်ရှောင်တဲ့လူရှောင်တာပေါ့။”

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပင်လောင်းမြို့နယ် နမ့်ဖမူကျေးရွာ နောင်ဝိုင်းကျေးရွာတဝိုက်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး နမ့်ဖမူ၊ နောင်ဝိုး၊ ဗန်းမောက်၊ ကုန်းပေါနဲ့ လဲလောင်းကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာကို ပြေးထွက်တိမ်းရှောင်ခဲ့ရပါပြီး နယ်မြေတည်ငြိမ်အစပြုလာချိန် တချို့ဒေသခံတွေက နေရပ်ပြန်လာကြတာပါ။ အခု တကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလော ပင်လောင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ကတော့ သူ့အနေနဲ့ အသေးစိတ်အခြေအနေ မသိရသေးတာကြောင်း ဖြေကြားဖို့ အခက်အခဲဖြစ်တယ်လို့ VOA ကို ဖြေဆိုခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်လာရာက ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား နှစ်ဖက် တိုက်ပွဲဖြစ်လာတယ်လို့ နာမည်မဖော်ပြလိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့အတူ ပအိုဝ်းပြည်သူ့စစ်(PNO) အဖွဲ့တွေ ပူးပေါင်းပြီး မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတဲ့အကြောင်း ဒေသခံတဦးက ခုလို ပြောပါတယ်။

“အဲ့ဖက်တကြော စောင်းပြောင်းကနေ ဆင်းရင် နမ့်ဖမူပေါ့ပဲနော်၊ အဲ့တလျှောက် အကုန်လုံး ရှောင်ကြရတယ်။ စစ်ကြောင်းက စစ်ကောင်စီနဲ့ PNO ပြည်သူ့က တူတူသွားကြတာ၊ တခါတလေ စစ်တပ်က အရှေ့ဆုံးသွားတာ၊ ပြီးတော့ အနောက်က PNO အဲ့ဖြစ်တယ်။ တခါတလေ PNO က ရှေ့သွားတယ်ပေါ့ တပ်က အနောက်ကလိုက်တယ်၊ တခါတလေ တွဲပြီးသွားကြတယ်။”

ပင်လောင်းတိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးကို VOA က signal ကနေ တိုက်ပွဲအခြေအနေကို ဆက်သွယ်မေးမြန်းဆဲဖြစ်ပါတယ်။

Forum

XS
SM
MD
LG