သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် အစိုးရများ ဖွဲ့စည်းရေး မပြီးသတ်သေး


ဒေါက်တာလင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်)
ဒေါက်တာလင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်)

ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့လုပ်ငန်းတွေ စတင် လည်ပတ်နေသလို မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီးမှာတော့ ဒေသအစိုးရ ဝန်ကြီးချုပ်တွေ စတင် တာဝန်ယူ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပြည်နယ်အချို့မှာတော့ အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ အခုချိန်အထိ ပြင်ဆင်နေရဆဲ ရှိပါတယ်။ ရှမ်းပြည်နယ် မှာတော့ ဒေသ အစိုးရ ဖွဲ့စည်းရေးအတွက် ဆိုရင်တော့ ပြင်ဆင်ဆောင်ရွက်နေရ ဆဲ ရှိတယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဗွီအိုအေကို ပြောပါတယ်။ ကိုရန်နိုင်က ဒေါက်တာ လင်းထွဋ်ကို ဆက်သွယ်မေးမြန်းထားတာပါ။

ရန်နိုင်။ ။ ဒေါက်တာလင်းထွဋ် တချို့ပြည်နယ်နဲ့တိုင်း လုပ်ငန်းစဉ်တွေတော့ စနေပြီ။ အစိုးရအဖွဲ့တွေလေ အဲ့ဒီ့တော့ ရှမ်းပြည်နယ်ရဲ့ အစိုးရဖွဲ့စည်းမှု အခြေအနေလေးကို သိချင်ပါတယ်ခင်ဗျ။

ဒေါက်တာလင်းထွဋ်။ ။ ဟုတ်ကဲ့ ကျနော် အတိုချုပ်လေးပဲ ပြောပြမယ်နော်။ ဒီညက ကျနော်တို့ brainstorming session လေးရှိလို့ပါ။ မနက်ဖြန် ကျနော်တို့ လေးယောက်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုပါမယ်။ ပြည်နယ် ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်နဲ့ နယ်လုံဝန်ကြီး လေးပါးပေါ့ ကျမ်းသစ္စာ ကျိန်ဆိုပါမယ်။ ပြည်နယ်အစိုးရဖွဲ့ဖို့ တရက်၊ နှစ်ရက်လောက် အချိန် လိုပါသေးတယ်။ အဲ့ဒီ့ Setup တွေ ပြီးတော့မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌတွေ ကျမ်းသစ္စာကျိမ်ဆိုပါမယ်။ ပြီးတော့မှ ကျနော်တို့ အစိုးရအဖွဲ့ ရက်တစ်ရာကိစ္စ ဆက်ပြီးတော့ လုပ်စရာရှိတဲ့ အရေးကြီးကိစ္စ တွေ ဦးစားပေးအစီအစဉ်အတိုင်း လုပ်သွားပါ့မယ်ခင်ဗျ။

ရန်နိုင်။ ။ ပြည်နယ်အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါဦးမလဲခင်ဗျ။

ဒေါက်တာလင်းထွဋ်။ ။ ကျနော်တို့ကတော့ အားလုံး မျှမျှတတနဲ့ တိုင်းရင်းသားတွေလည်း ပါရအောင်။ တခြား NLD မဟုတ်တဲ့ပါတီတွေလည်း ပါရအောင် စီစဉ်ထားပါတယ်။ အတိအကျပြောဖို့တော့ တရက်၊ နှစ်ရက်တော့ သီးခံပေးကြပါဦးခင်ဗျ။ ဒါတွေက ကျနော်တို့ အပြီးသတ်ကလေး ဖြစ်နေလို့ပါ။ တာဝန်ခွဲဝေတာလေးတွေ အပြီးမသတ်နိုင်သေးလို့ပါ။ သီးခံပေးစေချင်ပါတယ်။

ရန်နိုင်။ ။ ရက်တစ်ရာစီမံကိန်းနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးပါလား။ ဘာတွေကို အဓိကထား လုပ်ဆောင်ပေးမှာပါလဲ။

ဒေါက်တာလင်းထွဋ်။ ။ ရှိပါတယ်။ ရှမ်းပြည်နယ်မှာ အဓိက အရေးကြီးနေတဲ့ငြိမ်းချမ်းရေး အပြင် ငြိမ်းချမ်းရေးကတော့ အရေးကြီးတယ်။ ငြိမ်းချမ်းရေးအပြင် အင်းလေးကန်ကြီး မတိမ်ကော မပပျောက်ရလေအောင် အင်မတန်မှကို သဘာဝအရင်းအမြစ် တန်ဖိုးကြီးတဲ့ အင်းလေးကန်ကြီး အဲ့တာကို အချိန်မှီ ထိန်းသိမ်းဖို့အတွက်လည်း အရေးကြီးပါတယ်။ နောက်တခုက ရှမ်းပြည်နယ် မြောက်ပိုင်းက လမ်းတွေမှာ ကားတွေ ပိတ်ဆို့တဲ့ပြဿနာပေါ့နော် အဲ့တာတွေက တော်တော်ကို တချို့ဆိုရင် ရက်နဲ့ချီပြီးတော့ မူဆယ်ကိုရောက်ဖို့ နှစ်ရက်၊ သုံးရက် ကြာသွားလောက်တဲ့အထိဖြစ်ပါတယ်နော်။ အဲ့တာတွေလည်း ကျနော်တို့ အရေးတကြီး အပူတပြင်းဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ကျနော် ဒီလောက်ပဲ ပြောပါရစေခင်ဗျာ။ သီးခံပေးစေချင်ပါတယ်။

ရန်နိုင်။ ။ ဆရာပြောတော့ ရှမ်းပြည်နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း တော်တော်များတယ်ခင်ဗျ။ အဲ့တော့ NCA မှာ လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာတို့ပြည်နယ်အစိုးရအနေနဲ့ ဘယ်လို ဆက်ပြီးတော့ ချဉ်းကပ်ဆောင်ရွက် သွားမယ်လို့ စိတ်ကူးထားပါသလဲခင်ဗျ။ ပြောနိုင်သလောက် ပြောပေးပါ။

ဒေါက်တာလင်းထွဋ်။ ။ စကားပြောရမှာပေါ့။ စကားပြောရမှာပေါ့ခင်ဗျာ။ စကားပြောရမှာပေါ့။ စကားပြောရင်းနဲ့ ကျနော်တို့ စကားပြောတယ်ဆိုတာ စကားတွေနဲ့ပစ်ပေါက်ကြတာဟာ လက်နက်တွေ ကျည်ဆန်တွေနဲ့ ပစ်ပေါက်ကြတာထက် အများကြီး သက်တောင့်သက်သာရှိပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်လာဖို့ အတွက်လည်း အလားအလာကောင်းပါတယ်။ အဲ့တော့ အဲ့တာလေးတွေကို ကျနော်တို့ အခုအချိန်မှာ ပြောလို့မဖြစ်နိုင်သေးပါဘူး။ အဲ့ဒီ့အတွက် ခွင့်လွှတ်ပေးပါ ခနလေးနော် ကျနော် နောက်ကျရင် ပိုပြီးတော့ ပိုပြီးတော့ ဗွီအိုအေကို ပြောပြပါ့မယ်။ သီးခံပါနော်။

ရန်နိုင်။ ။ ဟုတ်ကဲ့ပါ။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG