သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်ဝန်ကြီးချုပ်သစ်ခန့်အပ်မှုအပေါ် တုန့်ပြန်


ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြျောက်ခံရတဲ့ ဒေါက်တာလင်းထွဋ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြျောက်ခံရတဲ့ ဒေါက်တာလင်းထွဋ်

ရှမ်းပြည်နယ်အစိုးရသစ်ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်ဟာ ရှမ်းလူမျိုးဖြစ်သင့်ပြီး ရှမ်းလူထုရဲ့ ယုံကြည်မှု မရှိခဲ့ရင် ဒေသတွင်း လက်နက်ကိုင်တွေကြား စစ်ရေးပဋိပက္ခတွေ တိုင်းရင်းသားအရေးပြဿနာတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေပိုများမယ် လို့ လက်ရှိ ရှမ်းပြည်နယ်အစိုးရဝန်ကြီးတဦးက ပြောဆိုလိုက်ပါတယ်။ ရှမ်းပြည်နယ်ကိုအုပ်ချုပ်မယ့် အစိုးရသစ်ဟာ ရှမ်းနိုင်ငံရေးပါတီဘက်က ရှမ်းလူမျိုးဖြစ်သင့်တယ်လို့ ရှမ်းပါတီတွေ နဲ့ ဒေသခံတွေ တောင်းဆိုနေတဲ့အချိန်မှာပဲ ဒီကနေ့ ရှမ်းပြည်နယ် လွှတ်တော်မှာ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က ဒေါက်တာလင်းထွဋ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုလိုက်တာဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းအဆိုပြုတဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက ပြည်နယ်အစိုးရတွေကို ဦးဆောင်မယ့် ဝန်ကြီးချုပ်တွေကို သမ္မတသစ် ဦးထင်ကျော်က ဒီကနေ့ မတ်လ ၂၈ရက်နေ့ တနင်္လာနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းပြီး ဒီကနေ့မှာပဲ ရှမ်းပြည်နယ် လွှတ်တော်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် အနိုင်ရပါတီ NLD က ဒေါက်တာလင်းထွဋ်ကို အတည်ပြု ခန့်အပ်လိုက်ပါတယ်။

နိုင်ငံတွင်း အရေးကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်သွားမှာဖြစ်ပြီး ငြိမ်းချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ တိုင်းရင်းသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲနေထိုင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်ဆိုတာကိုလည်း ရှမ်းပြည်နယ်လွှတ်တော်အပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ် ဝန်ကြီးချုပ်သစ် ဒေါက်တာလင်းထွဋ်က ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တင်းမာနေဆဲ စစ်ရေးပြဿနာတွေ၊ စစ်ပြေးဒုက္ခသည်တွေ တိုင်းရင်းသားအရေးပြသနာတွေကို အဓိက ဖြေရှင်းဆောင်ရွက်ပေးရမယ့် ရှမ်းပြည်နယ်အစိုးရအနေနဲ့ ရှမ်းပြည်သူလူထုရဲ့ယုံကြည်မှု၊ ရှမ်းနိုင်ငံရေးပါတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့ အဓိက အရေးကြီးတယ် လို့လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောနဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ရှမ်းပြည်နယ်က အခြားပြည်နယ်တွေနဲ့ မတူဘူးဗျ၊ လူဦးရေလည်းများတယ်၊ မြို့နယ်လည်းများတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းများတယ်။ အဲတော့ ရှမ်းပြည်ကိုအုပ်ချုပ်မယ့် ဝန်ကြီးချုပ်ကတော့ စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ရမှာပါ။ ဖြစ်ချင်တာကတော့ ရှမ်းပဲဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေအရဖြစ်နေတော့.. ကျနော်တို့ပါတီကလည်း ပထမအကြိမ်လွှတ်တော်အစည်းအဝေးမှာ အဲဒီပုဒ်မကို ပြင်ပေးဖို့တင်ပြတယ်။ ဝန်ကြီးချုပ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေကပဲ ရွေးရမယ်လို့၊ ဒါပေမဲ့ အဲဒီအချိန်က အများစုက ပြည်ခိုင်ဖြိုးပါတီဖြစ်နေတော့ ကျနော်တို့မနိုင်ခဲ့ဘူး။”

ရှမ်းပြည်နယ်ကို အုပ်ချုပ်မယ့် ပြည်နယ်အစိုးရသစ်ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်ဟာ ရှမ်းနိုင်ငံရေးပါတီက ရှမ်းလူမျိုးဖြစ်သင့်တယ်လို့ ရှမ်းနိုင်ငံရေးပါတီတွေနဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေ တိုက်တွန်းတောင်း ဆိုခဲ့ပြီးနောက်မှာပဲ အခုလို NLD ပါတီဝင်ကိုပဲ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သစ်တောနဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အခုလိုပြောပါတယ်။

“အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတကပဲ ခန့်အပ်မယ်ဆိုတော့ NLDက ပြည်ထောင်စုအစိုးရဖွဲ့နိုင်ဖို့အတွက်လည်း အများစုနိုင်ထားတာကိုး။ ဒီတော့ သမ္မကလည်း NLD ပဲလေ။ အဲဒီသမ္မတကနေ ဝန်ကြီးချုပ်ကိုခန့်အပ်ရမှာဆိုတော့ ရှမ်းပြည်နယ်အတွက်တော့ ဝန်ကြီးချူပ်က ရှမ်းပဲဖြစ်သင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုးတွေအများဆုံးနေထိုင်တာလေ။”

ရှမ်းပြည်နယ်အစိုးရ တွေ့ကြုံ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေနဲ့ပတ်သက်လို့ နောက်တက်လာမယ့် ရှမ်းပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို အကြံပေးဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဦးစိုင်းအိုက်ပေါင်းကပြောပါတယ်။

“ဝန်ကြီးချုပ်အသစ်ကို ကျနော်တို့ (၃၁)ရက်နေ့ အာဏာအလွဲှအပြောင်းလုပ်တဲ့နေ့မှာ ကျနော်တို့ပြောမှာပေါ့။ ရှမ်းတဦးအနေနဲ့ပေါ့။ ရှမ်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရဖို့အတွက် ကျနော်တို့ အကြံပေးနိုင်တဲ့ဟာတွေကို ပေးမှာပေါ့။”

မတ်လ (၃၀)ရက်နေ့ အစိုးရသစ်နဲ့ လက်ရှိအစိုးရကြား အုပ်ချုပ်အာဏာရေးအာဏာအလွှဲအပြောင်း တရားဝင်ပြုလုပ်ပြီးနောက်မှာပဲ ပြည်နယ်အစိုးရတွေဘက်ကလည်း ပြည်နယ်နဲ့တိုင်းအလိုက် ပြည်နယ်အစိုးရသစ်တွေက ပြည်နယ်ဝန်ကြီးချုပ်သစ်တွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေကို လက်ရှိရှမ်းပြည်နယ်အစိုးရတာဝန်ရှိသူတွေဘက်က ရှမ်းပြည်နယ်အစိုးရသစ်ကို အာဏာလွှဲပြောင်းခြင်း အခမ်းအနားကျင်းပမှာဖြစ်ပါတယ်။

XS
SM
MD
LG