သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မှာ ပြည်သူ့စစ်အဖွဲ့တွေကြား ပစ်ခတ်မှု လူတဦးသေဆုံး


နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မူဆယ်မြို့ မြင်ကွင်း
နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မူဆယ်မြို့ မြင်ကွင်း

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြည်သူ့စစ်နှစ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားတာကြောင့် တဦးသေဆုံးခဲ့သလို သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိကကုန်သွယ်ရေးစခန်းမြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ဒီရက်ပိုင်းအတွင်း ဓါးပြမှု၊ ခိုးမှု၊ လုယက်မှုတွေ မကြာခနဖြစ်နေပြီး ပြည်သူအများစုဟာ အထိတ်တလန့်နဲ့ နေထိုင်နေကြရပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အခြေအနေကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

မူဆယ်မြို့မှာ ဒီဇင်ဘာ ၂၉ ရက် ဗုဒ္ဓဟူးနေ့ ညဦးပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူသေဆုံးခဲ့တဲ့အကြောင်း မူဆယ်မြို့ခံတဦးက ဗွီအိုအေကိုပောပါတယ်။

“မနေ့က ဖြစ်တာကတော့ ၈ ခွဲလောက် စဖြစ်တာ။ မင်္ဂလာမူဆယ်ဘက်က စဖြစ်တာ။ မင်္ဂလာမူဆယ်ဆိုတာ စီးပွားရေးဇုံ လုပ်တဲ့နေရာပေါ့။ ပစ်ခတ်ကြတာတော့ နှစ်ဖွဲ့ပဲ၊ ပြည်သူ့စစ်လို့ ပြောကြတာပဲ။ သေတာကတော့ တယောက်တည်းပဲ။ ဒဏ်ရာရတဲ့သူတွေကတော့ နှစ်ယောက်လား၊ သုံးယောက်လားမသိဘူး။ အဲလောက်တော့ ရှိတယ်။ မနေ့က သူတို့ ဖမ်းထားတာလည်း နှစ်ယောက်ရှိတယ်။"

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ပစ်ခတ်မှုဖြစ်တဲ့ ပြည်သူ့စစ် နှစ်ဖွဲ့ဟာ ပန်ဆေးပြည်သူ့ စစ်အဖွဲ့နဲ့ တာမိုးညဲပြည်သူ့စစ်အဖွဲ့ဖြစ်ကြောင်း၊ အနည်းဆုံး သုံးနေရာလောက်မှာ ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သတင်းဖော်ပြကြပါတယ်။ မူဆယ်မြို့မှာ လက်နက်ကိုင်ဆောင်ထားသူတွေ ခိုက်ရန် ဖြစ်နေကြတဲ့ ဗွီဒီယိုတွေလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အခြာနေရာဖြစ်တဲ့ မူဆယ်မြို့မှာ ဒီရက်ပိုင်းတွေအတွင်း ရာဇဝတ်မှုခင်းတွေ မကြာခန ဖြစ်နေကြောင်းလည်း မူဆယ်ဒေသခံက ဆက်ပြောပါတယ်။

“နိုဝင်ဘာကနေစပြီးတော့ တော်တော်လေး သောင်းကျန်းလာတယ်။ ရပ်ကွက်တိုင်းလိုလို ကားနဲ့ပတ်ပြီးတော့ ကားတွေ လိုက်ခိုးနေတာ။ ဒါက အဆိုးဆုံးပေါ့။ လွန်ခဲ့တဲ့ ၂၇ ရက်နေ့က ညကြီး ကောင်းမှုလုံရပ်ကွက်၊ ကောင်းမှုလုံနယ်မြေမှာ လူလေးယောက်ပေါ့။ လက်နက်အပြည့်အစုံနဲ့ ငွေလဲတဲ့ တရုတ်မကို ဓါးပြသွားတိုက်တာ။ ငွေအများအားဖြင့် ပါသွားတယ်လို့ပြောတာပဲ။ ၂၀ ရက်နေ့က နာရီစင်နဲ့အနီးဗျာ၊ မြို့လယ်ခေါင်ကြီး၊ တရုတ်ငွေလဲတဲ့သူတွေကို ဓါးပြတိုက်သွားတာကော။ နာရီစင်မှာလည်း သူတို့က လုံခြုံရေးတွေ ချထားတာပဲ။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူဆယ်မြို့အတွင်းမှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင် သွားလာနေသူတွေကို တွေ့လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မူဆယ်မြို့ ရပ်မိရပ်ဖတဦးကတော့ လောလောဆယ်မှာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီး ပြည်သူတွေဟာ အထိတ်တလန့်နဲ့ နေနေရကြောင်း ပြောပါတယ်။

“အရင်တုန်းကတော့ ကျနော်တို့ မြို့ထဲကို ယူနီဖောင်းဝတ်လို့ မရဘူး။ လက်နက်ကိုင်ဆောင်မှုမပေးဘူး။ အခုနောက်ပိုင်းကျ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကျ အဲဒါတွေ အကုန်ပြန်လုပ်ကြတာပေါ့နော်။ လုံခြုံရေးအရဆို မြို့ထဲမှာ လက်နက်တွေကိုင်ပြီးတော့ သွားလာခွင့် ပေးတယ်ပေါ့နော်။ သွားလာခွင့်ပေးတဲ့အပေါ်မှာ ပိုပြီးတော့ ထိန်းချုပ်ရခက်သွားပြီးတော့ လမ်းဘေးက ငွေလဲဆိုင်ရော၊ ငွေလဲတဲ့အိမ်ရော အဲလိုပဲ လုယက်မှုတွေ၊ ဓါးပြတိုက်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေကတော့ တအားကို များလာတယ်ဗျ။ မြို့နေ ပြည်သူလူထုအတွက်ကတော့ ကျီးလန့်စာစားနဲ့ အကုန်ကြောက်နေရတာပေါ့ဗျာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆိုတော့လေ။ ”

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ဟာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ် စတဲ့အဖွဲ့တွေအပြင် ကချင်၊ ပလောင်၊ ရှမ်းနဲ့ ကိုးကန့် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်းအခြေပြု လှုပ်ရှားနေတဲ့ ဒေသဖြစ်ပါတယ်။

============

[[Unicode]]











============

XS
SM
MD
LG