သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် ညီညွတ်ရေး ကော်မတီ ဥက္ကဋ္ဌသစ် ရွေးချယ်


ရှမ်းပြည်ညီညွတ်ရေးကော်မတီ ဥက္ကဋ္ဌသစ် ဦးခွန်ထွန်းဦး။
ရှမ်းပြည်ညီညွတ်ရေးကော်မတီ ဥက္ကဋ္ဌသစ် ဦးခွန်ထွန်းဦး။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးရေး အတွက် ဆွေးနွေး တိုက်တွန်းတာ အပါအဝင် ပြီးခဲ့တဲ့ လုပ်ငန်းကာလအတွင်း ဆောင်ရွက်ခဲ့တာတွေကို အစီရင်ခံခဲ့သလို အလှည့်ကျ ဥက္ကဋ္ဌအသစ်ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်ကတင်ပြထားပါတယ်။

ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ လူထုအခြေပြုအဖွဲ့အစည်း ၈ခုပါဝင် ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီကနေ့အစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကိုပါဝင် လက်မှတ်ရေးထိုးရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး ကို ပါဝင် တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

" အဓိက ကတော့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်မှာ လက်မှတ်မထိုးရသေးတဲ့သူကလည်း NCA ကို သေချာလေ့လာပြီးမှ ထိုးသင့်ရင်လည်း ထိုးရအောင်လို့ တိုက်တွန်းတာမျိုးပါ။ "

ပြီးခဲ့တဲ့ လုပ်ငန်းကာလအတွင်း ရှမ်းပြည် ညီညွတ်ရေးကော်မတီ ဆောင်ရွက်ခဲ့ တာတွေ ကို အရင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌဒုဗိုလ်ချုပ်ကြီးယွတ်ဆစ်က အစီရင်ခံ တင်ပြခဲ့သလို ဥက္ကဋ္ဌ အသစ်အဖြစ် ရှမ်းပြည် ပူးပေါင်းဆောင် ရွက်ရေးကော်မတီ SSJAC ဥက္ကဋ္ဌ နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကိုလည်း ဒီကနေ့ ရွေးချယ် တာဝန်လွဲှပြောင်းခဲ့ပါတယ်။

မနက်ဖြန်ဆွေးနွေးမယ့် အချက်တွေမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ရှမ်းပြည်ညီညွတ်ရေးကော်မတီ အနေနဲ့ ဘယ်လိုပါဝင်မလဲ ဆိုတာတွေ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

" ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ NLD အစိုးရနဲ့ ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ ၊ တပ်မတော်နဲ့ သဟဇာတဖြစ်အောင် ဘယ်လိုအခင်းအကျင်းမျိုးကို ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလဲဆိုတဲ့ဟာကို မနက်ဖြန်မှာ ဆက်ဆွေးနွေးမှာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ IDP ကိစ္စပါ။ ဟိုက်ပါနဲ့ ဝမ်ရှောင် နားတဝိုက်ရယ် အခုကျောက်မဲမှာ အသစ်ရောက်လာတဲ့ IDP တွေကို ဘယ်လိုကူညီဆောင်ရွက်မလဲ ဘယ်လိုမျိုး ဘဝတွေကို ပြန်လည် တည်ဆောက်ပေးနိုင်မလဲဆိုတာ ဆက်ဆွေးနွေးသွားဖို့ရှိပါတယ်ခင်ဗျ။ "

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ PSLF/TNLA ခေါ် ပလောင်တပ်ဖွဲ့နဲ့ RCSS အကြားဖြစ်ပွားတဲ့လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း ပြန်လည် သုံးသပ်သွားဖို့ ရှိနေပါတယ်။

" ကျနော်တို့ ပြည်ထောင်စုသားအချင်းချင်း ဘယ်သူ့ ဘယ်သူ့ဘက်ကိုမှ သေနတ်ပြောင်း မလှည့်ဖို့ အချင်းချင်း တိုက်ခိုက်ခြင်း မပြုဖို့ အဲ့တာကို ကျနော်တို့ မူအားဖြင့် လက်ခံထားပြီးသားဖြစ်တယ်။ မလွဲမရှောင်သာလို့ တိုက်ပွဲတွေဖြစ်ပွားတယ်ဆိုပေမဲ့ အရင်းခံအားဖြင့် ကျနော်တို့ဟာ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားဖြစ်နေတဲ့အတွက်ကြောင့်မို့ ပြဿနာကို ပိုမိုပြီးတော့ မကြီးထွားအောင် ထိန်းသိမ်းသွားရအောင် မူ ဘုံသဘောတူညီချက် ရှိထားပါတယ်ခင်ဗျ။"

လောလောဆည်မှာတော့ ရှမ်းပြည်ညီညွတ်ရေးကော်မတီဟာ ရှမ်းနိုင်ငံရေး အင်အားစုတွေအကြားမှာ ညီညွတ်ဖို့ဆောင်ရွက်နေပြီး နောက်ပိုင်းမှာ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိကြောင်း လည်း ရှမ်းလူထုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ် တဦးဖြစ်တဲ့ ယိန်းဟန်ဖက ပြောပါတယ်။

" အခုလောလောဆယ်တော့ ကျမတို့ ရှမ်းအချင်းချင်းကြားမှာ အရင်ဆုံး ညီညွတ်ရေး တည်ဆောက်တာဖြစ်တယ်။ ရှမ်းပြည်ပြီးမှ ကျမတို့ရဲ့ တိုင်းပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေကို ပြန်ပြီးတော့ လက်တွဲခေါ်မယ်။ ပြန်ပြီးတော့ ညီညွတ်ရေး တည်ဆောက်ရမယ်။ အခုချိန်ကတော့ ရှမ်းအချင်းချင်းကြားထဲပဲ ရှိသေးတယ်ရှင့်။"

ရှမ်းပြည်ညီညွတ်ရေးကော်မတီကို ၂၀၁၃ခုနှစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂နှစ်ကျော်ကြာကာလအတွင်းမှာ ရှမ်းညီညွတ်ရေးကော်မတီရဲ့ နိုင်ငံရေးအခြေခံမူနဲ့ ရှမ်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပေဒကို ရေးဆွဲတာ၊ ပြည်တွင်းငြိမ်းချမ်းရေးအခြေခံမူတွေချမှတ်တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

လတ်တလော အဖွဲ့ဝင်တွေကတော့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်း၊ ရှမ်းလူထုအခြေပြုအဖွဲ့၊ ရှမ်းလူငယ်အဖွဲ့၊ ရှမ်းဥပဒေပညာရှင်များကွန်ယက်၊ မျိုးဆက်သစ်ရှမ်းပြည်၊ ထိုင်းနိုင်ငံရောက်ရှမ်းတိုင်းရင်းသားများအသင်းတို့ ပါဝင်တာဖြစ်ပါတယ်။ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီSSJACကတော့ ကျားခေါင်းခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLDနဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း၊ စိန်ကျော့ ပြည်သူ့စစ်အဖွဲ့တွေ ပါဝင်တာဖြစ်ပါတယ်။

ဒီကနေ့အစည်းအဝေးကိုတော့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က တက်ရောက်နိုင်တာမရှိခဲ့ပါဘူး။

XS
SM
MD
LG