သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံရေး ၈၈ ခေါင်းဆောင်တွေဆွေးနွေး


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမြအေး။ (စက်တင်ဘာ ၁၅၊ ၂၀၁၂)
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမြအေး။ (စက်တင်ဘာ ၁၅၊ ၂၀၁၂)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအဝင် အဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေလုပ်ဖို့ တပတ်ကြာခရီး ထွက်ခွာသွားပါတယ်။ ဒီကနေ့ လားရှိုးမှာ တိုင်းရင်းသားတွေအကြား စည်းလုံးရေးအတွက် ဆွေးနွေးခဲ့သလို ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အခက်အခဲကြုံနေရတဲ့ဒေသတွေမှာ တအောန်းလူငယ်ထုနဲ့ ဆွေးနွေးဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကနေ ရှမ်းပြည်နယ်က လူထုနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးအပါအဝင် လူနေမှုပြဿနာတွေ ကို ဆွေးနွေးဖို့အတွက် စနေနေ့ကနေ စတင်ပြီး ခရီးထွက်ခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။

“ကျနော်တို့က အကျဉ်းထောင်တွေထဲက ပြန်လည်လွတ်မြောက် လာပြီးတဲ့ အခါမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ဒေသခံတွေရဲ့ ဖိတ်ကြားချက်တွေအရ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်တွေကို ထွက်ခဲ့ပါတယ်။ အခုဆိုလို့ရှိရင် ဒီလအစပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ လူထုတွေ့ဆုံပွဲတွေ ဖော်ဆောင်ဖို့အတွက် ခရီးစဉ်စတင်ခဲ့ပါတယ်။

“၈၈ မျိုးဆက်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးကနေ ပြီးတော့ ရန်ကုန်ကနေ အယောက် ၂၀၊ ရှမ်းပြည်တောင်ပိုင်းက ၄ ယောက်နဲ့၊ သတင်းမီဒီယာသား ၃ ယောက်။ အားလုံးအယောက် ၂၀ လောက်သွားပါတယ်။ ကိုမင်းကိုနိုင် ပါပါတယ်။ ကိုကိုကြီး ပါပါတယ်။ ကိုမင်းဇေယျာ ပါပါတယ်။ ကိုအံဘွယ်ကျော် ပါပါတယ်။ ဒီနေ့ စ စချင်းမှာ ညနေပိုင်းမှာ လားရှိုးမြို့ကို ရောက်ရှိပြီး လားရှိုးမြို့ လူထုတွေ့ဆုံပွဲကို ကျနော်တို့ ကျင်းပခဲ့ပါတယ်။”

လားရှိုးဒေသခံတွေနဲ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေကြား ဖြစ်ပွားနေတဲ့ သံသယတွေ ပြေပျောက်ဖို့နဲ့ စည်းလုံးညီညွတ်ရေးအတွက် ရလဒ်ကောင်းတွေ ရအောင် အစပျိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒေသခံတွေ တချို့ကနေ ကျနော်တို့ကို အကြံပြုချက်တွေ၊ မေးမြန်း ချက်တွေ ပေးပို့တာရှိပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းသားတွေကြား မှာဖြစ်ပွားနေတဲ့ သံသယတွေ ပြေပျောက်နိုင်ဖို့၊ ရေရှည်မှာ ညီညွတ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ မှန်ကန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ရနိုင်ရေး ဆွေးနွေးချက်တွေထဲမှာ ပါဝင်ပါတယ်။ တချို့ဒေသတွေမှာလည်း တိုက်ပွဲလေးတွေ ဖြစ်နေတယ်ဆိုတာလည်း ကျနော်တို့ သိရတယ်။ နောက် ဒုက္ခသည်စခန်းတချို့လည်းရှိတယ်ဆိုတာ သိရတယ်။ ကျနော်တို့ ဒီကိုရောက်တဲ့အခါမှာ ဒေသခံပူးပေါင်းဆောင်ရွက်သူများနဲ့ ညှိနှိုင်းပြီးတော့ အကောင်းဆုံးလုပ်ဆောင်ရမယ့် အချက်အလက်တွေကို ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်အောင် ဆောင်ရွက်ဖို့တော့ ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နိုင်ခံပါတယ်။”

မြန်မာနိုင်ငံမှာ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသခံတွေကြား ဒုက္ခရောက်နေကြတာတွေကို တနင်္လာနေ့မှာ တအောန်းကျောင်းသားတွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“မနက်ဖြန်မနက်မှာ ကျနော်တို့ လားရှိုးကနေပြီးတော့ နမ်ကျန်းမြို့ကိုသွားမယ်။ အဲဒီမှာ တအောန်း ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံပွဲရှိတယ်။ သူတို့က လည်း ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသတွင်းကို သက်ရောက်နိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတင်ပြချက်တွေ စဉ်းစားထားတယ်လို့ သူတို့ပြောပါတယ်။

“သူတို့ဆီမှာ ပိုက်လိုင်းဖြတ်တဲ့အခါမှာ ပိုက်လိုင်းစီးဆင်းမှုနှစ်ခုကို သူတို့တွေ့နေရတယ်။ ပြီးတဲ့အခါမှာ ပိုက်လိုင်းတွေကို သူတို့နေထိုင်နေတဲ့ ရွာတွေမှာ မြှုပ်ပြီးတော့ ဟိုဘက်ကို ဖြတ်သန်းသွားနေတယ်။ အဲဒီတော့ သူတို့ဆိုလိုချင်တာက တိုင်းပြည်ရဲ့ သယံဇာတအရင်းအမြစ်တွေ ကို ဖော်ဆောင်အသုံးချပြီဆိုရင် ရရှိလာတဲ့အကျိုးအမြတ်တွေက လည်း ဒေသတွင်းမှာရှိနေတဲ့လူတွေပါ၊ တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တယ်ဆိုပြီး သူတို့အမြင်ကို တင်ပြတာရှိတယ်။ အဲဒီတော့ ရေရှည်မှာ တိုင်းပြည်သယံဇာတတွေနဲ့ပတ်သက်ပြီးတော့ အကျိုး အမြတ်တွေ ဖော်ဆောင်တော့မယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖော်ဆောင်သင့်တယ်ဆိုပြီးတော့ သူတို့ ဆွေးနွေးတာမျိုးရှိပါတယ်။”

အခြေအနေပေးရင် ဟိုပန်၊ သိမ်းဒီ နဲ့ လော့ကိုင်မြို့တွေကို ဆက်သွားမှာဖြစ်ပြီး သီပေါနဲ့ ကျောက်မဲမြို့တွေမှာ လူထုတွေ့ဆုံပွဲတွေလုပ်ဖို့ရှိသလို မေလ ၁၂ ရက်နေ့မှာတော့ ကျောက်မဲမြို့ကနေ ရန်ကုန်ကိုပြန်မှာဖြစ်ပါတယ်။
XS
SM
MD
LG