သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့ ရှမ်းမြောက်ပိုင်း ပါတီစည်းရုံးရေး


Türkiye
Türkiye

နိုင်ငံတနိုင်ငံရဲ့ အရေးကို အားလုံးဝိုင်းပြီး လုပ်ဆောင်ကြရတဲ့ နိုင်ငံရေးထဲမှာ တပ်မတော်သားတွေလည်း ပါဝင်လာကြဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ လားရှိုးမြို့ကို ပါတီမဲဆွယ် စည်းရုံးရေးအဖြစ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကိုပြောခဲ့တဲ့ မိန့်ခွန်းတွင်း အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဘက် နီးစပ်တဲ့ဒေသမို့ တရုတ်နိုင်ငံပေါ် သူရဲ့ သဘောထားတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ ဒီခရီးစဉ်အကြောင်း အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲရဲ့ လစ်လပ်မဲဆန္ဒနေရာ အပြည့် ဝင်ပြိုင်မယ့် NLD ပါတီအတွက် ပါတီမဲဆွယ် စည်းရုံးရေးအဖြစ် မဲဆန္ဒနယ် နေရာတွေကို သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၁၇ ရက် စနေနေ့မှာတော့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို ရောက်နေပါပြီ။ ဒေသခံမြို့နေ လူထုနဲ့ တွေ့ဆုံစကားပြောစဉ်အတွင်း နိုင်ငံတိုးတက်ဖို့အရေး အားလုံးပါဝင်ကြရတဲ့ နိုင်ငံရေးထဲမှာ တပ်မတော်သားတွေလည်း ပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။

“နိုင်ငံရေးဆိုတာ လူတုင်းနဲ့ဆိုင်တယ် ဆိုတာကိုတော့ ကျမ သတိပေးချင်ပါတယ်။ အဲဒီတော့ လူတိုင်းနဲ့ဆိုင်တဲ့ နိုင်ငံရေးမိုလို့ လူတိုင်း ပါဝင်ပြီးတော့ လုပ်သင့်ပါတယ်။ အဲဒီထဲမှာ တပ်မတော်သားတွေလည်း ပါတယ်။ ကျမတို့ နိုင်ငံရဲ့ တပ်မတော်ကို စပြီးတော့ ထူထောင်တုန်းက ပြည်သူ့အတွက်၊ ပြည်သူ လွတ်လပ်ဖို့အတွက်၊ ပြည်သူ လုံခြုံဖို့အတွက် ဆိုပြီးတော့ စပြီး ထူထောင်လိုက်တဲ့ တပ်မတော်။ အဲဒီတော့ အဲဒီလို တပ်မတော်ရဲ့ အစဉ်အလာကို ဆက်ပြီးတော့ ကျမတို့ ထိန်းသင့်တယ်။ ဒါကတော့ တပ်မတော်သားတွေဟာလည်း မိမိတို့နေရာကနေ မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် လုပ်ကြပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြပါလို့။”

အခု ဒီနယ်မြေတွေဟာ တရုတ်နိုင်ငံနဲ့ နယ်မြေချင်းလည်း နီးစပ်သလို ကုန်သွယ်စီးပွားဘက်အဖြစ် ဆက်ဆံနေကြရတဲ့ ဒေသတွေမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံနဲ့ နီးစပ်တယ်၊ ဒါကြောင့် NLD အနိုင်ရရင် တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကျိုးထိခိုက်မှုရှိမယ်လို့ ခြိမ်းခြောင်မှု ရှိနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ရှင်းပြရာမှာတော့ -

“ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေ အတွက် အကျိုးရှိမယ့်စနစ်တခုကို ကျမတို့ ဦးတည်မှာဖြစ်တယ်။ ဒါပေမဲ့ တခြား သူတွေကိုလည်း အကျိုးနိမ့်စေမယ့် အကျိုးယုတ်စေမယ့် အလုပ်တွေကိုလည်း ကျမတို့က ဦးစားပေး လုပ်မှာမဟုတ်ပါဘူး။”

ဒါ့အပြင် အစိုးရတရပ်ရဲ့ ပြည်သူလူထုပေါ် တာဝန်ယူမှုအပိုင်းနဲ့ ပတ်သက်လို့လည်း လားရှိုးလူထုကို အခုလို ပြောသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုတာဟာ အဓိကအားဖြင့် ဘာလိုအပ်လဲ ဆိုတော့ ကျမတို့ နိုင်ငံမှာ တာဝန်ယူတဲ့ အစိုးရမျိုးတော့ လိုအပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက တာဝန်ယူစိတ်မရှိရင်၊ နောက်ပြီးတော့ တာဝန်ယူစိတ်နဲ့အတူ ပူးတွဲသွားရမှာက ပွင့်လင်းမြင်သာမှု၊ အစိုးရ ဘာလုပ်နေလဲ ဆိုတာကို ပြည်သူတွေကို အသိမပေးရင် ပြည်သူတွေက ကြိုက်လားမကြိုက်ဘူး ဘယ်လိုလုပ် ပြောမလဲ။ အဲဒီတော့ အခု လားရှိုးမြို့နယ်က မဲဆန္ဒရှင်အားလုံးပေါ့နော်။ ၁၈ နှစ်ကျော် မဲပေးပိုင်ခွင့် ရှိတဲ့ မဲဆန္ဒရှင် အားလုံးဟာ မဲသွားပေးတဲ့အခါမှာ ငါတစ်ယောက်တည်းအတွက် ပေးနေတာမဟုတ်ဘူး။ ငါ့ တနိုင်ငံလုံးအတွက် ပေးနေတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပေးပါလို့။”

ဒီနေ့ လားရှိုးလူထုူကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန်ခွန်းတစိတ်တပိုင်း ဖြစ်ပါတယ်။ လားရှိုးလေယာဉ်ကွင်း လမ်းမကစပြီး လူထုနဲ့ တွေ့ဆုံစကားပြောဖို့ စီစဉ်ထားတဲ့ ကွင်းနေရာအဆုံး မြို့ခံလူထု အများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြသလို ၂ ရက်ကြာခရီးစဉ် အဖြစ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်ကို ရောက်နေတာ ဖြစ်ပါတယ်။ အခု ခရီးစဉ်အတွင်း လုံခြုံရေးပြဿနာ ဘာမှ မရှိသလို မနက်ဖြန် သိန္နီကို သွားဖို့ စီစဉ်ထားတယ်လို့လည်း ဒီခရီးစဉ်အတွင်း အတူလိုက်သွားတဲ့ ဦးခွန်းသာမြင့်က ပြောပါတယ်။

“မနက်ဖြန်ကို ကျနော်တို့ သိန္နီကို သွားပါဦးမယ်။ အခုဟာက အမျိုးသား လွှတ်တော်က လစ်လပ်တဲ့နေရာ ဆိုတော့ မြို့နယ် ငါးမြို့နယ် အကြုံးဝင်ပါတယ်။ လားရှိုးရော၊ သိန္နီရော၊ ကွမ်လုံ ပါတယ်၊ မိုင်းရယ်ပါတယ်။ တန့်ယန်း ပါပါတယ်။ အဲဒီမှာ ကျနော်တို့ ကွမ်လုံတို့၊ တန့်ယန်းတို့ကတော့ အခြေအနေအရ ခရီးကလည်း ကွာလှမ်းတယ်။ အဲဒီတော့ သွားဖို့မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ သိန္နီကတော့ မနက်ဖြန် သွားမယ်။ သန္နီကတော့ ရှမ်းအများစု နေထိုင်တဲ့နေရာလည်း ဖြစ်တယ်။ ရှမ်းတွေကို ကိုယ်စားပြုတဲ့ နေရာလည်း ဖြစ်တော့ အဲဒီကို မနက်ဖြန် သွားပါမယ်။ အဲဒီတော့ ယှဉ်ပြိုင်မယ့်ပုဂ္ဂိုလ်က ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျနော်တို့ NLD ကို ကိုယ်စားပြုပြီးတော့ ယှဉ်ပြိုင် အနိုင်ရထားခဲ့တဲ့ စိုင်းမြင့်မောင် ပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် ဖြစ်ပါတယ်။ အခု လားရှိုး၊ သိန္နီ၊ မိုင်းရယ် နဲ့ ကွမ်းလုံ နေရာတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အခု ဒု သမ္မတ တာဝန်ယူထားတဲ့ ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဒီလစ်လပ်နေရာကို အခု NLD ပါတီရော၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပြင် ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေလည်း ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG