သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ရပ်ဖို့ ရှမ်းစစ်ရှောင်ပြည်သူတွေ တောင်းဆို


တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေး မန္တလေးမြို့မှာ ၂၀၁၅၊ နိုဝင်ဘာ ၂၄ ရက်က တောင်းဆိုဆန္ဒပြနေသူများ။
တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေး မန္တလေးမြို့မှာ ၂၀၁၅၊ နိုဝင်ဘာ ၂၄ ရက်က တောင်းဆိုဆန္ဒပြနေသူများ။

ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS နဲ့ SSPP တို့ကြား တိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ ဒေသခံ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ကြ ပါတယ်။ ရှမ်းလူ့အခွင့် အရေးလှုပ်ရှားသူတွေက ကမကထပြုပြီး လူထုဆန္ဒသဘောထား ကောက်ခံ တာမှာ လက်မှတ်ပေါင်း ၄၀၀၀ ကျော် ကောက်ခံရရှိပြီးတော့ အဲဒီသဘောထားကို ရှမ်းလက်နက် ကိုင် အဖွဲ့နှစ်ဖွဲ့ဆီ ကြာသပတေးနေ့က ပေးပို့ ခဲ့ကြပါတယ်။ ဒီတပ်ဖွဲ့နှစ်ခုအကြား မကြာခင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်ဆိုတာ ကြားထားတဲ့အကြောင်းနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း စစ်ရှောင်တွေအရေး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ရှမ်းပြည် ညီညွတ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSPP တို့ကြား ဖြစ်ပွားနေ တဲ့တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့ ရှမ်းလူ့အခွင့်အရေးဆောင်ရွက်နေတဲ့ လူငယ် တွေက စစ်ရှောင်ဒုက္ခသည် လက်မှတ် ၄၆၀၀ ကို နှစ်ရက်အတွင်း ကောက်ယူပြီး တပ်ဖွဲ့နှစ်ခု လုံးဆီကို ပေးပို့လိုက်တာပါ။ တောင်ယာ ရိတ် သိမ်းချိန်ရောက်နေပြီဖြစ်လို့ နှစ်ဘက်ကြား အပစ် အခတ်ရပ်စဲဖို့ လိုလားနေကြောင်း လက်မှတ်ကောက်ယူ စုဆောင်းသူတွေထဲကတစ်ဦးဖြစ်တဲ့ တာလုံမြို့ဒေသခံ နန်းလောင်(ဝ်)ခမ်း ကပြောပါတယ်။

“ကျမတို့ကဒီ ‘နားမခေါ်’ ဘုန်းကြီးကျောင်းစစ်ရှောင်လာတာကနေပြီးတော့ ကျမတို့ လူခွဲပြီး ကောက်တယ် ပေါ့နော်။ ရွာတွေလည်းဒီ ငြိမ်နေတဲ့အချိန် ဆင်းကောက်ရတယ်ပေါ့နော်။ တစ်-အချက်ကတော့ ကျမတို့ဒီ စစ်ပွဲ ကို ရပ်ဖို့ပေါ့နော်။ နှစ်က ကျမတို့စိုက်ပျိုးရမယ့်အချိန် ဖြစ်တယ်။ အဲဒါကြောင့်မို့ စီးပွားရေးကအစ၊ ပညာရေး က အစ၊ လူကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကအစပေါ့နော်။ ပြီးတော့ ဒီစစ်ပွဲတွေကြားထဲမှာလည်း ဒီအသံတွေ ကြားတော့ လန့်ဖူးတော့လေ၊ ကလေးတွေ ပညာရေးရော။ ပညာရေးကတော့ ဒီစစ်ဘေးရှောင်စခန်းမှာ သင်နေရတယ်။ ပြီးတော့ ပြန်လည်းပြန်ချင်တယ်ပေါ့။ ဒီစစ်တွေရပ်ပေးဖို့ တောင်းဆိုချင်တာဖြစ်တယ်။”

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တိုက်ပွဲကြောင့် သီပေါနဲ့ နမ္မတူ ဘက်ကိုထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ဦးရေက ၂၀၀၀ ကျော်လောက်ရှိပါတယ်။ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့တွေ့ဆုံညှှိနှိုင်းတော့မယ် ဆိုတာ ကြားသိနေရကြောင်းနဲ့ ဒီလိုတွေ့ဆုံမှပဲ စစ်ရှောင်တွေရဲ့ အရေးကိစ္စကိုဖြေရှင်းလို့ရမှာ ဖြစ် တယ်လို့ ရှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ရဲ့ဥက္ကဋ္ဌလည်းဖြစ်သလို သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ကျနော်တို့က ဒီ ဦးပန်ဖ (SSPP) နဲ့ ဦးရွက်စစ် (RCSS) တို့ ခေါင်းဆောင်နှစ်ဦးက တွေ့ဆုံပြီးတော့ ဆွေးနွေးပြီး တော့ ပြည်သူလူထုတွေ ဒုက္ခမရောက်အောင် ခေါင်းဆောင်နှစ်ဦးကနေ ဆွေးနွေးပေးပါ ဆိုပြီး ကျနော် CSSU သဘာပတိအနေနဲ့ စာတတိယအကြိမ်အထိ ထုတ်လိုက်တယ်။ သူတို့တွေ့ဖို့ တော့ စီစဉ်နေတယ်လို့ ကြားတယ် ဗျ။ သူတို့ခေါင်းဆောင်နှစ်ဦးတွေ့မှပဲ အဆင်ပြေမယ်လေ။ ကျနော်တို့က အဲဒီလို စစ်ဘေးရှောင်တွေ ထွက်ပြေး နေရင် အတတ်နိုင်ဆုံးတော့ လှူနေတာပေါ့။ စားနပ်ရိက္ခာတွေဘာတွေ လှူပေးနေတာပဲ။ အိမ်ခြေများလာ တော့ Fund (ရံပုံငွေ) အခက်အခဲ ကြောင့် သိပ်မလှူနိုင်တော့ဘူးလေ။ အဲဒီလိုဖြစ်နေတာ။ ဒါက အစိုးရက လုပ် ပေးရမယ် ထင် တယ်ဗျ။ ဝန်ကြီးဌာနအနေနဲ့လုပ်ရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ဘာမှတော့ မကြားသေးဘူးဗျ။ သိပ်မကောင်းဘူးပေါ့ဗျာ။ ရှမ်းအချင်းချင်းတိုက်တယ်ဆိုတာ။ မဖြစ်သင့်ဘူးလေ။ သူတို့ခေါင်းဆောင်နှစ်ဦးတွေ့ရင်တော့ အဖြေကပေါ်မှာပေါ့နော်။”

ရှမ်းပြည်ညီညွှတ်ရေကော်မတီ CSSU ကို ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။

NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ တပ်မတော်ကြားမှာလည်း တိုက်ပွဲဖြစ်တာတွေရှိပြီး မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ FPNCC အဖွဲ့ဝင် SSPP နဲ့လည်း ၂၀၁၈ ခုနှစ် သြဂုတ်လပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG