သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းအမျိုးသမီး နန်းမိုးဟွမ်ကို ပြန်လွှတ်ဖို့ သဘောတူ


ရှမ်းအမျိုးသမီး နန်းမိုးဟွမ်ကို ပြန်လွှတ်ဖို့ ဆန္ဒပြနေစဉ် (Sai Tom’s Facebook)
ရှမ်းအမျိုးသမီး နန်းမိုးဟွမ်ကို ပြန်လွှတ်ဖို့ ဆန္ဒပြနေစဉ် (Sai Tom’s Facebook)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ TNLA ကဖမ်းဆီးပြီးထောင် ၃နှစ်ချမှတ်ခဲ့တဲ့ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို မကြာခင် ပြန်လွှတ်ပေးတော့မှာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နယ်စပ်အခြေစိုက် FPNCC အဖွဲ့က ကြားဝင်ဆောင်ရွက်ချက်အရ နန်းမိုဟွမ် မိသားစုဝင်တွေ၊ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ TNLA အကြားဆွေးနွေး ခဲ့တဲ့ နောက် သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

TNLA ခေါ် တအာင်း(ပလောင်) လက်နက်ကိုင်အဖွဲ့က နန်းမိုဟွမ်ကို သြဂုတ်လ ၁၇ရက်နေ့က နမ့်ခမ်းမြို့ပေါ်ကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါဟာ TNLA အဖွဲ့ အကောက်ခွန်ဝန်ထမ်းတချို့ ထိခိုက်သေဆုံးခဲ့ရတာကြောင့် ဖမ်းဆီးကြောင်းလည်း နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်ဆိုပြီး လူသိများတဲ့ UWSA ဝတပ်ဖွဲ့ ဦးဆောင်တဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ က ကြားဝင်ညှိနှိုင်းပေးတဲ့နောက်မှာ နန်းမိုဟွမ် မိသားစုဝင်တွေ၊ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ TNLA တို့ ဝဌာနချုပ် ပန်ဆန်းမြို့မှာ ဒီလ ၉ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလို ဆွေးနွေးပြီးနောက်မှာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောတူချက် ရခဲ့ကြောင်း ကိုယ်တိုင် သွားရောက် ဆွေးနွေးခဲ့တဲ့ စိုင်းသိန်းရွှေက ပြောပါတယ်။

“ TNLA ဘက်က တင်ပြတာပေါ့။ နန်းမိုဟွမ်ကို မှားယွင်းမှု တချို့ရှိကြောင်း ဝန်ခံခြင်းကြောင့် သူတို့က ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ဘယ်သူဘက် မှားသည် မှန်သည်ဖြစ်စေ အမြန်ဆုံးလွှတ်ပေးနိုင်အောင် မေတ္တာရပ်ခံ တောင်းဆိုတယ်ပေါ့။ TNLA ဘက်က ကျနော်တို့ ရှမ်းနဲ့ ပလောင် အတူတူနေလာတဲ့ဟာကို ထောက်ရှုခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထောက်ရှုခြင်းအားဖြင့်ပေ့ါနော်၊ အဲဒါ လွှတ်ပေးမယ်ပေါ့နော် ။ သဘောတူခဲ့တယ်။ ”

လွှတ်ပေးမယ့် ရက်ကို အတိအကျ သတ်မှတ်တာမရှိပေမဲ့ ဒီရက်ပိုင်းအတွင်းလွှတ်ပေးဖို့ TNLA က အာမခံထားကြောင်းလည်း ဆက်ပြောပါတယ်။

“ အမြန်ဆုံးဆိုတာလည်း ဒီရက်ပိုင်းအတွင်းပေါ့နော။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာဆိုတာကျ တိတိကျကျ မရှိဘူးပေါ့။ TNLA ကနေ ဒီရက်ပိုင်းအတွင်းလို့တော့ အာမခံပါတယ်။”

TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့ ဘက်ကို ဆက်သွယ်ရာမှာတော့ ဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။

FPNCCနဲ့ ရှမ်း လူမှုအဖွဲ့အစည်း ၁၀ဖွဲ့ပူးတွဲပြီး နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးမှာဖြစ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

နမ့်ခမ်းမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးစိုင်းအောင်ဝင်က လွှတ်ပေးမယ်လို့ ကြားသိရတဲ့အပေါ် အခုလိုပြောဆိုပါတယ်။

“နန်းမိုဟွမ် လွှတ်လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့က အတိုင်းမသိ ဝမ်းသာရတာပေါ့။ သူတို့ ထောင်ဒဏ်ချထားတဲ့ ၃နှစ်ကတော့ ပြန်ပြီးတော့ လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ သဘောမျိုးပေါ့ဗျာ။ သူတို့လည်း အမှန်တကယ်လွှတ်ပေးလာမယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်။”


နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့အတွက် နန့်ခမ်းမြို့ ဒေသခံတွေ ထောင်နဲ့ချီ တောင်းဆို ဆန္ဒပြခဲ့ကြသလို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP နဲ့ ရှမ်းနိုင်ငံရေးပါတီ စတဲ့ အဖွဲ့အစည်းတွေကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG