သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေ သေဆုံးတဲ့ စစ်တပ် တိုက်ခိုက်မှု ရှမ်းလူငယ်တွေ ရှုတ်ချ


ဖယ်ခုံက ဘန်ကောက်ဒုက္ခသည်စခန်း
ဖယ်ခုံက ဘန်ကောက်ဒုက္ခသည်စခန်း

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တဲ့အပေါ် ရှမ်းလူငယ်အဖွဲ့တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ရှမ်းကျောင်းသူကျောင်းသား၊ လယ်သမား၊ ကျန်းမာရေးလုပ်သားအဖွဲ့တွေနဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ပါတဲ့ ရှမ်းလူငယ်အရပ်ဘက် အဖွဲ့ ၉ ခု ပေါင်းပြီး ကြေညာချက်ထုတ်ပြန်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်တောင်ပိုင်းက ဘန်ကောက်ဒုက္ခသည်စခန်းမှာ ကလေးငယ် ၈ ယောက်နဲ့ အမျိုးသမီး ၂ ယောက်၊ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ကလေးငယ် ၃ ယောက်၊ သက်ကြီး ၁ ယောက်နဲ့ ကိုယ်ဝန်ဆောင် ၁ ယောက်၊ နောင်ချိုမြို့နယ်မှာ ကလေးငယ် ၁ ယောက် စုစုပေါင်း ၂၂ ယောက်သေဆုံးပြီး၊ ဒဏ်ရာရသူ၊ ပျောက်ဆုံးနေသူ စုစပေါင်း ၃၀ ရှိတယ်လို့ စာရင်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားပြည်သူတွေ သေဆုံးအောင် စစ်ကောင်စီက တမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့လည်း ရှမ်းလူငယ်တွေက ထောက်ပြထားပါတယ်။ရှမ်းတော်လှန်ရေးအဖွဲ့တွေ နိုင်ငံရေးအဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ တော်လှန်ရေးနဲ့အဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေနဲ့ ရောနှောနေထိုင်တာမျိုးမလုပ်ဖို့ကိုလည်း ဒီကြေညာချက်ထဲမှာ မေတ္တာရပ်ခံထားပါတယ်။

တချိန်ထဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဘဲ စစ်ကောင်စီကို အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်ပေးဖို့အတွက်လည်း ရှမ်းလူငယ်အဖွဲ့ (၉) ခုက စုပေါင်းတောင်းဆိုထားကြပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကလည်း ကုလသမဂ္ဂ၊ EU ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်တပ်ကို လက်နက်ခဲယမ်းတင်ပို့ရောင်းချမှု တင်းကြပ်စွာ ပိတ်ဆို့အရေးယူပေးဖို့၊ လေကြောင်းရန် တားဆီးနိုင်ဖို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု လုံးဝ ရပ်တန့်ပေးသွားဖို့၊ စစ်ရာဇဝတ်မှုတွေကု နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့နဲ့ ကရင်နီပြည်သူတွေအပါအဝင် ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူ အားလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးချဲ့ပံ့ပိုး ကူညီပေးသွားဖို့ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေကို သွားခဲ့ပြီး ရက်ပိုင်းအကြာမှာ ခုလို လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က လုပ်ခဲ့တာပါ။ ညဘက် အိပ်ချိန် ကလေးငယ်အများစုသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

Forum

XS
SM
MD
LG