သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ထိန်းမနိုင်သိမ်းမရ မဖြစ်အောင် ဝိုင်းကြိုးစားဖို့လိုနေ


Timor-Leste (အရှေ့တီမော) နိုင်ငံသမ္မတ Dr José Ramos-Horta
Timor-Leste (အရှေ့တီမော) နိုင်ငံသမ္မတ Dr José Ramos-Horta

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ့်အခြေအနေကို ဦးတည်နေပြီလို့ Timor-Leste (အရှေ့တီမော) နိုင်ငံသမ္မတ Dr. Jose Ramos-Horta က ပြောကြားလိုက်ပါတယ်။ လက်ရှိပဋိပက္ခတွေ ရပ်သွားအောင် ကြိုတင်သတ်မှတ်ချက် မရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue ဆွေးနွေးပွဲအတွင်းမှာ ဒီနေ့ ပြောကြားသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ရဲ့အခြေအနေဟာ အလွန်ကို အားလျော့နေပါတယ်။ ဖိအားတွေကြောင့် ပြိုလဲမယ့် အခြေအနေမျိုးကို ရောက်နေပါတယ်။ ဒါကသူတို့ဘက်က ဆွေးနွေးလာစေဖို့ အခြေအနေ ဖြစ်နေပါတယ်။ ဒါကြောင့် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးလာကြအောင် ကြိုးစားဖို့ လိုနေပါတယ်။ ပဋိပက္ခတွေ ရပ်သွားတဲ့ အဖြေမျိုးထွက်အောင် ကြိုတင်သတ်မှတ်ချက်မပါတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပါပြီလို့ Timor-Leste (အရှေ့တီမော) နိုင်ငံသမ္မတ Dr. Jose Ramos-Horta က သူ့ရဲ့အမြင်ကို ဆွေးနွေးသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အကောင်းဆုံး အစီအစဉ်တခုအနေနဲ့ ရှိနေပြီးသား ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအခြေအနေကို ကြားဝင်စေ့စပ်မှုတွေ မလုပ်ရင် ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး ရောက်သွားလိမ့်မယ်ဆိုတာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ပုပ်ရဟန်းမင်းကြီး၊ ပြင်သစ်သမ္မတ Emmanuel Macron၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron တို့နဲ့ သူ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ပြောကြားတိုက်တွန်းခဲ့ပါတယ်လို့လည်း Dr. Ramos-Horta က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခတွေ အဆုံးသတ်အောင် ပိုကြိုးစားဖို့ လိုအပ်နေပြီး ဒါမှမဟုတ်ရင် တရားဥပဒေ စိုးမိုးမှု ပြန်ရအောင်လုပ်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်လို့ ပြောပါတယ်။

စင်္ကာပူမှာ ကမ္ဘာ့နိုင်ငံစုံက ခေါင်းဆောင်တွေနဲ့ ကာကွယ်‌ရေးဆိုင်ရာ အကြီးအကဲတွေ တက်ရောက်နေကြတဲ့ Shangri-La Dialogue မှာ ဒီနေ့ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြတာမှာ Enhancing Crisis Management Amid Rising Competition ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲအတွင်း Timor-Leste (အရှေ့တီမော) သမ္မတက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာစစ်တပ်ဟာ ရှုံးနိမ့်နေပြီး အနိုင်ရမှာ မဟုတ်ဘူးလို့လည်း သူက ဆွေးနွေးသွားပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာ NLD၊ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ရော ထိန်းချုပ်နိုင်တဲ့ အနေအထားရှိရဲ့လားဆိုတာကလည်း မေးခွန်းတခု ဖြစ်တယ်လို့ သမ္မတ Ramos-Horta က ထောက်ပြသွားပါတယ်။ အရင်သာဓကတွေအရ ပဋိပက္ခတွေဖြစ်ပြီး မတည်မငြိမ် ဖြစ်နေတဲ့ အာဖဂန်နစ္စတန်လို နိုင်ငံမှာ မူးယစ်ဆေးလုပ်ငန်းလို ဥပဒေနဲ့မညီ လုပ်သူတွေ ပိုများလာတာ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် မူးယစ်ဆေး တရားမဝင် ရောင်းဝယ်တာအပြင် တရားမဝင် သစ်ခိုးခုတ်တာတွေ ပိုများလာတယ် ဆိုတာကိုလည်း ဆွေးနွေးပွဲအတွင်းမှာ ထည့်သွင်းဆွေးနွေးသွားခဲ့ပါတယ်။

Forum

XS
SM
MD
LG