သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလုံခြုံရေး ညီလာခံ မြန်မာ ဒုကာကွယ်ရေး ဝန်ကြီး တက်ရောက်ဖို့ ပျက်ကွက်


စင်ကာပူနိုင်ငံမှာ သောကြာနေ့ကစပြီး ကျင်းပနေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ် လို့ လူသိများတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ဖြစ်နေတဲ့ ပဋိပက္ခအပြင် မြောက်ကိုရီးယားနဲ့ ဆက်နွယ်နေတဲ့ မြန်မာစစ်အစိုးရ ရဲ့ အခြေအနေတွေကိုပါ ထည့်သွင်းပြောဆိုလာကြဖွယ် ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့လဲ မြန်မာစစ်အစိုးရ ဘက်က ကိုယ်စားလှယ်ခေါင်းဆောင်ကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်လာခဲ့ခြင်း မရှိဘူးလို့ ဆွေးနွေးပွဲမှာရှိနေတဲ့ နိုင်ငံတကာ မဟာဗျူဟာနဲ့ လုံခြုံရေး သုတေသန ပညာရှင် ဒေါက်တာ မောင်ဇာနည်က ဗွီအိုအေကို ပြောပါတယ်။ ဦးသန်းလွင်ထွန်းက ဒေါက်တာဇာနည်ကို ဆက်သွယ်မေးမြန်းထားတာပါ။

ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲရဲ့အကြောင်းကို ဒေါက်တာ ဇာနည်က ပထမဆုံး ခုလို ရှင်းပြပါတယ်။

“အဓိကကတော့ ကျနော်တို့ အာရှပစိဖိတ်ဒေသမှာ သူတို့ နိုင်ငံတွေရဲ့ လုံခြုံရေး၊ နောက်တခါ WMD လို့ခေါ်တဲ့ Weapons of Mass Destruction၊ ဒီ လူသားတွေကို ထောင် သိန်းနဲ့သန်းနဲ့ချီပြီး သေတဲ့ နျူကလီးယားလို လက်နက်မျိုး၊ နောက်တခါ biological weapons တွေ၊ အဲဒီဟာမျိုး လက်နက်တွေ ထုတ်နိုင်တဲ့ နည်းပညာတွေ၊ အဲဒီလက်နက် ထုတ်နိုင်တဲ့ အစိတ်အပိုင်းတွေ ဆိုးတဲ့အစိုးရတွေ လက်ထဲ မရောက်ဖို့၊ နောက်တခါကျတော့ တခြား အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လက်ထဲ မရောက်ဖို့။ ဘယ်လိုပြောရမလဲဗျာ၊ ကျနော်တို့ 9/11 နယူးယောက်မှာ လေယာဉ်ပျံနဲ့ attack လုပ်တဲ့ကိစ္စ နောက်ပိုင်းမှာစပြီးတော့ နိုင်ငံတွေ security ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကိစ္စကို ညှိနှိုင်းဖလှယ်ဖို့ သူတို့ စလုပ်ကြတာ။”

အခု ဒီဆွေးနွေးပွဲနဲ့ အချိန်ကိုက်ပဲပေါ့နော်။ တချိန်တည်းမှာ မြန်မာပြည်နဲ့ မြောက်ကိုရီးယား လက်နက်နည်းပညာ ဖလှယ်နေတဲ့ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေကလဲ သတင်းတွေ ထွက်ပေါ်နေတော့ ဒီအစည်းအဝေးပွဲမှာ မြန်မာနိုင်ငံဘက်ကရော၊ မြန်မာစစ်တပ်ဘက်ကရော လာရောက်ပြီးတော့ တက်ရောက်တဲ့သူတွေ တွေ့ခဲ့လားခင်ဗျ။ -

“ဒီနှစ်တော့ အစိုးရရဲ့ ကိုယ်စားလှယ် ဆိုပြီးတော့ ဗိုလ်ချုပ်အေးမြင့် ရယ်၊ နောက်တခါ ဒီနိုင်ငံမှာရှိတဲ့ နအဖ သံအမတ်ကြီး ဦးဝင်းမြင့်၊ အရင်တုန်းက ဗိုလ်မှူးချုပ်ဟောင်းပေါ့လေ။ သူတို့နှစ်ယောက် နံမည်တော့ တွေ့တယ်။ စစ်တပ်အစိုးရနဲ့ပတ်သက်လို့ရှိရင် သူတို့နှစ်ယောက် နံမည်တော့ တွေ့တယ်။ ဒါပေမဲ့ ကိုယ့်မြန်မာအချင်းချင်း ဆိုတော့ ဦးဝင်းမြင့် နဲ့ ကျနော်နဲ့တွေ့တော့ နုတ်ဆက်လိုက်ပြီးတော့ မေးကြည့်တာ။ အဲန်ကယ်လ် နေကောင်းလား မေးပြီးတော့ ဗိုလ်ချုပ် အေးမြင့် နံမည်တွေ့တယ်၊ လာမှာလား၊ ကျနော် မတွေ့လို့လို့ မေးတော့ သူက မလာဘူးတဲ့။ လာခါနီးလေးမှ ခရီးစဉ်ကို ဖျက်လိုက်တယ်တဲ့။ ဆိုတော့ ကျနော် ထင်တာက အယ်လ်ဂျာဇီးယား (Aljazeera) က ထုတ်လိုက်တဲ့ မြန်မာပြည်နဲ့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီးတော့ ဒုံးကျည်လုပ်တဲ့ကိစ္စရယ်၊ နောက်ပြီးတော့ နျူကလီးယား လက်နက်ကို ထုတ်ဖို့ မြန်မာစစ်တပ်က ထုတ်ဖို့ အကြီးအကျယ် ကြံနေတယ်၊ အဲဒီဟာက သတင်းပေါက်သွားတဲ့အခါမှာ ကျနော်ထင်တယ် ဗိုလ်ချုပ် အေးမြင့်က ဒီမှာလာမယ်ဆိုရင် သူ့ကို ဝိုင်းပြီးတော့ မေးကြပြုကြမှာ၊ ဘယ်လိုပြောမလဲ အဲဒီလို အခြေအနေရှိလို့ မလာဘူးလို့ ကျနော် ထင်တယ်။”

လောလောဆယ်က ဒီနေ့ဖွင့်ပွဲအခမ်းအနားမှာက ထူးခြားတဲ့အကြောင်းအရာတွေ ဘာတွေ ရှိသေးလဲ။ ကျနော်တို့ သိသလောက်တော့ တောင်ကိုရီးယား သမ္မတကနေ တက်ပြီးတော့ မိန့်ခွန်းပြောတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကိစ္စတွေကို ပိုပြီးတော့ အလေးပေးပြောသွားတယ်လို့ ကြားရပါတယ်။ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ကိစ္စတွေကိုရော တစုံတရာ ထည့်ပြီးတော့ ပြောသွားတာတွေ ရှိလား။ -

“အဲဒီကိစ္စကိုတော့ သူက လုံး၀ ထည့်မပြောသွားဘူး။ သူက ဒီ အာရှတိုက်မှာ အာရှတိုက်ရဲ့ လုံခြုံရေးကို အဓိကပေါ့လေ စိုးရိမ်မှုဖြစ်စေတာကတော့ ဒါ မြောက်ကိုရီးယားဖြစ်တယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ ရန်သူလို တဖက်နဲ့တဖက် လောလောဆယ် သတ်မှတ်ထားပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် စကားစစ်ထိုးနေတဲ့ အနေအထားမှာ ရောက်လာတယ်လေ။ အဲဒီတော့ မြန်မာပြည်ကိစ္စမှာတော့ သူက မြန်မာပြည်နဲ့ပတ်သက်လို့ ၁၉၈၃ ခုနှစ်နဲ့ မဆလ ဦးနေဝင်းခေတ်က သမ္မတ ချန်ဒူးဝမ် လာတဲ့အချိန်မှာ အာဇာနည်ကုန်းမှာ ဗုံးခွဲပြီးတော့ တောင်ကိုရီးယား ခေါင်းဆောင် ၁၇ ယောက်လောက် ဒုတိယ ဝန်ကြီးချုပ် အပါအဝင် သူတို့ အသတ်ခံလိုက်ရတယ်။ အဲဒီကိစ္စကို သူက ထည့်ပြောသွားတယ်။ အဲဒီကိစ္စကစပြီးတော့ ၁၉၈၃ ခုနှစ်ကစပြီးတော့ မြောက်ကိုရီးယားက တောင်ကိုရီးယား နိုင်ငံကို ရန်လိုပြီးတော့ အမျိုးမျိုး လုပ်လာတာပေါ့လေ။ အဲဒါတွေ ပြောတယ်။ တခြား ပြောသွားတာကတော့ နျူကလီးယား လက်နက်တွေ အကြမ်းဖက်အဖွဲ့တွေလက်ထဲ မရောက်ဖို့ဆိုတာ အဓိက တချက်ပေါ့။”

ဒီနေရာမှာ ထူးဆန်းနေတာတခုက မြောက်ကိုရီးယားနိုင်ငံက နိုင်ငံတကာရဲ့ စောင့်ကြည့်နေတဲ့ကိစ္စတွေ၊ စွပ်စွဲနေတဲ့ကိစ္စတွေအရဆိုရင် မြန်မာနိုင်ငံကို နျူကလီးယား လက်နက် ထုတ်လုပ်ရေးကိစ္စ၊ နျူကလီးယား အရေးကိစ္စတွေမှာ စစ်ရေးကိစ္စတွေမှာ ကူညီနေတယ်။ တောင်ကိုရီးယား နိုင်ငံကကျတော့ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်နေတော့ ဒီ ကိုရီးယား နှစ်နိုင်ငံစလုံးနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်နေမှုက စိတ်ဝင်စားစရာ ဖြစ်မနေဘူးလား။ -

“ဒီလိုဗျ။ တောင်ကိုရီးယားက မြန်မာပြည်မှာ သူက သဘာဝဓာတ်ငွေ့တွေ ဝယ်ပြီးတော့ ဒါမှမဟုတ်ရင် သဘာဝဓာတ်ငွေ့မှာပဲ ရင်းနှီး မြှုပ်နှံမှုမှာ အမြတ်ထုတ်ဖို့ ကြံနေတာမဟုတ်ဘူး။ သူက ၁၉၉၃-၉၄ ခုနှစ်လောက် ကတည်းက တောင်ကိုရီးယား နိုင်ငံမှာ အထူးသဖြင့် ဒေဝူး ကုမ္ပဏီက ဒီမှာလာပြီးတော့ လက်နက်ငယ်နဲ့ လက်နက်လတ်တွေ ထုတ်တာကို ကျနော်တို့ ကပစ မှာ အကြီးအကျယ် မြန်မာ့တပ်မတော်ရဲ့ လက်နက်ထုတ်ယူ လုပ်ငန်းတွေကို သူတို့ကိုယ်တိုင်က ကြပ်ကြပ်မတ်မတ်နဲ့ လာပြီးတော့ လုပ်ပေးနေတာပဲ။ ဒါကြောင့်မိုလို့လဲ ကျနော်တို့ ရေနံ သဘာဝဓာတ်ငွေ့ ကိစ္စတွေမှာ ဒေဝူးက တော်တော်ကို အကျိုးအမြတ်လဲ ရနေတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက ဒီ ဒေဝူးက ရလာတဲ့ပိုက်ဆံတွေက ဒီအထဲမှာ ရင်းနှီးမြှုပ်နှံတဲ့ ပိုက်ဆံတွေက မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ နျူကလီးယားတို့ ဒုံးကျည်တို့ အဲဒီအထဲမှာ ပိုက်ဆံတွေဝင်သွားတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက ကိုရီးယားချင်း ဖြစ်ပေမဲ့ စစ်ဖြစ်မယ့်အနေအထားမျိုး၊ အဲဒီ အနေအထားမှာ ကျနော်တို့နိုင်ငံမှာ ဒီ နှစ်နိုင်ငံစလုံးပေါ့လေ ဝင်ပြီးတော့ အလွန်ဆိုးရွားတဲ့ တပ်မတော် အစိုးရကို ငွေရေးကြေးရေး အရရော နည်းပညာအရရော ကူညီနေတယ်။ အဲဒီကိစ္စကတော့ အနှေးနဲ့အမြန် ကမ္ဘာအစိုးရတွေ အနေနဲ့ လူသားပြုန်းတီးမယ့် လက်နက်တွေ မပြန့်ပွားရေး ဆိုတဲ့ အဖွဲ့အစည်းတွေ သိလာမယ့်အနေအထားမှာ ရှိတယ်လို့ ကျနော် ထင်တယ်။”

ရှန်ဂရီလာ ဒိုင်ယာလော့ခ် ဒုတိယနေ့ ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး တက်ရောက်ပြီး မြန်မာ့အရေး ဆွေးနွေးမှုမှာလဲ ပါဝင်လာဖွယ်ရှိတယ်လို့ ဒေါက်တာ ဇာနည်က ပြောသွားပါတယ်။

XS
SM
MD
LG