သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းနီ တိုင်းရင်းသား အသိအမှတ်ပြုရေးနဲ့ ပြည်နယ်ရရေး တောင်းဆို ဆန္ဒပြ


ရှမ်းနီ တိုင်းရင်းသား အသိအမှတ်ပြုရေးနဲ့ ပြည်နယ်ရရေး တောင်းဆို ဆန္ဒပြ (Shanni Youth Association Facebook)
ရှမ်းနီ တိုင်းရင်းသား အသိအမှတ်ပြုရေးနဲ့ ပြည်နယ်ရရေး တောင်းဆို ဆန္ဒပြ (Shanni Youth Association Facebook)

ရှမ်းနီတိုင်းရင်းသားတွေကို တိုင်းရင်းသားလူမျိုးစုတခုအဖြစ် သတ်မှတ်ပေးဖို့နဲ့ ရှမ်းနီပြည်နယ်တခု သတ်မှတ်ပေးဖို့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တင်ပြ တောင်းဆိုခဲ့တဲ့အတိုင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ထဲက ရှမ်းနီလူမျိုး သောင်းနဲ့ချီ စုဝေးပြီးတော့ ဒီကနေ့နေ့လည် ၁ နာရီကျော်အထိ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အင်းအားသောင်းနဲ့ ချီရှိတဲ့ရှမ်းနီလူမျိုးတွေဟာ ဟုမ်းမလင်းမြိုမှာ ဆန္ဒပြခဲ့ကြတာပါ။ ဘာကြောင့် သူတို့ ဆန္ဒပြသလဲဆိုတာကိုတော့ ရှန်းနီလူငယ်ကွန်ယက်ကတာဝန်ရှိသူတဦးဖြစ်တဲ့ စိုင်းဆမ်းတွိုင်က အခုလိုပြောပြပါတယ် ။

“ကျနော်တို့ ရှမ်းနီလူမျိုးတွေက နဂိုက မှတ်ပုံတင်လည်းမရှိသလို ရှမ်းနီ ဆိုတာရှိမှန်းလည်း မသိကြဘူး။ တခြမ်းက ကချင်ပြည်နယ်ထဲမှာ၊ တခြမ်းက စစ်ကိုင်းတိုင်းထဲမှာအသွင်းခံထားရတာပေါ့။ မှတ်ပုံတင်မှာလည်း ပထမတုန်းက ကျနော်တို့ ရှမ်းဆိုပြီးတော့ ရေးထည့်တဲ့ဟာကို မှတ်ပုံတင်ဌာနကနေပြီးတော့ ရှမ်း ၊ဗမာလို့ရေးတယ်။ နောက်ပိုင်းကျရင် ရှမ်းဗမာက ရှုပ်ပါတယ်ဆိုပြီးတော့ ဗမာ လို့စာရင်းသွင်းလိုက်တယ်။ ကျနော်တို့က ကိုယ့်စာပေတင်တဲ့ဟာကိုလည်း မသင်ရဘူး။ မသင်ရတဲအခါကျတော့ နောက်ပိုင်းမှာ ကျနော်တို့လူမျိုးတွေက တဝက်ကျော်ကျော် ၃ ပုံ ၊ ၂ ပုံလောက်ဟာ ဗမာလူမျိုးအနေနဲ့ပဲ မှတ်ပုံတင်ပြီးတော့ ဗမာတွေဖြစ်ကုန်ကျတာပေါ့။ တဘက်က ကချင်ပြည်နယ်ထဲမှာရှိနေတဲ့အချိန်မှာ လက်နက်ကိုင်အုပ်စုတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့်ကော ၊ လူမျိုးအမည်မှန်မရှိတာကြောင့်ကော ကျနော်တို့က ကိုယ့်ရဲ့နေရာမှာနေရဲ့သားနဲ့ ရှမ်းနီလူမျိုးမဖြစ်သလို၊ ကိုယ့်နယ်ကိုလည်း သူများတွေ အုပ်ချုပ်ထားတာကို ခံနေရတဲ့ အနေအထားမျိုးမှာဖြစ်နေတယ်။ အဲလိုဆိုတဲ့အခါမှာ ကျနော်တို့ကတော့ လူမျိုးလည်းပျောက် ၊ နယ်မြေလည်းပျောက်နေတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ကျနော်တို့အခုလို ထုတ်ဖော်ရတဲ့အကြောင်းအရင်းက ကျနော်တို့ ၂၁ ရာစုပင်လုံမှာ ကျနော်တို့ ရှမ်းနီတိုင်းရင်းသားတွေအားလုံးကိုယ်စား ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်ကနေပြီးတော့ ကျနော်တို့ ရှမ်းနီပြည်နယ်နဲ့ ရှမ်းနီလူမျိုးတရားဝင်သတ်မှတ်ပေးနိုင်ရေးကို တောင်းဆိုခဲ့တယ်။”

သူတို့တောင်းဆိုချက်တွေကတော့ရှမ်းနီလူမျိုး တရားဝင်သတ်မှတ်ရေး-ရှမ်းနီပြည်နယ် ရရှိရေး-ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေး-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံ အောင်နိုင်ရေး စတဲ့ အချက်(၄)ချက် တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းမှာနေထိုင်နေတဲ့ရှမ်းနီလူမျိုးတွေ စုပေါင်းလာပေါင်းလာကြတဲ့အတွက် လူအင်အားက အစိုးရကိုတောင်းဆိုထားတာထက်ပိုများလာတယ်လိုလည်း ဆက်ပြောပြပါတယ်။

“ကျနော်တို့ဒီက စစ်ကိုင်းတိုင်းထဲမှာရှိနေတဲ့ စကော်၊ ဖောင်းပြင် ၊ ကလေး ၊ တမူး၊ ဟုမ်းမလင်း ပြီးတဲ့အခါကျတော့ ကျနော်တို့ အရှေ့ဘက်အခြမ်းခေါ်တာပေါ့ ဘမောက်၊ မိုးညင်း ၊ မိုးကောင်း၊ မြစ်ကြီးနား အဲဒီဘက်က ရှမ်းနီညီအကိုတွေလာကြတယ်ခင်ဗျ။

အစိုရဘက်ကတော့ တရားဝင်ဆန္ဒပြပွဲဖြစ်တဲ့အတွက် လူအင်အားလျော့ချခိုင်းတာကလွဲရင် တခြား တားဆီးတာ ကန့်ကွက်တာတွေတော့ မရှိဘူးလို့ဆိုပါတယ်။

“ဒီအစိုးရဘက်ကနေပြီးတော့မှ တုန့်ပြန်မှုကတော့ ဘာမှမရှဘူးဗျ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်ရမည်လို့ တင်ထားတဲ့ဟာကို ၂၁ ရာစုပင်လုံဆိုတဲ့ စာကြောင်းလေးထည့်ခိုင်းတာလေးပဲ ရှိပါတယ်။ ပြီးတဲ့အခါကျတော့ လူအင်အားကို ကျနော်တို့ ၃ သောင်းလို့တင်တာကို ၁ သောင်းခွဲလျှော့ချခိုင်းတယ်။ ကျနော်တို့လည်း လက်ခံပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားတွေစုလာတဲ့အခါကျတော့ ကျနော်တို့က ၁ သောင်းခွဲလို့ သတ်မှတ်ထားပေမယ့် လူအင်အားက တားမရပဲနဲ့ လေးသောင်းလောက်ရောက်သွားတာကတော့ မတက်နိုင်ဘူးဗျ။”

ရှမ်းနီလူမျိုးတွေဟာ ကချင်ပြည်နယ်ထဲမှာ အများဆုံးဖြစ်ပြီးမကြာခဏ ဆိုသလို ကချင်ပြည်နယ်ထဲမှာ ပေါတာဆွဲတာတွေ ဖမ်းဆီးတာတွေရှိနေတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ပဋိပက္ခတွေ ဖြစ်လေ့ရှိပါတယ်။ မကြာသေးခင်ကကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ပင်လုံ မှာတော့ ရှမ်းနီလူမျိုးတွေကို တရားဝင် လူမျိုးအဖြစ်သတ်မှတ်ပေးရေးကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG