သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ် လက်နက်ကြီးထိ ၄ ဦးသေဆုံး


ကော့ကရိတ်မြို့နယ်အတွင်း အရပ်သားတွေကားရပ်နားရာမှာ လက်နက်ကြီးကျည်ကျရောက် ဒဏ်ရာရသူတစ်ဦး။ (အောက်တိုဘာ ၁၁၊ ၂၀၁၄)
ကော့ကရိတ်မြို့နယ်အတွင်း အရပ်သားတွေကားရပ်နားရာမှာ လက်နက်ကြီးကျည်ကျရောက် ဒဏ်ရာရသူတစ်ဦး။ (အောက်တိုဘာ ၁၁၊ ၂၀၁၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက အလယ်ဗိုလ်တဲဆိုတဲ့အရပ်မှာ မြဝတီမြို့ဘက်ကသွားတဲ့ ခရီးသည်ကားတစ်စီးကို လက်နက်ကြီးထိမှန်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရခဲ့ကြပါတယ်။ ဒဏ်ရာပြင်းထန်သူ ၃ ဦးကိုတော့ ကော့ကရိတ်ဆေးရုံကနေ ဘားအံဆေးရုံကို လွဲှပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ကပဲ မြန်မာအစိုးရတပ်တွေနဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်တို့ ကရင်ပြည်နယ်မှာ တိုက်ပွဲတချို့ဖြစ်ခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကားရပ်နားတဲ့နေရာတစ်ခုမှာ လက်နက်ကြီးကျည်တွေ ကျခဲ့တာပါ။ လက်နက်ကြီးကျည် ထိမှန်ပြီး ခရီးသည်သုံးဦးဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်တစ်ဦးက ဆေးရုံမှာပဲ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာ ၃ ဦးကိုတော့ ဘားအံဆေးရုံကို ပို့ပေးခဲ့ရပြီး အများစုက ကော့ကရိတ်ဆေးရုံမှာပဲ ရှိနေသေးကြောင်း လူနာတွေကို သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံ တစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးက ဘယ်က ပစ်မှန်းကို မသိဘူး။ ဂျိန်း-ကနဲဆို ကွဲမှပဲ သိကြတာ။ ဟိုမှာ သေတာပဲ (၃) ယောက်ပေါ့။ ဆေးရုံမှာရောက်မှ (၁) ယောက်သေတာ။ အခုတော့ ကော့ကရိတ်ဆေးရုံမှာလည်း ရင်ဘတ်ထိထားတဲ့ကလေး- အဲဒီကလေးကိုတော့ ဘားအံဆေးရုံယူသွားပြီ။ ဒီနေ့ညနေက ဘားအံဆေးရုံပို့လိုက်ပြီ။ ၃ ယောက်၊

ကော့ကရိတ်မြို့နယ် အလယ်ဗိုလ်တဲစခန်းကို ကျရောက်တဲ့လက်နက်ကြီးထိမှန်ပြီး ရင်ဘတ်ဒဏ်ရာရသူတစ်ဦး။
ကော့ကရိတ်မြို့နယ် အလယ်ဗိုလ်တဲစခန်းကို ကျရောက်တဲ့လက်နက်ကြီးထိမှန်ပြီး ရင်ဘတ်ဒဏ်ရာရသူတစ်ဦး။

ရင်ဘတ်ထိတဲ့တယောက်က စိုးရိမ်ရတယ်။ နောက် တင်ပဆုံထိတဲ့တယောက် ရှိသေးတယ်၊ အဲဒါလည်း စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေလည်း ကုပေးပေမယ့် အခြေအနေမကောင်းရင်တော့ ထပ်ယူသွားတယ်လေ။ ဘားအံကို။ ဖြစ်တာက အလယ်ဗိုလ်တဲစခန်းမှာပေါ့။ ရပ်နားစခန်းမှာ--- ”

ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်ကရေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကော့ကရိတ်မြို့ ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ အမျိုးသား ၃ ဦးနဲ့ ကလေးတစ်ဦး သေဆုံးကြောင်းနဲ့ ဒဏ်ရာရသူ ၁၂ ဦးရှိတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

“အားလုံး ကျား ၄ ဦးသေတယ်။ ကျား ၄ ဦးမှာ ကလေးတစ်ဦးပါတယ်ခင်ဗျ။ ဒဏ်ရာရတာကတော့ ဘုန်းကြီးတပါး အပါအဝင် ၁၂ ဦးပေါ့။ လက်နက်ကြီးကျည်ဆံကျပြီးတော့ သူတို့ကား ရပ်နားတဲ့အချိန်မှာ ကွဲသွားပြီးတော့မှ မှန်တယ်ဆိုတဲ့ဟာပဲ သိရတယ်။”

အခု လက်နက်ကြီးကျည်တွေဟာ ဘယ်ဘက်က ပစ်တဲ့လက်နက်ဆိုတာ အတိအကျ မသိရသေးကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည် ကျတာလားဆိုတာကိုလည်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်တုန်းကလည်း အဲဒီလမ်းတလျှောက်မှာ လက်နက်ကြီးကျည်တွေ ကျတဲ့အတွက် ခရီးသည်တချို့ ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်ဆေးရုံမှာပဲ ဆေးကုသမှု ခံခဲ့ရပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာအစိုးရတပ်တွေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့တချို့ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေတာပါ။ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းကလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုရက်ပိုင်းမှာပဲ တိုက်ပွဲတချို့ ပြန်ဖြစ်နေတာပါ။

မြဝတီမြို့ကနေ ကော့ကရိတ်၊ ဘားအံ၊ ရန်ကုန်လမ်းတလျှောက် ခရီးသွားတွေအနေနဲ့ ခရီးသည်တင်ကားတွေပေါ် လက်နက်ကြီးကျည် ကျနေတဲ့အပေါ် စိုးရိမ်ပူပန်နေကြပြီး အခုလို ထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့အတွက် ကုန်သည်တချို့ဟာ သူတို့ရဲ့ခရီးစဉ်တွေကို ဖျက်လိုက်ကြတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တချို့ဟာ ၂၀၁၁ ခုနှစ်အကုန်၊ ၂၀၁၂ ထဲမှာ အပစ်ရပ်စဲရေး လက်မှတ်ထိုးထားကြပေမယ့် ကရင်ပြည်နယ်ထဲက တချို့နေရာတွေမှာတော့ ထိတွေ့မှု တိုက်ပွဲငယ်တချို့ ရှိနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG