သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီကွပ်မျက်မှု ဒေသတွင်းတင်းမာမှုတွေတိုးနိုင်


အထင်ကရ Shi'ite ဘာသာရေးခေါင်းဆောင် Nimr al-Nimr ကို ဆော်ဒီအာရေးဗီးယားရဲ့ အာဏာရ တော်ဝင်မိသားစုက ကွပ်မျက်လိုက်တဲ့အပေါ် နိုင်ငံတကာမှာ အမျက်ဒေါသထွက် ထွက်ပေါ်နေပြီး ဒေသတွင်းက Shi'ite ဘာသာဝင် အများစုနေထိုင်တဲ့ တိုင်းပြည်တွေနဲ့ သံတမန်ရေးအရ တင်းမာမှုတွေ ဖြစ်ပေါ်လာနိုင်သလို၊ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေလည်း နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

Shi'ite ဘာသာရေးခေါင်းဆောင် Nimr al-Nimr ကို ကွပ်မျက်လိုက်တဲ့အတွင် ဒေသတွင်း မတူညီတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအကြားက တင်းမာမှုကို တိုးမြှင့်လိုက်သလို ဖြစ်နေကြောင်း အမေရိကန်ပြည်ထောင်စုကလည်း သတိပေး ပြောကြားလိုက်ပါတယ်။

တချိန်ထဲမှာပဲ အီရန်နိုင်ငံ တီဟီရန်မြို့မှာရှိတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံ သံရုံးကို ဒေါသထွက်နေတဲ့ အီရန်ဆန္ဒပြသူတွေ စနေနေ့မှာ ဝင်ရောက် တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အထင်ကရ Shi'ite ဘာသာရေးခေါင်းဆောင်တဦး အပါအဝင် အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အရေးယူခံထားရတဲ့ လူပေါင်း ၄၇ ဦးကို ဆော်ဒီအာရေးဗီးယားနိုင်ငံက နှစ်ပေါင်း ၃၀ အတွင်း လူအများအပြားကို ပထမဆုံးအကြိမ် ကွပ်မျက်လိုက်ပါတယ်။

ကွပ်မျက်ခံရသူ အများစုဟာ Sunni စစ်သွေးကြွတွေဖြစ်ပြီး အဲဒီထဲက တချို့ဟာ al-Qaida အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ သူတွေဖြစ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ကွပ်မျက်ခံရသူ အားလုံးထဲမှာ ၂ ဦးကလွဲလို့ ကျန်သူတွေဟာ ဆော်ဒီအာရေးဗီးယား နိုင်ငံသားတွေ ဖြစ်ကြပြီး တဦးက ချဒ်နိုင်ငံသားနဲ့ ကျန်တဦးကတော့ အီဂျစ်နိုင်ငံသား ဖြစ်တယ်လို့ ဆိုပါတယ်။

Shi'ite ဘာသာရေးခေါင်းဆောင် Nimr al-Nimr ဟာ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အာရပ်နွေဦး လှုပ်ရှားမှုတွေအတွင်း အရေးပါတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ သူဟာ ဆော်ဒီ အစိုးရက Shi'ite ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG