ဥရောပတိုက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ဖို့ရည်ရွယ်တဲ့ဖြစ်စဉ်တခုကို နှိမ်နင်း ဖြိုခွဲခဲ့ရာမှာ အဓိက ကြိုးကိုင်စီစဉ်ဆောင်ရွက်သူ လွတ်မြောက်နေဆဲဖြစ်ကြောင်း Belgium တရားရေးဝန်ကြီးက ထုတ်ဖေါ်ပြောဆိုက်လိုက်ပြီးနောက် ဥရောပမှာ စိုးရိမ်မှုတွေဖြစ်နေသလို တပ်လှန့်ထားတယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ချာလီအက်ဘ်ဒို မဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နောက်ပိုင်းမှာ ရဲကပစ်သတ်လိုက်တဲ့ အကြမ်းဖက်တိုက်ခိုက်သူ ညီအကိုနှစ်ယောက်ကို ပြင်သစ်နိုင်ငံက သုသာန်မှာ အမှတ်အသား မဖေါ်ပြဘဲ မြှုပ်နှံ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
Cherif Kouachi ရဲ့ အလောင်းကို ပါရီမြို့စွန်က Gennevilliers မှာရှိတဲ့ သုသာန်တခုမှာ စနေနေ့ သန်းခေါင်းယံအချိန်မှာ မိသားစုမပါဘဲ မြှုပ်နှံသင်္ဂြိုဟ်လိုက်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ မြှုပ်နှံတဲ့နေရာကို အမှတ်အသားမပြုလုပ်တဲ့အတွက် အစ္စလာမ်တွေအနေနဲ့ လာရောက်ဆုတောင်းတာမျိုး လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
သူ့ရဲ့အကိုဖြစ်တဲ့ Said ကိုတော့ အဲဒီမတိုင်ခင် တရက်က ပြင်သစ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း Reims မြို့မှာ လျှို့ဝှက် သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ပြင်သစ်အာဏာပိုင်တွေက မာလီနိုင်ငံကလာတဲ့ အသက် ၂၄ နှစ်အရွယ် မွတ်ဆလင်ဘာသာဝင် Lassana Bathily ဆိုသူကို နိုင်ငံသား အဖြစ် စောပြီးတော့ အသိအမှတ်ပြုပေးဖို့ရှိတယ်လို့ ဆိုပါတယ်။ သူဟာ ချာလီ အဘ်ဒို မဂ္ဂဇင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ကိုရှာကုန်စုံဆိုင်ကို အကြမ်းဖက် သိမ်းပိုက်ခံရချိန်မှာ ဈေးဝယ်သူတချို့ကို အောက်ဆုံးထပ် အအေးခန်းထဲမှာ ဝှက်ထားပေးခဲ့ပြီးနောက် ဆိုင်ကိုတိုက်ခိုက်မှုခံနေရပြီ ဖြစ်ကြောင်း သူ ထွက်မပြေးခင် ရဲကို အကြောင်းကြားခဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်သမ္မတ ဖန်ဆွာအော်လန်းက သူ့ထံကို ဖုန်းနဲ့ဆက်သွယ်ပြီး သူ့ကိုနိုင်ငံသားအဖြစ် အသိမှတ်ပြုပေးအပ်ဖို့ ကတိပြုခဲ့တယ်လို့ Lassana Bathily က VOA ကို ပြောပြပါတယ်။
သူ့ကို အားလုံးက၀ိုင်းပြီး သူရဲကောင်းအဖြစ် ချီးကျူးခဲ့ကြပါတယ်။ သူကတော့ ဒါယုံကြည်မှုနဲ့မဆိုင်ပါဘူး၊ ဈေးလာဝယ်ကြသူတွေဟာ အပြစ်ရှိသူတွေ မဟုတ်ကြဘူး။ မသေထိုက်ဘူး။ ဒါကြောင့် သူကူညီနိုင်တာကို ကူညီပေးခဲ့တာလို့ ပြောပါတယ်။
Lassana Bathily ဟာ ပြင်သစ်နိုင်ငံမှာ ၈ နှစ် နေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။