အနောက်ဖက်ကမ်းဒေသနဲ့ ဂျော်ဒန်နိုင်ငံကြားနယ်စပ်မှာ ဒီကနေ့ တနင်္ဂနွေနေ့က ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသား ၃ ယောက် သေဆုံးခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ နယ်စပ်တံတားမှာ ဂျော်ဒန်ဘက်ခြမ်းကနေ ထရပ်ကားနဲ့ ရောက်လာတဲ့ သေနတ်သမားက အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကို စတင်ပစ်ခတ်ခဲ့ပြီး၊ တိုက်ခိုက်သူဟာလည်း အပြန်အလှန် ပစ်ခတ်ရာက သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
သေဆုံးသူတွေဟာ အရပ်သားတွေ ဖြစ်ကြပြီး အသက် ၅၀ တဝိုက်တွေ ဖြစ်ကြောင်းလည်း ဒေသခံ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းက ပြောပါတယ်။ ပစ်ခတ်မှုကို ဂျော်ဒန်နိုင်ငံက စုံစမ်းစစ်ဆေးနေကြောင်းလည်း နိုင်ငံပိုင် Petra သတင်းက ဖော်ပြခဲ့တာပါ။ အနောက်နိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံဟာ ၁၉၉၄ ခုနှစ်မှာ အစ္စရေးနဲ့ ငြိမ်းချမ်းရေး ယူထားပေမဲ့ ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ မူဝါဒတွေအပေါ်မှာတော့ အပြင်းအထန် ဝေဖန်လေ့ ရှိပါတယ်။
ဂျော်ဒန်နိုင်ငံမှာ ပါလက်စတိုင်း နေထိုင်သူတွေ အများအပြား ရှိနေပြီး၊ ဂါဇာစစ်ပွဲ စတင်ကတည်းက အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေတာပါ။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဂျော်ဒန်မြစ်ပေါ်က Allenby နယ်စပ်ကူးတံတားကိုတော့ ဘုရင်ဟူစိန်တံတားလို့လည်း ခေါ်ကြပြီး အစ္စရေးတွေ၊ ပါလက်စတိုင်းတွေနဲ့ နိုင်ငံတကာ ခရီးသွားတွေ အဓိက အသုံးပြုကြပါတယ်။
Forum