သုံးရလွယ်ကူစေသည့် Link များ

ကျောက်စိမ်းတူးဖော်ခွင့် ဆက်ခွင့်ပြုသင့်သလား


ဖားကန့်ဒေသထွက်ကျောက်စိမ်းတုံးရဲ့ အရည်အသွေး စစ်ဆေးနေစဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၅)

အခုရက်ပိုင်း၊ လပိုင်း တိုင်းပြည်ထဲမှာ စိတ်အ၀င်စားဆုံးကိစ္စကတော့ ကချင်ပြည်နယ် ဖားကန့်ဘက်မှာကျောက်စိမ်းတွေကို ဒလကြမ်း တူးနေတဲ့ကိစ္စပါ။ ဒီ ပြဿနာထဲမှာ အစိုးရ၊ တပ်မတော်၊ KIO ၊ ကချင်ပြည်လွတ်လပ်ရေး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ခရိုနီတွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ ဖားကန့်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြတဲ့ သိန်းနဲ့ ချီတဲ့ ပြည်သူတွေ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခု ဖြစ်နေလို့လည်း ပိုပြီး စိတ်ဝင်စားနေကြတာပါ။ ပြီးခဲ့တဲ့ လပိုင်းတုန်းက ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ ရေမဆေးကျောက်ရှာသူတွေ ရာနဲ့ချီ သေဆုံးခဲ့တာ၊ ကျောက်တူးရာမှာသုံးတဲ့ စက်ယန္တယားကြီးတွေ တရုတ်နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲ ၀င်လာတာ၊ ကျောက်စိမ်း အကြီးအကျယ် တူးဖော်ထုတ်လုပ်နေလို့ မြန်မာနိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်တွေဟာ မှတ်မိစရာ မရှိလောက်အောင် ပျက်စီးယိုယွင်းကုန်တာ၊ အဲဒီလို ဓာတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လာတာတွေကို အခြေခံပြီး ဖြစ်ခဲ့တဲ့ ပြဿနာပါ။ ခုဆိုရင် အဲလို ကျောက်မျက်တူးဖော်ရေး အလွန်အကျွံလုပ်နေတဲ့ကိစ္စ လွှတ်တော်ကိုလာ အစီရင်ခံဖို့ နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ကို သ၀ဏ်လွှာပေးပို့ထားပြီးဖြစ်သလို ၀န်ကြီးတစ်ပါး ဦးဆောင်တဲ့အဖွဲ့ကလည်း နယ်စပ်အထိသွားပြီး စစ်ဆေးတာတွေ လုပ်နေ ပါပြီ။ ကျောက်စိမ်းမြေမှာ ဘာပြဿနာတွေ ဖြစ်နေသလဲ၊ ရှေ့ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ခွာညို။ ။ အခုကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်က ဒေသခံတိုင်းရင်းသားတွေနဲ့ ပြည်သူအများ ဝေဖန်နေကြတာကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရခဲ့တယ်၊ သိပ်မကြာခင် NLD အစိုးရအဖွဲ့ တက်လာတော့မယ်၊ အဲလိုတက်လာတဲ့အခါ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ခွင့်ကိစ္စတွေ မသေချာ မရေရာ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် လက်ရှိအစိုးရက ခွင့်ပြုထားတဲ့ကာလမှာ ရသလောက် များများနဲ့မြန်မြန် ထုတ်ယူထားနိုင်အောင် သဘာဝ ပတ်ဝန်းကျင်အပါအ၀င် အခြား ဘယ်လို ထိခိုက်ပျက်စီးမှုကိုမှ ဂရုမစိုက်နိုင်ဘဲ အသည်းအသန် အကြီးအကျယ် ထုတ်ယူနေကြတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

စွပ်စွဲမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ဖို့ ဖြစ်လာရတာတစ်ခုက တရုတ်-မြန်မာ နယ်စပ် ကမ်ပိုင်တီဂိတ်ဘက်ကနေ အကြီးစား မြေသယ် ယာဉ်ကြီးတွေ၊ စက်ယန္တယားတွေ အများအပြား ၀င်ရောက်လာတဲ့ ကိစ္စပါ။ ဒီ မြေသယ်ယာဉ်အကြီးစားတွေကို မြန်မာနိုင်ငံထဲမှာ အသုံးပြုဖို့ တရားဝင်ခွင့်ပြုချက်နဲ့ အခွန်ဆောင်ပြီး တင်သွင်းလာတာတွေလား၊ ဒါမှမဟုတ် ကချင်ပြည်နယ်အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း နားလည်မှုယူပြီး တရားမ၀င် ခိုးသွင်းလာတာတွေလား ဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။ နောက်ပိုင်း ဝေဖန်စွပ်စွဲမှုတွေကြောင့် အစိုးရဘက် ကပြောဆိုတဲ့ ဖြေရှင်းချက်တွေကို ကြည့်ရင်ပဲ ဖားကန့်ဘက်မှာ ကျောက်စိမ်းတူးဖော်နေကြတဲ့ အခြေအနေဟာ အလွန်စိုးရိမ်စရာကောင်းနေ တယ် ဆိုတာကို သိလိုက်ကြရပါတယ်။

Myanmar Jade Rush
Myanmar Jade Rush

ဦးစည်သူအောင်မြင့်။ ။ အရင် စစ်အစိုးရဟာ ၂၀၀၁ ခုနှစ်မှာ ကျောက်စိမ်း အကြီးအကျယ်ထွက်တဲ့ လုံးခင်း၊ ဖားကန့်နယ်မြေကို ရတနာ နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အကျယ်အ၀န်း ဧရိယာ စုစုပေါင်း တစ်သန်းရှစ်သိန်းနီးပါး ကျယ်ပါတယ်။ ၁၉၉၅ ခုနှစ်အထိ ကျောက်စိမ်း တူးတာကို အစိုးရကပဲ လုပ်ပါတယ်။ ၁၉၉၅ အရောက်မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ခွင့်ပေးပါတယ်။ ဒီလို ခွင့်ပြုလိုက်တာဟာ ၁၉၉၀ ခုနှစ်ကစ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အခွင့်အရေးပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အဲဒီအချိန်ကစ KIA ၊ ၀၊ ကိုးကန့် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံဟာ အလံပေါင်းစုံ လွှင့်ထူးထားတဲ့ ကားတွေနဲ့ ဖားကန့်ကို သွားပြီး ကျောက်စိမ်းတူးဖော်တာ၊ ကုန်ကူးတာ လုပ်ခဲ့ကြပါတယ်။

၂၀၀၀ ခုနှစ်ရောက်တော့ အစိုးရနဲ့လုပ်ငန်းရှင် ဖက်စပ်သဘော ကျောက်တူးတာကို ခွင့်ပြုခဲ့ပြီး အဲဒီအချိန်ကစ ထိပ်တန်း စစ်ဗိုလ်ချုပ် မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေရော၊ ခရိုနီကုမ္ပဏီတွေပါ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းထဲ အလုံးအရင်းနဲ့ ၀င်ရောက် လုပ်ကိုင်ခဲ့ ပါတယ်။ ကျောက်စိမ်း တူးဖော်ရာကနေရတဲ့ငွေ၊ အခွန်ငွေတွေဟာ စစ်အာဏာရှင် မိသားစုအသိုင်းအ၀ိုင်းနဲ့ ခရိုနီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေဆီ စီးဝင်သွားသလို ငွေကြေးအမြောက်အများကတော့ ပြည်တွင်းစစ် အသုံးစရိတ်ထဲ ရောက်သွားပါတယ်။

ခွာညို။ ။ တကယ့်တကယ် အကျိုးအမြတ် အများဆုံးရသွားတာကတော့ နယ်စပ် ယူနန်ပြည်နယ်က တရုတ်ကုမ္ပဏီတွေနဲ့ တရုတ် သူဌေးတွေပဲ ဖြစ်ပါတယ်။ တရုတ်နယ်စပ်က ထိန်ချုံး၊ ရွှေလီ၊ မန်စီ၊ ယင်ကျန်းနဲ့ မြို့တစ်ချို့ဟာ ကျောက်စိမ်းမြို့တော်တွေအဖြစ် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်သွားခဲ့သလောက် ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်ကတော့ ဆင်းရဲမွဲတေ ကျန်ရစ်နေခဲ့ပါတယ်။ ကချင်တိုင်းရင်းသားတွေလည်း ကျောက်စိမ်းကြောင့် ချမ်းသာဖို့ နေနေသာသာ ပြည်တွင်းစစ်နွံထဲနစ်ရင်း အများစုဟာ မူးယစ်ဆေးဝါး သားကောင်ဘ၀ကိုတောင် ကျရောက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့သစ်တက်လာပြီး နောက်ပိုင်း KIA တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကြောင့် ဖားကန့်မှာ ကျောက်မျက် တူးဖော်တာကို ၂၀၁၂ ခုနှစ် မေလမှာ ပိတ်ပင်ခဲ့ပါတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က အဓိက ရည်ရွယ်တာဟာ ကျောက်စိမ်းလုပ်ငန်းကနေ KIA ဟာ အခွန်အကောက်တွေ အများကြီးရပြီး လက်နက်တွေဝယ်၊ ပြည်တွင်းစစ်ကို ရှည်ကြာအောင် တိုက်နေနိုင်တယ်လို့ ယူဆပြီး ဘဏ္ဍာငွေ ရရာလမ်းကြောင်းကို ပိတ်ဆို့လိုပုံရပါတယ်။ ဒါပေမယ့် အဲလို ကြာကြာ တောင့်ခံမထားနိုင်ပါဘူး။ အစိုးရဘက်ကနေ ကျောက်စိမ်း တူးဖော်တာ ပြန်ခွင့်ပြုပေးဖို့ ခရိုနီတွေ၊ ကျောက်မျက်ကုမ္ပဏီပိုင် စစ်ဗိုလ်ချုပ်ဟောင်း မိသားစုဝင်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေက အစဉ်တစ်စိုက် တောင်းဆိုမှုတွေ ရှိသလို KIA ဘက်ကိုလည်း တရုတ်ကုန်သည်တွေရဲ့ တိုက်တွန်းမှု အမြဲတစေ ရှိနေခဲ့တာဖြစ်ပါတယ်။ အားလုံးက စွပ်စွဲမယ် ဆိုလည်း စွပ်စွဲချင်စရာပါပဲ။ ကျောက်စိမ်းတူးဖို့အတွက် အရင်က အနက် ပေ ၂၀၀ နဲ့ ၃၀၀ ကြားမှာပဲခွင့်ပြုခဲ့ပေမယ့် ၂၀၁၄ စက်တင်ဘာထဲက ကျောက်စိမ်းတူးတာကို ပြန်ခွင့်ပြုတဲ့အခါ အနက် ပေ ၅၀၀ ကနေ ၁,၀၀၀ အထိ ခွင့်ပြုပေးလိုက်ပါတယ်။ လက်ရှိ ကုမ္ပဏီ ၈၅၀ လောက်ကို လုပ်ကွက် ၈၀၀၀ နီးပါး၊ ဧရိယာ ဧကပေါင်း ၂၃,၀၀၀ လောက်မှာ တူးဖော်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

စည်သူအောင်မြင့်။ ။ တကယ်တော့ ဖားကန့်မှာ ကျောက်စိမ်းတူးဖော် ထုတ်လုပ်၊ သယ်ဆောင်တယ် ဆိုတာ အစိုးရ၊ တပ်မတော်၊ KIA၊ နယ်ခြားစောင့်တပ် အားလုံး ခွင့်ပြုမှ လုပ်လို့ ရနိုင်တာမျိုးပါ။ အခု လက်ရှိ အစိုးရရဲ့ ခွင့်ပြုချက်ပေးပုံ၊ ထုတ်လုပ်နေပုံမျိုးဟာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ ဘာမှ ဂရုမစိုက်ဘဲ အငမ်းမရ ထုတ်လုပ်နေကြတာ အလွန်ပေါ်လွင်ပါတယ်။ ဒီအတွက် ကျောက်စိမ်းတူးဖော်မှု တွေကို ခေတ္တရပ်ဆိုင်းစေပြီး လုပ်ငန်းကြီးတစ်ခုလုံးကို ပြန်လည် သုံးသပ်၊ ပြင်ဆင် အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

XS
SM
MD
LG