စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကင်းဗြားကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ကင်းဗြားကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာလောက် စစ်ဘေးရှောင်နေရပါတယ်။ ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း မီးရှို့ခံရတယ်လို့ဒေသခံ တွေကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်ပြောပြမှာပါ။
ရွှေဘိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ မင်းကုန်းရွာက စစ်တပ်အထိုင်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး ကင်းဗြားကျေးရွာကို ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၃ နာရီဝန်းကျင်လောက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဝင်ခဲ့တာပါ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတာ ဖြစ်သလို ကင်းဗြားကျေးရွာအတွင်းက နေအိမ် ၇ လုံးနဲ့ မူလတန်းကျောင်းကို မီးရှို့ခဲ့တဲ့အကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ဒုတာဝန်ခံ ဗိုလ်မိကျောင်းက ခုလိုပြောပါတယ်။
“မြို့တွင်းက ထွက်လာတဲ့ စစ်ကြောင်းဗျ။ စကစနဲ့ ပျူတွေပေါင်းထားတဲ့ စစ်ကြောင်း။ လက်နက်ကြီးနဲ့ ပစ်ပြီးဝင်တာဗျ။ လက်နက်ကြီးပစ်တဲ့အချိန်မှာ ကင်းဗြားရွာကို ၃ လုံးလောက်ကျပြီးတော့ တောစပ်ထဲကိုတော့ ၄၊ ၅ လုံးလောက်ကျတယ်ဗျ။ ချီပါ ကျေးရွာမှာလည်း ၄၊ ၅ လုံးလောက်ကျတယ်။ ကင်းဗြားက ဒါနဲ့ဆို ၃ ကြိမ်ရှိပြီလေ၊ မီးရှို့ခံရတာ ၃ ကြိမ်ရှိပြီ။ စစ်ကြောင်းကလဲ ၃ကြိမ်မကဘူး။ ၁၉ ရက်နေ့ကနဲ့ ပေါင်းရင် ၃ကြိမ်ရှိပြီ မီးရှို့ဖျက်ဆီးခံ၇တာပေါ့နော်။ ပြည်သူအိမ် ၇ လုံးနဲ့ ကျေးရွာ စာသင်ကျောင်းနဲ့ ဆိုတော့ ၈ လုံးပေါ့ဗျာ။”
စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်မှာရှိတဲ့ အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်အဆက်မပြတ် ကျေးရွာတွေဖက်ကို ပစ်ခတ်နေတဲ့အတွက် အိုးဘို၊ ကင်းဗြား၊ ချီပါ ကျေးရွာတွေက စစ်ဘေးရှောင်တွေကို ကျေးရွာတွေထဲ ပြန်မဝင်ဖို့ စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ ဒေသခံကာကွယ် ရေးအဖွဲ့တွေက သတိပေးထားတယ်ဆိုပြီး ဗိုလ်မိကျောင်းက ပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်မှာတင် စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
“ရွှေဘိုမြို့ တောင်မုဒ်ကနေမှ အဲ့မှာ အထိုင်စခန်းရှိတယ်၊ အထိုင်စခန်းကနေမှ နေ့စဉ်နီးနီးပဲ ပစ်နေတာပေါ့နော်။ အဲ့ဒါကြောင့်မို့ ကျေးရွာကို သူတို့တွေ ပြန်မကပ်နိုင်သေးဘူး။ တော်လှန်ရေး အင်အားစုကလဲ အဝင်မခံသေးဘူးလေ ဘာဖြစ်လို့လဲဆိုတော့ အချိန်မရွေး လက်နက်ကြီး ပစ်ခတ်ပြီးတော့ ထိနိုင်တဲ့ အနေအထားတခုရှိတော့ ကနေ့ကိုက ၆ လုံးပစ်တာလေ။”
မင်းကုန်းပျူရွာနဲ့ အနီးဆုံးဖြစ်တဲ့ အိုးဘိုကျေးရွာ၊ စစ်ကြောင်းထိုးခံရတဲ့ ကင်းဗြားရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ချီပါတောင်ရွာနဲ့ မြောက်ရွာတွေက ဒေသခံတွေ ထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်တွေကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရှောင်ကူညီပေးရေး အဖွဲ့အစည်းတွေက လိုအပ်တာတွေကို ကူညီပေးနေတယ်လို့ ဗိုလ်မိကျောင်းက ပြောပါတယ်။
“တချို့ကျတော့ ကြိုရှောင်တာပေါ့၊ တချို့ကျတော့လည်းလက်နက်ကြီးသံကြားမှ ဝရုန်းသုန်းကားနဲ့ ပြေးလာတဲ့ စစ်ဘေးရှောင်တွေလည်း ရှိတယ်လေ။ ဒါပေမယ့် ဘေးကင်းပါတယ်၊ ခုလောလောဆယ်ကတော့ ပြည်သူတွေအားလုံး။ (စစ်ရှောင်တွေက) ဒီဖက်မှာက ပြန့်နေကြတော့ အတိအကျတော့ မသိနိုင်ဘူးဗျ။ အနည်းဆုံး ချီပါနဲ့ ကင်းဗြားပေါင်းရင်တောင် ၈၀၀ လောက်တော့ ရှိမယ်။ စစ်ဘေးရှောင်တွေကိုကတော့ မြို့နယ်ရဲ့ လူသားစာနာတို့၊ ဒီကျေးရွာရဲ့ ပရဟိတအဖွဲ့တွေတို့ ရှိတယ်လေ၊ အဲ့ဒါနဲ့ မြို့နယ် ပ.အ.ဖ ရယ်၊ ပ.အ.ဖ အဖွဲ့ဝင်တွေအားလုံး ပ.လ.ဖတွေရော ကျေးရွာတာဝန်ခံတွေ အားလုံး ပူးပေါင်း ဆောင်ရွက်နေပါတယ်။”
ကင်းဗြားကျေးရွာဟာ ၂၀၂၃ ခုနှစ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၉၀ ဝန်းကျင် ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကိုင်းတိုင်း ဒေသအတော်များများက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီကတော့ ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဒီလို နယ်မြေရှင်းလင်းတဲ့ ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။
Forum