သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတိဂုံ လုံခြုံရေး တင်းကျပ်


ရွှေတိဂုံဘုရားပေါ်က မိုင်းသတိပေး စာတမ်းတခု (ဧပြီလ ၂၀၊ ၂၀၁၁)
ရွှေတိဂုံဘုရားပေါ်က မိုင်းသတိပေး စာတမ်းတခု (ဧပြီလ ၂၀၊ ၂၀၁၁)

ရန်ကုန်မြို့က ရွှေတိဂုံဘုရားအပေါ်မှာ မိုင်းသတိရှိပါ ဆိုတဲ့ စာတွေကို နေရာအတော်များများမှာ ကပ်ထားပြီး အာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေက ဘုရားဖူးလာသူတွေကို မိုင်းရှာတဲ့သူတွေရဲ့ ဝင်ပေါက်တွေကနေ ဝင်ခိုင်းနေသလို စစ်ဆေးမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်နေတာကြောင့် ဘုရားဖူးတွေ စိတ် အနှောက်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းထားတဲ့ မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ အပါအဝင် နယ်မြို့တွေက လာရောက် ဖူးမျှော်လေ့ရှိတဲ့ မြန်မာပြည်က ထင်ရှားတဲ့ ရွှေတိဂုံစေတီတော်ကြီးမှာ မိုင်းသတိပေးရေး စာတမ်းတွေ ကပ်ထားပြီး ဒီရက်ပိုင်းအတွင်း မိုင်းရှာဖွေရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ ဘုရားဖူးလာသူတွေက ပြောပြပါတယ်။

“ကျနော်က အရှေ့ဘက်မုဂ်ကနေ တက်သွားတာလေ။ အလယ်ပစ္စယံမှာ စပြီးတော့ မိုင်းရှာဖွေတဲ့ဝင်ပေါက်ကို သွားတွေ့တယ်။ အဲဒီမှာ လုံခြုံရေးတွေလည်း ရှိတယ်။ အဲဒီကနေဝင်သွားချိန်မှာ အိတ်တွေဘာတွေကို ရှာတာ ပေါ့။ မိုင်းအသိ၊ မိုင်းသတိရှိပါ ဆိုတာတွေလည်း ကပ်ထားတာတွေ့တယ်။ ဘုရားပေါ်မှာတော့ ၈နေရာ လောက်ရှိတယ်။ ဘုရားထောင့်တွေမှာ စာကပ်ထားတာတွေ တွေ့တယ်။ လုံခြုံရေးတချို့လည်း အဲဒီမှာ ချထားတယ်လေ။ အရန်မီးသတ်တွေလည်း ပါတယ်။”

ဘုရားဖူးလာသူတွေဟာ စစ်ဆေးမေးမြန်းမှု၊ ရှာဖွေမှုတွေကြောင့် စိတ်အနှောက်အယှက်တွေ ဖြစ်ရတယ် လို့လည်း ဆိုပါတယ်။

“စိတ်အနှောက်အယှက်တော့ ဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဘုရားလာတာက ဘုရားရှိခိုးဖို့၊ ဘုရားမှာ ကောင်းမှုကုသိုလ်လုပ်ဖို့ လာတာပဲဗျာ။ အဲဒီမှာ ဒီလူတွေကို ရှာတာဖွေတာ ဆိုတဲ့အခါကျတော့ ကိုယ်သွားတဲ့နေရာနဲ့ သူတို့ရဲ့ ဆက်ဆံပုံနဲ့က တခြားစီ ဖြစ်သွားတယ်လေ။ တခြား လူစည်ကားတဲ့နေရာတွေဆို ထားပေါ့ဗျာ။ ဘုရားပေါ်မှာတော့ ဒါကြီးက မသင့်လျော်ဘူးပေါ့။ စိတ်အနှောက်အယှက်လည်း ဖြစ်တာပေါ့။ ဘယ်လိုလူတွေမှလဲ ဒီလိုမျိုး လာလုပ်ကြမှာမဟုတ်ဘူးလေ။ ဘုရားပေါ်ရောက်ပြီးမှ မိုင်းအသိ၊ မိုင်းသတိရှိပါဆိုတာနဲ့ လုံခြုံရေးတွေလည်း ရှိနေတော့ ဘုရားရှိခိုးချင် စိတ် တောင် သိပ်မရှိတော့ဘူး။ အဲဒါနဲ့ပဲ လှည့်ပြီးတော့ ထပြန်လာလိုက်တယ်။ စိတ်အနှောက်အယှက်ဖြစ်စရာ တော်တော် ကောင်းပါတယ်။ နောက်တခုက ဘာရေးထားလဲဆိုတော့ လုံခြုံရေးအရ တာဝန်အရ ရှာဖွေတာကို ကြည်ဖြူစွာလက်ခံပါ ဆိုတာကို ရေးထားတာဆိုတော့ အသိပဲပေးသလိုလို၊ သတိပဲပေးသလိုလို ဖြစ်တာပေါ့ဗျာ။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလအတွင်းလူ ၁၀ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာ ရရှိ ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း ဒီနှစ်မှာ သင်္ကြန် ရေကစားမဏ္ဍပ်တွေမှာ ဗုံးရှာကိရိယာ တပ်ဆင်တာ၊ စီစီတီဗွီကင်မရာတွေ တပ်ဆင်တာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ အင်းစိန်မြို့နယ်ထဲမှာ ရခိုင်အမျိုးသားတဦးထံကနေ ဗုံးေပေါက်ကွဲမှု ဖြစ်ပြီးနောက် လူ ၈ဦး ဒဏ်ရာရရှိသွားပါတယ်။ အဲဒီနောက် ရခိုင်လူမျိုးတွေကို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဧပြီလ ၃ရက် နေ့ကပဲ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ထဲမှာ လက်လုပ် ချိန်ကိုက်ဗုံး တလုံးကို တာဝန်ရှိသူတွေ က ဖယ်ရှားနိုင်ခဲ့ကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ပုဇွန်တောင် ဈေးမှာ အထုပ်တထုပ် တွေ့တယ်ဆိုပြီး ဗုံးလန့်ပြီး လမ်းတွေပိတ် စစ်ဆေးတာတွေလည်း လုပ်ခဲ့ပါတယ်။

ပေါက်ကွဲမူတွေဖြစ်တိုင်း အတိုက်အခံ ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေကို အာဏာပိုင်တွေက စွပ်စွဲလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ထဲမှာမှာ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းမှာတော့ ဗုံးပေါက်ကွဲမှုတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပေါက်ကွဲမှုတွေဟာ မကြာခဏ ဖြစ်လေ့ရှိပြီး ရန်ကုန်မြို့ထဲမှာပဲ ပေါက်ကွဲမူတွေဟာ ဒီနှစ်ဆန်း ပိုင်းတွေမှာ ဖြစ်ခဲ့တာကြောင့် အထူးတင်းကျပ် စစ်ဆေးမှုတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။ ကားဂိတ်တိုင်းမှာ ဗုံးရှာဖွေရေးတွေကို လုပ်လာရုံသာမက အခုအခါမှာ ဘုရားပေါ်ပါမကျန် ဗုံးရှာဖွေမှုတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG