သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပိုက်လိုင်းစီမံချက် နှောင့်နှေးဖွယ်ရှိ


ဓာတ်ပုံ - CNPC Website
ဓာတ်ပုံ - CNPC Website
မြန်မာအစိုးရက ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်အစိုးရကို တင်ပို့ရောင်းချမယ့် အစီအစဉ်အတွက် နှောင့်နှေးမှု မဖြစ်စေချင်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် မြန်မာအစိုးရက နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ တရုတ်နိုင်ငံကို ရွှေဂတ်စ် ပိုက်လိုင်းကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချမယ့် အစီအစဉ်ဟာ ပိုက်လိုင်းတလျှောက်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား လတ်တလောဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် နှောင့်နှေးကြန့်ကြာနိုင်တယ်လို့ အစိုးရစွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားချက်အပေါ်မှာ အခုလို တုံ့ပြန်လိုက်တာပါ။ ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်သလဲဆိုတာက လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ်မှာ မူတည်တယ်လို့လည်း ဆိုကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတဲ့ နယ်မြေထဲမှာ ဖြတ်ပြီး ဖောက်လုပ်နေတဲ့ ရွှေဂတ်စ် ပိုက်လိုင်းတလျှောက်မှာ အစိုးရက နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် မကြိုးစားဘဲ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာမို့ တိုက်ပွဲတွေ အခုထိ ဖြစ်ပွားနေတာ တွေ့ရတယ်လို့ တရုတ်-မြန်မာ နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခအရေး စောင့်ကြည့်နေတဲ့ ကချင်တိုင်းရင်းသား ကိုနော်ဒင်း က ပြောပါတယ်။

“အဲ့ဒီနေရာမှာ အဓိက လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ရှိတယ်။ တစ်ခုကတော့ KIO/KIA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ နောက်ပြီးတော့ တအောင်းလွတ်မြောက်ရေးတပ်ဖွဲ့ပေါ့နော်။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေကို ကြည့်လို့ရှိရင်တော့ သူတို့ကတော့ ဒီရွှေဂတ်စ်စီမံကိန်းကို ကန့်ကွက်တဲ့ဟာ မရှိဘူး။ သို့သော်လည်းပဲ နိုင်ငံရေးဖြေရှင်းမှု မရှိတဲ့အချိန်မှာ သူတို့နယ်မြေကို ဖြတ်ပြီးမှ ရွှေဂတ်စ်ပိုက်လိုင်းကို လုပ်တယ်။ အဲ့ဒီမှာ အစိုးရတပ်ဖွဲ့ဘက်က နယ်မြေ ရှင်းလင်းရေးဆိုပြီးတော့မှ အင်အားတွေ အများကြီးချထားတယ်။ အဲ့ဒါကြောင့် တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြေရှင်းမှု မရှိလို့ရှိရင်တော့ အဲ့ဒီဒေသမှာ ဒီရွှေဂတ်စ်ပိုက်လိုင်းကို ကောင်းကောင်းမွန်မွန်နဲ့ လုပ်နိုင်ဖို့ ခက်တုန်းပဲဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ တွေ့ရတယ်။”

စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးက ပိုက်လိုင်းတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေပေမဲ့ ဘယ်အချိန်မှာ စပြီး တင်ပို့နိုင်မယ်ဆိုတာ မသေချာသေးဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့သလို၊ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တင်ပို့ရောင်းချရန် အစီအစဉ်တွေ ကြန့်ကြာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ သေသေချာချာ မလုပ်နိုင်သေးတာမို့ ဒီပိုက်လိုင်းစီမံကိန်းအတွက် ဘယ်အတိုင်းအတာအထိ ကြန့်ကြာနိုင်တယ်ဆိုတာ ဒီဆွေးနွေးပွဲ ရလဒ်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း ထောက်ပြပါတယ်။

“အခု ပိုက်လိုင်းတလျှောက်လုံး အစိုးရတပ်ဖွဲ့တွေကို အဲ့ဒီဘက်မှာ သူတို့က နယ်မြေရှင်းလင်းရေး ဆိုပြီးတော့မှ ချထားတာရှိတယ်။ တချိန်တည်းမှာလည်းပဲ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေထဲကို အဲ့ဒီလိုမျိုး တပ်ဖွဲ့တွေ ဝင်လာတော့ တိုက်ပွဲတွေက တစ်လနီးပါးလောက် နေ့တိုင်းဆိုသလို ကြိုကြား ကြိုကြား တိုက်ပွဲတွေက ပုံမှန်ဖြစ်နေတာ တွေ့ရတယ်။ တဘက်မှာကတော့ အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေကတော့ အဆင်သင့်အနေအထား ရှိနေပြီ။ ဒီနှစ်မှာ သူတို့က ပြီးမယ်ဆိုပြီးတော့မှ သူတို့ စီမံကိန်းရှိတယ်။ သို့သော်လည်းပဲ အခု အဲ့ဒီမှာဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ရွှေဂတ်စ်ပိုက်လိုင်းက သူတို့စီမံထားတဲ့အတိုင်း ပြီးဖို့ဆိုတဲ့အပိုင်းမှာ နှောင့်နှေးနေတဲ့ အပိုင်းတွေရှိနေတယ်။ ဘယ်လောက်အထိ ပိုပြီးမှ နှောင့်နှေးမလဲဆိုတဲ့ဟာ အဲ့ဒါကတော့ အခု ဒီ KIO နဲ့ အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်ပေါ်မှာလည်း အရေးပါမယ်ဆိုတော့ အခု ဆွေးနွေးပွဲ တကယ်လို့ မအောင်မြင်လို့ရှိရင်တော့ တိုက်ပွဲတွေက ပိုပြီးမှ ကြီးမားနိုင်တယ်။ တကယ်လို့ တိုက်ပွဲက ကြီးမားလို့ရှိရင်တော့ စီမံကိန်းတွေ ပိုပြီးမှ နှောင့်နှေးသွားနိုင်တဲ့ အခြေအနေ ရောက်လာမယ်။”

ဒီပိုက်လိုင်းဟာ မြန်မာနိုင်ငံထဲမှာ လက်စမသတ်နိုင်သေးသလို၊ အန္တရာယ်ကြီးတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့နိုင်လောက်အောင် ပိုက်လိုင်းတွေဟာ အရည်အသွေး စံနှုန်း မပြည့်မှီဘူးလို့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ သဘာဝပတ်ဝန်းကျင် လေ့လာသူ ကိုဝင်းအောင် က ပြောပါတယ်။

“မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ကျောက်ဖြူကနေပြီးတော့ မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ဖြတ်သန်းသွားမယ့် ဒီပိုက်လိုင်းဟာ ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ တချို့နေရာတွေမှာ ပိုက်လိုင်းဆက်မယ့်နေရာတွေက လိုနေသေးတာတွေ ရှိသလို၊ ပိုက်လိုင်းဖြတ်မယ့် လမ်းကြောတလျှောက်မှာ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးတဲ့ စက်ရုံတွေ၊ ရေနံ ပြန်ပြီးတော့ သန့်စင်တဲ့စက်ရုံတွေ၊ အဲ့လိုမျိုး စခန်းတချို့ဟာတွေ မဆက်သေးတဲ့ဟာတွေ တွေ့ရတယ်။ နောက်တစ်ခုက ပိုက်လိုင်းရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လပိုင်းက ဆိုရင်လည်း ရှမ်းပြည်ဘက်မှာ ပိုက်လိုင်းရဲ့ ဖိအားကို ရေထိပြီးတော့ ဆင်းတဲ့အခါ ယိုစိမ့်ပြီးတော့ တခြားစိုးရိမ်စရာတွေကို လေ့လာတွေ့ရှိရပါတယ်။”

ပြည်တွင်းမှာတင်မကဘဲ တရုတ်နိုင်ငံထဲ ဖြတ်သွားမယ့် ဒီပိုက်လိုင်း စီမံကိန်းအတွက် တရုတ်ဒေသခံတွေကပါ ကန့်ကွက်ကြတာမျိုးတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

“တရုတ်နိုင်ငံ ယူလီမှာရှိတဲ့ ဒေသခံတွေဆိုရင်လည်း ကျောက်ဖြူကလာတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံစီမံကိန်းတွေ တည်ဆောက်တဲ့နေရာတွေမှာ တချို့ဓာတုစက်ရုံတွေကိုပါ တရုတ်အာဏာပိုင်တွေအနေနဲ့ တည်ဆောက်တာကို စိုးရိမ်မကင်းဖြစ်တဲ့ဟာတွေကြောင့်လည်း သိပ်မကြာခင်ကပဲ တရုတ်ဒေသခံတွေ ထောင်နဲ့ချီပြီးတော့ ဆန္ဒပြတာတွေ စီမံကိန်းကို ကန့်ကွက်တာမျိုးတွေလည်း တရုတ်ကုမ္ပဏီက ကြုံနေရတာကို တွေ့ရတာပေါ့နော်။”

သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် ဒီနှစ် မေလကုန်ထဲမှာ စတင်ပြီး ထုတ်လုပ်မှာဖြစ်သလို ရေနံပိုက်လိုင်းကိုတော့ စက်တင်ဘာလထဲမှာ စတင်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ တရုတ်ကုမ္ပဏီက တရားဝင် ပြောကြားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG