သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကျောင်းပြင်ဆင်ဖို့ အမေရိကန် ကူညီမည်


မန္တလေး
မန္တလေး
မန္တလေးမြို့က ရတနာပုံခေတ်လက်ရာ ရှေးဟောင်းရွှေကျောင်းကြီးကို အမေရိကန်နဲ့ မြန်မာပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းဖို့ ပြင်ဆင်နေပြီး ဒီပြုပြင်ဆောင်ရွက်တာကို အမေရိကန်ဒေါ်လာ ၅သိန်း မြန်မာကျပ်ငွေ သိန်း၅ထောင်လောက်သုံးစွဲမှာဖြစ်ကြောင်းနဲ့ ၂နှစ်အတွင်း အပြီးလုပ်ဆောင်မှာဖြစ်ကြောင်းယဉ်ကျေးမှုဌာန ဒုဝန်ကြီးနဲ့ အမေရိကန် သံအမတ်တို့က ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကုန်ကျစရိတ်ငွေကိုတော့ အမေရိကန်သံရုံးက ကျခံမယ်လို့ ပြောဆိုကြောင်း ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ စာနယ်ဇင်းသမားတဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မန္တလေးမြို့အောင်မြေသာစံမြို့နယ်က ရွှေကျောင်းကြီးလို့ လူသိများ တဲ့ ရွှေနန်းတော်ကျောင်းကို ပြုပြင်ထိန်းသိန်းဖို့အတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဒယ်ရစ်မစ်ချယ်၊ ယဉ်ကျေးမှုဗိမာန်ညွှန်ကြားရေးမှုး ချုပ်နဲ့ မြန်မာမှုအနုပညာရှင်တွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကတာဝန်ရှိသူတို့ဟာ မန္တလေးမြို့က အမျိုးသားကဇာတ်ရုံမှာ မနက် ၉နာရီအချိန်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ အပြီးမှာ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ အမေရိကန်သံအမတ်တို့ဟာ ရွှေကျောင်းကြီးကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ရွှေကျောင်းကြီးရောက်စဉ်မှာပဲ သတင်းထောက်တွေကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်မယ်လုပ်ငန်းအခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ ဒီရှင်းလင်းပွဲကိုတက်ရောက်ခဲ့တဲ့ မော်ဒန်သတင်းဂျာနယ်က ကိုစန်းယုက အခုလို ပြောပါတယ်။

“အဓိကကတော့ နှစ်နှစ်အတွင်း ဒေါ်လာငါးသိန်းအကုန်အကျခံပြီးတော့ ပြုပြင်ထိန်းသိမ်းမယ်လို့ပြောတယ်ခင်ဗျ။ နှစ်နှစ်အတွင်းပါပဲ။ ၂၀၁၅အထိပေါ့။ အစိုးရရဲ့ Fund မဟုတ်ဘူး။ သံရုံး Fund ရှိတယ်ပေါ့။ သံရုံး Fund နဲ့ပြင်မယ်။ ကြည့်ရတာ နည်းပညာအကူအညီပေးမယ်ထင်ပါတယ်။ ကြည့်ရတာ။ ပြီးတော့ မြန်မာပညာရှင်တွေကလည်း တမ္မဝတီဦးဝင်းမောင်တို့၊ မြန်မာအနုပညာရှင် ဦးအေးမြင့်တို့လည်းပါတယ်။ မြန်မာပညာရှင်တွေရော၊ အမေရိကန်ပညာရှင်တွေရော ပေါင်းပြီးတော့ လုပ်မယ့်သဘောပါ။ သူတို့ပြောတဲ့ပုံစံက။”

မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က မန္တလေးမြို့မှာ ရတနာပုံခေတ် လက်ရာ သစ်သား အဆောက်အဦ အဖြစ် ရွှေနန်းတော်ကျောင်းရယ်၊ သင်္ဂၤဇာကျောင်းရယ်၊ ရွှေအင်ပင်ကျောင်းရယ် ၃ကျောင်းကျန်ရှိပြီး ရွှေနန်းတော်ကျောင်းက ပြုပြင်သင့်တဲ့ကျောင်းဖြစ်တယ်လို့ ပြောပါတယ်။

“ရွှေနန်းတော်ကျောင်းက ရတနာပုံခေတ်လက်ကျန်၊ ဗိသုကာစစ်တမ်းစာအုပ် ထဲမှာ စံတစ်ခုဖြစ်ပါတယ် ခင်ဗျာ။ ရွှေနန်းတော်ကျောင်း ကတော့ stracture လည်းကောင်းတယ်။ အမွမ်းအမံလည်း တော်တော်ကျန်ပါ တယ်။ ရွှေနန်းတော်ကျောင်းက ပြုပြင်သင့်တဲ့ကျောင်းတခုပါ။
ရွှေကျောင်းကြီးကို ပြုပြင်မယ်ဆိုရင် ထိခိုက်နိုင်တဲ့အချက်တွေကိုတော့ တမ္ပဝတီဦးဝင်းမောင်က အခုလို ပြောပါတယ်။

“ တိုင်လုံးပျက်စီးသွားတဲ့အမွမ်းအမံတွေကိုပဲ ပြင်လို့ရှိရင် အတွင်းက အမာခံတွေ ခံနိုင်ရင် နှစ်ငါးဆယ် နှစ်တစ်ရာကြာတဲ့အထိ ခံမယ့် ကျောင်းကို နှစ်ငါးဆယ်၊ နှစ်တစ်ရာမတိုင်ခင် ပျက်စီးသွားနိုင်မလားဆိုတဲ့ စဉ်းစားပြီး အဲ့တာတွေကို ခိုင်မာအောင် တပ်မယ်ဆိုရင် ကောင်းမွန်တဲ့ စီမံချက်တခုဖြစ်တယ်ဆိုတာ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်ခင်ဗျ။”

ရွှေကျောင်းကြီးကို ပြုပြင်ရာမှာ ရှေးမူမပျက်ပြန်လည်ထိန်းသိမ်းနိုင်မလားဆိုတဲ့အမေးကိုတော့ ယဉ်ကျေးမှု ဒု ဝန်ကြီးက အမေရိကန်ပညာရှင်တွေနဲ့ အတူ မြန်မာပညာရှင်တွေပါ ပါဝင်မှာဖြစ်တဲ့အတွက် မပျက်ဆီးနိုင်ကြောင်းဖြေကြားပါတယ်။
ရွှေကျောင်းကြီးလို့ ခေါ်ဆိုတဲ့ ရွှေနန်းတော်ကျောင်းဟာ မန္တလေးမြို့ကို တည်ထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး နေထိုင်ခဲ့တဲ့ စံအိမ်ဖြစ်သလို အဲဒီစံအိမ်မှာပဲ နန်းရွာစံခဲ့တာဖြစ်ပါတယ်။ မင်းတုံးမင်း နန်းရွာစံပြီးတဲ့နောက် သီပေါမင်းက ဒီစံအိမ်ကို လက်ရှိနေရာကိုပြောင်းရွှေ့ပြီး ဘုန်းကြီးကျောင်း အဖြစ် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG